သတင်း

ရွှေကူမြို့က ထွေအုပ်ရုံးနှင့်စည်ပင်ရုံးဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ဝန်ထမ်းနှစ်ဦးထိခိုက်ဒဏ်ရာရရှိ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့ပေါ်က စစ်ကောင်စီလက်အောက် ထွေအုပ်ရုံးနှင့်စည်ပင်ရုံး ဒရုန်းနဲ့ တိုက်ခိုက်ခံလိုက်ရတာကြောင့် ဝန်ထမ်းနှစ်ဦးထိခိုက်တဲ့အပြင် ရုံးအဆောက်အဉီးလည်းပျက်ဆီးသွားတယ်လို့ ရွှေကူမြို့နေ ဒေသခံတွေဆီကနေ သိရပါတယ်။

ရွှေကူမြို့အမှတ် ၄ ရပ်ကွက်မှာရှိတဲ့ မြို့နယ် ထွေအုပ်ရုံးနဲ့ မြို့နယ်စည်ပင်ရုံးကို ဒီနေ့မနက် ၁၁ နာရီခွဲ အချိန်မှာ ရွှေကူ PDF က ဒရုန်းနဲ့ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် ထွေအုပ်ရုံးက ဝန်ထမ်း နှစ်ဦးထိခိုက်ပြီး ရုံးရဲ့အမိုးတွေပျက်စီးသွားတယ်လို့ ရွှေကူမြို့နေအမျိုးသားတစ်ဦးက KNG ကိုအခုလိုပြောပါတယ်။

“လောလောဆယ်တော့ ဆေးရုံရောက်ကုန်ကြပြီ ထွေအုပ်ရုံးက ၂ ယောက်ဒဏ်ရာရတယ်။ စည်ပင်ရုံးကတော့ လူထိမထိမသိရသေးဘူး။ ဗုံးက ရှေ့ဆင့်နောက်ဆင့်ပဲပေါက်ကွဲတာ”လို့ အထက်ပါအမျိုးသားကပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကအမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးလို့သိရပြီးစည်ပင်ရုံးတိုက်ခိုက်ခံရမှုမှာတော့ လူထိခိုက်တာရှိမရှိအတည်ပြုနေဆဲ ဖြစ်ပါတယ်။

ထွေအုပ်ရုံးကို မနက် ၁၁ နာရီခွဲတိတိက ဗုံးနှစ်ချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထွေအုပ်ရုံးတိုက်ခိုက်ခံရပြီးနောက် ၁၅ မိနစ်အကြာမှာပဲ စည်ပင်ရုံးကို နောက်ထပ်ဗုံးသီးတစ်လုံးချပြီးတိုက်ခိုက်ခဲ့တာလို့ ရွှေကူPDF ကနေသိရပါတယ်။

ဒီနေ့က ဇူလိုင် ၁၉ ရက်နေ့ အာဇာနည်ရုံးပိတ်ရက်လည်းဖြစ်တာကြောင့် ရွှေကူမြို့ပေါ်က စစ်ကောင်စီလက်အောက် ခံရုံးတွေကိုအသိပေးတဲ့အနေနဲ့တိုက်ခိုက်ခဲ့တာလို့ ရွှေကူကာကွယ်ရေးတပ်ဖွဲ့ထဲက တာဝန်ရှိသူတစ်ဦးက KNG ကိုအခုလိုပြောပါတယ်။

“စည်ပင်နဲ့ထွေအုပ်ကရုံးတက်နေတဲ့သူတွေ ကိုသတိပေးတဲ့သဘောပါဘာလို့လဲဆိုတော့ ဒီနေ့ကရုံးပိတ်ရက်ဝန်ထမ်းတွေမရှိတဲ့ချိန်ဆိုပြီး ချတာပါ။ရုံးရဲ့အမိုးတွေပွင့်သွားတယ် ချတဲ့လူလည်းစကေးကောင်းတယ်ဗျ”လို့ သူကပြောပါတယ်။

photo- ရွှေကူမြို့ရဲ့ မြို့တွင်းတစ်နရာ
photo- ရွှေကူမြို့ရဲ့ မြို့တွင်းတစ်နရာ

ဇူလိုင် ၁၁ ရက်နေ့ ည ၃ နာရီအချိန်ကလည်း ရွှေကူမြို့ရဲစခန်းကို ရွှေကူPDF တပ်ရင်း ၅ က ဗုံး ၂ လုံးပစ်ချ တိုက်ခိုက်ခဲ့တာကြောင့် ရဲ ၃ဦး ပွဲ ချင်းပြီးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိသွားတာဖြစ်ပါတယ်။

အဲ့ဒီရဲစခန်းဟာ ဇူလိုင် ၉ ရက်နေ့ကလည်း တစ်ကြိမ်တိုက်ခိုက်ခံခဲ့ရပြီး ၂၀၂၂ ခုနှစ်တုန်းကလည်း မကြာခန တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

By; WL

Show More

Related Articles

Back to top button