သတင်း

ဒင်ဂါနှင့် နောင်ဝမ့် စစ်ရှောင်များကို တစ်ရက်အတွင်း ပစ္စည်းအပြီး သိမ်းယူရန် စစ်ကောင်စီပြော

တိုက်ပွဲဖြစ်ပွားမှုကြောင့် ဗန်းမော်ခရိုင် ဒေါ့ဖုန်းယန်မြို့ပေါ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် ဒင်ဂါနှင့် နောင်ဝမ့် ကျေးရွာ ၂ ခုမှ စစ်ရှောင်ဒေသခံများကို တစ်ရက်အတွင်း ၎င်းတို့၏ ပစ္စည်းများ အပြီးသယ်ယူကြရန် စစ်ကောင်စီပြောဆိုထားသည်ဟု သိရသည်။

ဒေါ့ဖုန်းယန်မြို့အထက် ၃ မိုင်ခန့်အကွာမှာရှိတဲ့ ဒင်ဂါနှင့် နောင်ဝမ့် စစ်ရှောင်ပြည်သူများသည် စစ်ကောင်စီက ရွာထဲမှာ ရှိနေသည့် အိမ်မွေး တိရဆ္တန်များ၊ အိမ်တွင်းပစ္စည်းများ နှင့် စပါးများကို အပြီးသိမ်းယူကြရန် ပြောဆိုထားသည့်အတွက် သွားရောက်သိမ်းယူနေကြကြောင်း ဒေါ့ဖုန်းယန်ဒေသခံတစ်ဦးက KNG ကိုအခုလိုပြောသည်။

ဒင်ဂါရွာသားတွေက ရွာထဲမှာ သူတို့ချန်ထားခဲ့တဲ့ ပစ္စည်းတွေကို သွားယူဖို့ ခွင့်တောင်းပြီး ဒီကနေ့ အပြီး သယ်ယူဖို့မှာထားတယ်။ သူတို့ပြောတာက ဒီကနေ့ပဲ ခွင့်ပေးတယ်လို့ကြားတယ်။ အဲ့ကြောင့် ပစ္စည်းသွားသယ်ကြတယ်ဟုပြောသည်။

ဒင်ဂါနှင့် နောင်ဝမ် ကျေးရွာပြည်သူများသည် ဇူလိုင်လ ၁၇ ရက်နေ့မှစပြီး ဒင်ဂါကျေးရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်သာမက စစ်ကောင်စီတပ်ချထားသည့် ဟန်းဂိုင်ဘွမ့်(Hang Gai Bum)မှ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်မှုများကြောင့် ဒေါ့ဖုန်းယန်မြို့ပေါ်ဘက် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် စစ်ရှောင်ပြည်သူများကို ပစ္စည်းများသွားသိမ်းယူပြီးနောက် ကျေးရွာဘက်ကို သွားခွင့်ပေးတော့ မဟုတ်ကြောင်းကိုလည်း ပြောဆိုထားသည်ဟု ဒေါ့ဖုန်းယန်ဒေသခံက ပြောဆိုသည်။

အဆိုပါ ကျေးရွာ ၂ ခုသည်  လက်ရှိ ဒေါ့ဖုန်းယန်မြို့ပေါ်ရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းနေများတွင် တိမ်းရှောင်နေရပြီး စစ်ရှောင်အကူအညီများလည်း လိုအပ်နေကြောင်းသိရပါသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့တွင် နမ်ဆန်ယန်ဘက်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို KIA တပ်ဖွဲ့က ဒင်ဂါကျေးရွာအနီးတဝိုက် တောလမ်းတစ်နေရာတွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည့်အတွက် တိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒင်ဂါကျေးရွာ ဒေသခံများအားလုံး ဒေါ့ဖုန်းယန်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ထိုနည်းတူ ရွာချင်းဆက်ရှိသည့် နောင်ဝမ်ကျေးရွာပြည်သူများလည်း ကျေးရွာထက်ဝက်ခန့် ထွက်ပြေးတိမ်းရှောင်းခဲ့ရကြောင်း ဆက်သိရသည်။

Show More

Related Articles

Back to top button