တိုက်ပွဲသတင်း

ရှဒူးဇွပ်ဒေသမှာ တိုက်ပွဲထပ်မံဖြစ်လာမှာကို စိုးရိမ်တဲ့ ဒေသခံများ ကြိုတင်တိမ်းရှောင်နေဆဲ

တနိုင်းလီဒိုလမ်း ဝါရာဇွပ်တိုက်နယ် ရှဒူးဇွပ်ကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပြည်သူ့စစ်တပ်ဖွဲ့ကြား တိုက်ပွဲထပ်မံဖြစ်ပွားလာမှာကို စိုးရိမ်းနေတဲ့အတွက် ကျေးရွာနေပြည်သူများတစ်ချို့က ကျေးရွာအတွင်းကနေ ကြိုတင် ရွှေ့ပြောင်းတိမ်းရှောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တာ ၂ ပတ်လောက်ကြာမြင့်သွားပြီ ဖြစ်ပေမယ့် KIA နဲ့ ပြည်သူ့စစ် နှစ်ဖက်တပ် စောင့်ကြည့်နေတဲ့ အခြေအနေမှာ ရှိနေသေးတာဖြစ်တဲ့အတွက် ဒေသခံပြည်သူ အိမ်ထောင်စု ၃၀ ဝန်းကျင်လောက်က မြို့ပေါ်နေရာဘက် ရွှေ့ပြောင်းတိမ်းရှောင်နေကြတယ်လို့ ရှဒူးဇွပ်ဒေသခံတစ်ယောက KNG ကိုပြောပါတယ်။

“အခုတလော KIA က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ပြည်သူ့စစ်တပ်စခန်း အနီးတဝိုက်မှာရှိတဲ့ ပြည်သူတွေက ရွှေ့ပြောင်းတာ အများဆုံးဖြစ်တယ်။ နောက်လည်းပြန်ဖြစ်လာမယ်လို့ကြောက်လို့ထင်တယ်။ မြို့ပေါ်နေရာကိုသွားကြတယ်။ အိမ်ငှားတွေက မြို့မှာအိမ်တွေရှိကြတယ် အဲ့ကြောင့် အဲ့ဒီကို ပြန်သွားကြတယ်။ တစ်ချို့က အိမ်စောင့်တွေထားပြီး ခဏပြန်ကြတဲ့သဘောဟုတ်တယ်”လို့ပြောပါတယ်။

ရွှေ့ပြောင်းတိမ်းရှောင်ကြတဲ့ ဒေသခံတွေဟာ ရှဒူးဇွပ်ကျေးရွာအဝင် မိုးကောင်းချောင်းတံတားထိပ် စစ်တပ်နေရာလည်းဖြစ်၊ ယခင် နှောင်းရိုးစားသောက်ဆိုင်နေရာမှာ တပ်ချထားတဲ့ ပြည်သူ့စစ်နေရာရဲ့ ကားလမ်းမအနီးတဝိုက်မှာရှိကြတဲ့ နေအိမ်တွေ အများဆုံးဖြစ်တယ်လို့ပြောပါတယ်။

အဲဒီတပ်နေရာကို ဇူလိုင် ၈ ရက်နေ့ KIA က စစ်အင်အားအလုံးရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ၂ ဖက်တပ် အပြန်အလှန်ပစ်ခတ်မှုမှာ တပ်အနီးတဝိုက်ရမှာရှိတဲ့ နေအိမ်တစ်ချို့လက်နက်ကြီးကျရောက်ပေါက်ကွဲမှု များရှိခဲ့ ပါတယ်။

ဒါ့အပြင် အဲ့ဒီတပ်စခန်းဟာ KIA ဝင်ရောက်ပစ်ခတ်တဲ့အတွက် တပ်ထဲကအဆောက်အဦးတစ်ချို့ ပျက်စီးတာတွေ ရှိခဲ့ပေမယ့် လက်ရှိမှာတော့ တပ်စခန်းပြန်လည်ပြုဆောင်လုပ်ထားပြီး သွားလာတဲ့ပြည်သူများကို စစ်ဆေးမှုတင်းကြပ်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

အခုလို KIA ကနေ ပြည်သူ့စစ်တပ်နေရာတွေကို ဝင်ရောက်တိုက်ခိုက်တာတွေ လုပ်ဆောင်နေတာကြောင့် သေဆုံးမှုတွေရှိခဲ့ပြီး ပြည်သူ့စစ်ဘက်နေ တပ်နေရာတွေကို အခိုင်အမာလုပ်ဆောင်ပြီးတော့ ပိုမိုတင်းကြပ်တာတွေ လုပ်ဆောင်လာနိုင်တယ်လို့ ရှဒူးဇွပ်ဒေသခံက ဆက်ပြောပါတယ်။

“သူတို့ကိုကြည့်ရင် အများကြီးတင်းကြပ်လာနိုင်ခြေရှိတယ်။ ဒီတစ်ခေါက် KIA ဝင်ရောက်တိုက်ခိုက်အခါ ပျက်စီးသွားတဲ့နေရာတွေတောင် အခုပြီပြီးတော့ ပြုပြင်တာတွေပြန်လုပ်ထားပြီ။ အဲ့ကြောင့် သူတို့ဘက်နေ ကြောက်သွားတာမျိုးမဟုတ်ပဲ ဆက်လက်တင်းကြပ်ဖို့ပဲရှိပါတယ်”လို့ပြောပါတယ်။

မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့ဟာ KIA ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်တစ်ရက်မှာ ရွာအတွင်း KIA တပ်ဖွဲ့ဝင်ရောက်လာတာကို သတင်းပေးမှု၊ မဟုတ်မမှန် သတင်းပေး ပြောဆိုမှုများရှိတယ်ဆိုပြီး ဒေသခံပြည်သူများကို ဖမ်းဆီးရိုက်နက် စစ်ဆေးမှုများလုပ်ဆောင်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

အဲဒီထဲမှာ ရှဒူးဇွပ်ဒေသခံ ၄ ယောက်ကို KIA ကို ဆက်သွယ်မှုနဲ့ မဟုတ်မမှန် သတင်းပေးပြောဆိုမှု စတဲ့အချက်နဲ့ ဖမ်ဆီးခဲ့ပြီး ဖမ်းဆီးထားတဲ့ ၅ ရက်လောက်အကြာမှာ ရှဒူးဇွပ်ကျေးရွာမှ ရွာလူကြီးတစ်ချို့ကို ခေါ်ယူပြီး သတင်းဌာနကို သတင်းမပေးဖို့နဲ့ KIA မဆက်သွယ်ဖို့ ကတိဝန်ခံပြောဆိုခိုင်းပြီး ၄ ယောက်ကို ပြန်လည်လွတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရှဒူးဇွပ်ကျေးရွာမှာ မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့က ဖုန်းပြောဆိုတဲ့ ပြည်သူတွေကိုလည်း မသင်္ကာမှုနဲ့ စစ်ဆေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့အတွက် ဖုန်းပြောဆိုမှုကို လွတ်လွတ်လပ်လပ် ပြောဆိုခွင့်ဖို့ ခက်ခဲနေတယ်လို့လည်း သတင်းအရင်းအမြစ်တွေကပြောပါတယ်။

ရှဒူးဇွပ်ဒေသမှာ KIA နဲ့ ပြည်သူ့စစ်တပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားတဲ့ ၂ ပတ်လောက်ကြာမြင့်လာပြီဖြစ်ပေမယ့် ဒေသခံပြည်သူတွေကတော့ ကျေးရွာထဲသွားလာလှုပ်ရှားမှုနည်းပါးနေဆဲဖြစ်ပြီး ရွာအတွင်းရှိတဲ့ ရွှေဆိုင်၊ ဖုန်းဆိုင် နဲ့ ကုန်စုံဆိုင်တစ်ချို့က လက်ရှိအချိန်အထိ ပိတ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။

Show More

Related Articles

Back to top button