သတင်းသတင်းဆောင်းပါး

စုန်ချောင်းရွာက လူသတ်ပွဲ

“အကိုရေကျနော်တို့ နာရေးကိစ္စတွေလုပ်နေလို့ အလုပ်ရှုပ်နေလို့ပါ အခုက နောက်ထပ်အလောင်းတွေထပ်တွေ့နေလို့ပါ”  လို့ပြောပြီး ကဗျာကယာနဲ့ ဖုန်းချသွားသူက ယင်းမာပင်နယ် စုန်းချောင်းရွာက ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးပါ။

အာရုံတက်ချိန် မနက်၂နာရီလောက်ရှိနေပေမဲ့ မအိပ်နိုင်သေးတဲ့ စုန်းချောင်းရွာထဲက အသက်၂၀ကျော်အရွယ် လူငယ်တစ်စုဟာ ရွာထဲကမွေးနေ့အလှူကလာပို့တဲ့ မုန့်ဟင်းခါးသောက်ရင်း ကင်းယူနေကြတာပါ။

ပုံမှန်ဆို ဒီအချိန် ရွာထဲကင်းပတ်လေ့ရှိပေမဲ့ မိုးဖွဲကျနေလို့ ရွာမြောက်ဘက်က တစ်နေရာမှာအထိုင်ကင်းယူရင်း ရွာရဲ့အသံကိုနားစွင့်ရင်းနေခဲ့ကြတယ်လို့ ဆိုလာသူက စုန်းချောင်းရွာလူသတ်ပွဲမှာလွတ်မြောက်လာတဲ့ အသက်၂၃နှစ်အရွယ် ကိုသက်တန့်ဆိုသူပါ။

ကင်းယူရင်း မုန့်ဟင်းခါးစားပြီး စကားစမြည်ပြောနေချိန်မှာပဲ ကိုသက်တန့်ဆီ ရွာတောင်ဘက်ကဖုန်းတစ်လုံးဝင်လာ ပါတော့တယ်။

 “ရွာတောင်ပိုင်းမှာ လက်နက်ကိုင်တစ်ချို့က အိမ်တစ်အိမ်ကိုဝင်စီးနေတယ် ဓါတ်ဗူးကွဲသံတွေလည်းကြားရတယ် လာကြည့်ကြအုံး” လို့ ဆိုပြီး ကင်းစောင့်နေတဲ့ကိုသက်တန့်တို့ဆီကို ဒေသခံတစ်ဦးက ဆက်လာတာပါ။

သတင်းရရချင်းပဲ ကိုသက်တန့်တို့ကင်းအဖွဲ့က သူတို့ရဲ့ ခေါင်းဆောင်နေအိမ်ဘက်ကိုသွားချိန်မှာဘဲ အမှောင်ထုထဲနေ လက်နက် ကြီး ၄၀ မမအပါအဝင် သေနတ်တွေနဲ့တရစပ်ပစ်ခတ်ခံလိုက်ရတဲ့အတွက်  ကိုသက်တန့်တစ်ယောက် ရွာထဲကိုစစ်တပ်ကဝင်စီးပြီဆိုတာကို သိလိုက်ရတာပါ။

ပစ်ခတ်ခံခဲ့ရချိန်မှာ ကိုသက်တန့်တို့အဖွဲ့ထဲက သူငယ်ချင်း ရဲဘော် ၄ ယောက်လဲကျကျန်နေခဲ့ပြီးကိုသက်တန့် နဲ့အတူ ၃ ယောက်က ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။

လွတ်မြောက်လာပြီးနောက်မှ စစ်ကောင်စီတပ်တွေက အင်အား၁၀၀ လောက်နဲ့ စုန်းချောင်းရွာကို၁နာရီလောက်ကြိုပြီးဝင်စီးနှင့်ပြီးသားဆိုတာ နဲ့ သူ့သူငယ်ချင်းရဲဘော်တွေအသတ်ခံလိုက်ရပြီဆိုတာသတင်းရလိုက်တယ် လို့ ကိုသက်တန့်က ဆိုပါတယ်။

 “ ကျနော်တို့ခေါင်းဆောင်အိမ်ဘက်ကို သေနတ်သွားမယူခင်တည်းက အထင်ကရပုဂ္ဂိုလ်ဆိုတဲ့ ကာကွယ်ရေးတပ်ခေါင်းဆောင်တွေရဲ့ နေအိမ်တွေကို သူတို့က အဖွဲ့၃ဖွဲ့ခွဲပြီး နေရာယူပြီးသားဖြစ်နေတာသူတို့ရောက်နေတာက ကျနော်တို့ သတင်းမရခင် ၁နာရီခွဲလောက်တည်းကကြိုရောက်နေတာ ”

သတ်ဖြတ်ခံထားရတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းထဲက အလောင်း ၃ခုကို မနက်ပိုင်းမှာတွေ့ခဲ့တဲ့အပြင် စစ်တပ်က နောက်ထပ်အရပ်သားပြည်သူတွေကိုလည်း ထပ်ပြီးဖမ်းဆီးခံသွားတာရှိတယ်လို့ သိလိုက်ရတဲ့အတွက်ဖမ်းဆီးခံသွားရသူထဲ အများစုက ဒေသခံတွေဖြစ်တဲ့အတွက် ပြန်လွှတ်လာလိမ့်မယ်လို့သာမျှော်လင့်ထားပေမယ့် စစ်တပ်ရဲ့ဝါဒဖြန့်ချန်နယ်မှာ ဖမ်းဆီးခံရသူတွေကို သတ်ဖြတ်ထားတဲ့ပုံတွေ တက်လာမှ သတ်ခံလိုက်ရတယ်ဆိုတာ သိလိုက်ရတယ်လို့ မီးသဂြိုလ်ပေးခဲ့တဲ့ ဒေသခံ အမျိုးသားတစ်ဦးကပြောပြပါတယ်။

“ဖမ်းသွားတာတော့ မနက်ပိုင်းတည်းကသိရတယ် ဖမ်းပြီးရင်ပြန်လွှတ်လာမယ်လို့ပဲထင်ခဲ့တာသတ်ထားခဲ့ တာကို သူတို့ရဲ့ဝါဒဖြန့်တဲ့တယ်လီဂရမ်ကနေ တင်မှသိခဲ့ရတာအဲ့တာနဲ့အလောင်းတွေပြန်ရှာတော့တာပါပဲ”

သတ်ခံရတဲ့ထဲမှာ ကင်းယူခဲ့ကြတဲ့ ကိုသက်တန့်သူငယ်ချင်း ၃ ဦးအပါအဝင် အသက် ၁၇နှစ်ကနေ၄၀နှစ် အရွယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၂ဦးအပါ၉ဦးသတ်ဖြတ်ခံခဲ့ရပြီးတော့ ကျန်တဲ့၈ဦးက အရပ်သားတွေလို့ စုန်းချောင်းရွာက ၅၆နှစ်အရွယ်အမျိုးသားတစ်ဦးက ပြောပါတယ်။

ရုပ်အလောင်းတွေကို ရွာထဲမှာသုံးလောက်တွေ့ခဲ့ပြီးတဲ့နောက် တစ်နေရာနဲ့တစ်နေရာခပ်လှမ်းလှမ်းရှိနေတဲ့ နှစ်ယောက်တစ်တွဲစီသတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေကိုမြင်ရက်စရာမရှိလောက်အောင် သတ်ဖြတ် ထားတယ်လို့ အသက် ၅၇ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက သူမြင်ခဲ့ရတဲ့မြင်ကွင်းကိုပြောပြပါတယ်။

“ခေါင်းကနေလည်း ဦးနှောက်တွေထွက်လိုထွက် အရေခွံတွေကွာလိုကွာဒီကောင်တွေသတ်ထားခဲ့တာက ကျနော်တို့စာတွေထဲ မြင်ခဲ့ရဖူးတဲ့ ဂျပန်ထက်ကိုဆိုးတယ်”

 နောက်ဆုံးရုပ်အလောင်းသုံးလောင်းကိုတော့ ဇူလိုင်လ၂၂ရက်နေ့ ရွာရဲ့၁မိုင်အကွာပုတိမ်-မုံရွာ လမ်းဆုံက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဂိတ်အထိုင် စခန်းအနီးတွေ့ခဲ့ရတယ်လို့သူဆက်ပြောပါတယ်။

ဒီဖြစ်ရပ်ဟာ ယင်းမာပင်အရှေ့ခြမ်းက ရွာတွေထဲ ကြားဘူးကြုံဘူးသမျှထဲဒီဖြစ်ရပ်ကအဆိုးဆုံးဖြစ်ပြီး သတ်ဖြတ်ခံရတဲ့ရုပ်အလောင်းတွေ မြင်ယောင်တိုင်းနာကျည်းစိတ်ကြောင့်အိပ်မရဘူးလို့ အသက်၃၀နှစ် အရွယ် အမျိုးသမီးတစ်ဦးကပြောပါတယ်။

“တစ်ရွာလုံးလူကိုမရှိကြတော့ဘူး ပြန်လည်းမကပ်ရဲသေးဘူး သူတို့ရဲ့အလောင်းတွေကိုမြင်ယောင်တိုင်း တစ်ရက် မှ လည်းကောင်းကောင်းအိပ်မပျော်ဘူး ကြောက်လို့တော့မဟုတ်ဘူးနာကျည်းလွန်းလို့ပါ”

ကင်းအပြည့်ယူထာတဲ့ရွာထဲ စစ်ကောင်စီတပ်ဖွဲ့တွေအခုလို အင်အားအပြည့်နဲ့ ဘယ်လိုပုံစံဘယ်လိုဝင်ရောက်လာကြလဲဆိုတာကိုဒေသခံနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအခုထိမသိကြသေးပါဘူး။

စစ်ကောင်စီတပ်က ရွာရဲ့မြောက်ဘက်၊တောင်ဘက်နဲ့အနောက်ဘက်တွေကနေ ရွာကိုသုံးဖွဲ့ခွဲပြီးအသံတိတ် ဝင်စီးခဲ့ကြတာဖြစ်ပါတယ်။

“ကျမတို့က မနက်လင်းလင်းချင်းမှသိတာ သိသိချင်းမှာပဲ ကျမရင်ထဲ ပြောမပြနိုင်လောက်အောင်ကိုဝမ်းနည်းကြေကွဲခဲ့ရတယ် ကျမတူအရင်းတွေ လည်းပါတယ်တစ်ရွာထဲသားအားလုံးကမိတ်ဆွေတွေပါ”လို့စစ်ကောင်စီသတ်ဖြတ်မူထဲပါသွားတဲ့ရဲဘော်တစ်ဦးရဲ့အဒေါ်ြဖစ်သူကငိုကြွေးရင်းပြန်ပြောပြပါတယ်။

နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးကလည်း“ အကိုကတော့ မနက်လင်းလင်းချင်း ပြေးရပြီ ‌ပြေးတဲ့အချိန်မှာပဲသုံးယောက်အသတ်ခံရပြီဆိုတာသိရတာ အဲ့မှာ သူတို့ကထပ်ရှာနေတာသိရတာနဲ့ကိုယ့်မိသားစုကိုယ်ခေါ်ပြီး ပြေးရတော့တာပဲ”

တစ်နေ့တည်း ရုပ်အလောင်း၁၄လောက်ကို မြင်ခဲ့ရတဲ့ အသက်၆၀ခန့်အရွယ်အမျိုးသားတစ်ဦးကထိတ်လန့် သွားမယ့်အစား“ လုံးဝ ဒီကောင်တွေအပေါ် မကြေဘူး ကြောက်စိတ်ကတော့ လုံးဝကိုမရှိဘူး ကျနော်တို့လက်ထဲလက်နက် ရှိရင်တော့ ပြန်တွယ်ချင်တာပဲသိတယ်” မာန်ပါပါ အသံမာမာနဲ့ ပြောပါတယ်။

စုန်းချောင်းရွာဝင်စီးခံရတာ ဘာ့ကြောင့်လဲ?

စုန်းချောင်းရွာကတော့ ကာကွယ်ရေးတပ်စခန်းမဟုတ်ပေမဲ့လို့ ကာကွယ် ရေးတပ်ဖွဲ့ဝင်တွေအားကောင်းတဲ့ ရွာဖြစ်ပါတယ်။

“စခန်းစီးနင်းခံရတာလည်းမဟုတ်ပါဘူး ရွာထဲကိုလာပြီး နာမည်အတိအကျနဲ့ လိပ်စာအတိအကျ နဲ့ရွာထဲကို ဝင်လာပြီး သတ်ဖြတ်သွားတာပါ ဒလန်ကြောင့်ဆိုတာသေချာတယ်” လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ဓာတ်ပုံ-ဇူလိုင်၂၂ရက်နေ့မှာ စုန်းချောင်းရွာက သတ်ဖြတ်ခံရသူတွေကို မီးသဂြိုဟ်နေပုံ
ဓာတ်ပုံ-ဇူလိုင်၂၂ရက်နေ့မှာ စုန်းချောင်းရွာက သတ်ဖြတ်ခံရသူတွေကို မီးသဂြိုဟ်နေပုံ

နောက်ထပ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း “ သတင်းအတိအကျနဲ့ဝင်စီးခဲ့တဲ့ပုံစံပါ ဒလန်သတင်းပေးပေါ့ဘာလို့ဆိုသူတို့ကတိတ်တဆိတ်ဝင်လာတယ် မိုးကလည်းရွာတယ် ရွာထဲမှာကင်းသမားတွေ၊ကာကွယ်ရေးအဖွဲ့တွေလည်းရှိတယ် ဒီကင်းတွေကိုဖြတ်ပြီးတိတ်တဆိတ်ကိုဝင်စီးသွားတာ“  လို့ပြောပါတယ်။

တိတ်တဆိတ်ဝင်ရောက်စီးနင်းခဲ့တဲ့ စစ်ကောင်စီအဖွဲ့တွေဟာ ဘယ်ကလာမှန်းမသိသလိုဘယ်တပ်ရင်း ဘယ်တပ်မက လာတယ်ဆိုတာကို မသိရပေမဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ကတော့ မုံရွာအနောက်မြောက် တိုင်းစစ်ဌာနချုပ်က ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“သူတို့လာတာသေချာတာကတော့ ရေကြောင်းကမဟုတ်ဘူး ရွာနားကတောလမ်းတွေမှာခြေယာတွေလည်း တွေ့ထားပါတယ် နမခနဲ့ ကျနော်တို့ဆီလာရင် ကုန်းကြောင်းနဲ့ဆိုမိနစ် ၂၀လောက်ပဲ” လို့ ကိုသက်တန့်က ပြောပါတယ်။

ချင်းတွင်းမြစ်ဘေးက စုန်းချောင်းရွာကို စစ်ကောင်စီတပ်တွေက အောင်ဇေယျတပ်ကုန်းကစစ်ကောင်စီအဖွဲ့ တွေနဲ့ပူးပေါင်းဝင်ရောက်ခဲ့တာလို့ဆိုပြီး အဲ့ဒီစစ်ကြောင်းကရွာကိုဝင်ပြီးနေ့ချင်းပဲ မုံရွာအနောက်မြောက်တိုင်း စစ်ဌာနချုပ်ကိုတက်သွားတယ်လို့ သိရပါတယ်။

လွတ်မြောက်လာသူကိုသက်တန့်ကတော့စုန်းချောင်းရွာစီးနင်းခံရမှုအပေါ်ပြည်သူတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ချို့ကကင်းပေါ့ဆမူကြောင့်ပဲ ဖြစ်တယ်လို့ သုံးသပ်ကြပေမဲ့ဒီအဖြစ်အပျက်ကို ဆန်းစစ်ကြည့်ရင်သတင်းပေးကြောင့်ဆိုတာ သေချာတယ်လို့အခိုင်အမာပြောပါတယ်။

အထက်အညာစစ်ကိုင်းဒေသမှာ အခုလို စခန်းတွေစီးနင်းခံရပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အစုလိုက်အပြုံ လိုက်သတ်ဖြတ်ခံခဲ့ရမူတွေခပ်စိပ်စိပ်ဆိုသလိုဖြစ်လာတာ ပြီးခဲ့တဲ့မေလကုန်ပိုင်းတည်းကပါ။

ပြီးခဲ့တဲ့ ဇွန်လ၂၅ရက်နေ့နဲ့၁၈ရက်နေ့တွေ မှာလည်း စစ်ကိုင်းကင်းတော်ရွာနဲ့ဝက်လက်သာလိုင်းကကာကွယ်ရေး တပ်စခန်းတွေကို စစ်ကောင်စီတပ်တွေ တိတ်တဆိတ် စီးနင်းခဲ့တဲ့အတွက် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄၀ကျော် သတ်ဖြတ်ခံခဲ့ရပြီး အဲ့ဒီထဲအမျိုးသမီး၂ဦးမုဒိမ်းကျင့်သတ်ဖြတ်ခံခဲ့ရပါတယ်။

ကာကွယ်ရေးတပ်စခန်းတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနေထိုင်တဲ့ ရွာဖြစ်တဲ့စုန်းချောင်းရွာကိုစီးနင်းမူ ဖြစ်စဥ်တွေဟာ မနက်အာရုဏ်တက်ချိန်၊လူတွေအိပ်မောကျတဲ့အချိန်တွေမှာပဲအင်အားအပြည့်ပြင်ဆင်ကာ သတင်းအတိအကျရလို့ စီးနင်းခဲ့တဲ့ဖြစ်စဥ်တွေဖြစ်ပြီးစီးနင်းခံရမူပုံစံတွေဟာ ဆင်တူတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

Show More

Related Articles

Back to top button