သတင်း

စစ်ကိုင်းမှာ လူသတ် မီးရှို့ နေတဲ့ ဗိုလ်မှူးချုပ် စိုးလှိုင် မပခ တိုင်းမှူးအဖြစ် ရာထူးတိုး ခန့်အပ်ခံရ

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အရာရှိများ ဖမ်းဆီးစစ်ဆေးခံရပြီးတဲ့နောက် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က  ဗိုလ်မှူးချုပ် စိုးလှိုင်ကို ဗိုလ်ချုပ် ရာထူးတိုးကာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ တိုင်းမှူးအဖြစ် ခန့်လိုက်တယ်လို့ တပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဇူလိုင်လ ၁၅ ရက်နေ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်ချုပ်ကိုကိုလွင် နဲ့ စစ်အရာရှိ ၆ ဦး ဖမ်းဆီးလိုက်ပြီးနောက် တစ်ပတ်ခန့်အကြာ ဇူလိုင်လ ၂၁ ရက်နေ့မှာတော့ ဗိုလ်မှူးချုပ် စိုးလှိုင်ကို ဗိုလ်ချုပ်ရာထူးတိုးလိုက်ပြီး တိုင်းမှူးအဖြစ် ခန့်လိုက်တာဖြစ်တယ်လို့ တပ်နဲ့ နီးစပ်သူတစ်ဦးက အတည်ပြုပြောဆိုပါတယ်။

“မနေ့ကတည်းက တိုင်းမှူးက ရောက်လာပြီလို့ ကျနော်တို့သတင်းရထားတယ်။ ပြီးတော့ ခုချိန်ထိလည်း အထဲကိုဘယ်သူမှ ဝင်ခွင့်မပြုသေးဘူး”လို့ ပြောပါတယ်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်လာတဲ့ ဗိုလ်ချုပ် စိုးလှိုင်ဟာ အာဏာမသိမ်းခင်တုန်းက ဗန်းမော် အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၊ မိုးကောင်း အမှတ် (၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တို့မှာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကနေ စတင်ဖြစ်ပွားလာတဲ့ ကချင်ဒေသတစ်ကျော့ပြန် တိုက်ပွဲကာလမှာလည်း လဂျားယန်တိုက်ပွဲမှာ ပါဝင်ခဲ့ဖူးသူဖြစ်တဲ့အတွက် ကချင်ပြည်နယ်အခြေနေကို အကျွမ်းဝင်ရှိသူဖြစ်တယ်လို့ သိရပါတယ်။

ပြောင်းရွှေ့ခံလိုက်ရတဲ့ မပခ တိုင်းမှူးဟောင်း ဗိုလ်ချုပ်ကိုကိုမောင် ကတော့ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ တစ်နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သူပါ။ သူဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ဖားကန့်မြို့နယ် အနမ့်ပါ ဗုံးကြဲတိုက်ခိုက်မှုမှာ အဓိကအမိန့်ပေးခဲ့သူ ဖြစ်ပါတယ်။

ဗိုလ်ချုပ် စိုးလှိုင် မပခ တိုင်းမှူးအဖြစ် ခန့်အပ်ခံရတဲ့ မနေ့ကပဲ စစ်ကောင်စီတပ်ဟာ KIO ဌာနချုပ်နယ်မြေ နမ်ဆန်ယန်ကျေးရွာကို တိုက်လေယာဉ် ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဗိုလ်ချုပ်စိုးလှိုင်ဟာ မပခ တိုင်းမှူးအဖြစ် ရာထူးမတိုးခင်အထိ စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ကာကွယ်ရေးတပ်များကို နှိမ်နှင်းသူ၊ အရပ်သားများကို အစုပြုံလိုက် သတ်ဖြတ်သူ၊ လူနေအိမ်များကို မီးရှို့သူ အဖြစ် ကျော်ကြားနေသူဖြစ်တဲ့အတွက် မပခ တိုင်းမှူးဖြစ်လာပြီးတဲ့နောက် ကချင်ပြည်နယ်မှာလည်း စစ်ကိုင်းတိုင်းက အခြေအနေမျိုး ဖြစ်လာနိုင်တယ်လို့ သုံးသပ်သူ တချို့လည်း ရှိနေပါတယ်။

KIO ဌာနချုပ်ဘက်ကို စစ်ကောင်စီတပ်တွေ အင်အားတိုးချဲ့နေချိန်မှာဘဲ တိုင်းမှူးအပြောင်းအလဲ ပြုလုပ်ခဲ့တဲ့ စစ်တပ်အခြေအနေနဲ့ ပတ်သက်ပြီး မြစ်ကြီးနားမှာရှိတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့သူတစ်ဦးက KNG ကို အခုလို သုံးသပ် ပြောဆိုပါတယ်။

“ဘာလို့လဲဆိုရင် စစ်တပ်က သူ့လူတွေကို သူမယုံတာကြောင့် ခနန အပြောင်းလဲလုပ်တာလည်း အားလုံးသိပြီးသား ဘဲလေ။ ခုအပြောင်းအရွှေ့ လုပ်တာကလည်း ကိုကိုမောင်က ဆီအစ်လာလို့ ပြောင်းလိုက်တယ်လို့မြင်တယ်။ ပြောချင်တာက ကချင်က သယံဇာတပေါ်တဲ့နေရာလေ ကြာလာတော့ တိုက်ပွဲဖော်ဆောင်တာမရှိ စီးပွားရေး မြင်လာကြတာကြောင့်ဖြစ်နိုင်တယ်။ ကျနော်က အဲလိုဘဲ သုံးသပ်ပါတယ်”လို့ ပြောပါတယ်။

ကချင်ပြည်နယ်မှာ အာဏာသိမ်းမှု မဖြစ်ခင် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ ဗိုလ်ချုပ်တေဇကျော်က ၂၀၂၁ ခုနှစ်ထိ မပခတိုင်းမှူး တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ ဗိုလ်ချုပ်မြတ်သက်ဦးက တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

Show More

Related Articles

Back to top button