တိုက်ပွဲသတင်း

စစ်ရေးတင်းမာနေတဲ့ မိုးစစ်ရွာနားတစ်ဝိုက်ဒေသခံများ အမြန်ဆုံးတိမ်းရှောင်ကြဖို့ မြို့လှ PDF သတိပေး

ရွှေကူမြို့နယ် ကျောက်ကြီးရွာကနေ ဆင်တပ်ရွာဘက်ကို စစ်ကြောင်းထိုးလာချိန် မိုင်းဆွဲခံလိုက်ရတဲ့ စစ်ကောင်စီတပ်က လက်ရှိမိုးစစ်ရွာထဲဝင်ရောက်နေပြီး ရွာသားတစ်ချို့ကို ဖမ်းဆီးထားတဲ့အပြင် မိုးစစ်ရွာအနီးတစ်ဝိုက်စစ်ကြောင်းထိုးဖို့ ထပ်ပြီးပြင်ဆင်နေတဲ့အတွက် ဒေသခံများ အမြန်ဆုံးရှောင်တိမ်းကြဖို့ မြို့လှကာကွယ်ရေးတပ်က အရေးပေါ်သတိပေးပြောဆိုလာပါတယ်။

“ခုချိန်ကျနော်တို့ဘက်က တစ်ချက်သွားပစ်ရင် ဖမ်းခံထားရတဲ့ပြည်သူတစ်ဦးကို သတ်ပြမယ်ဆိုတဲ့အနေထားဖြစ်နေတယ်။ ရွာသားတွေကို ဘုန်းကြီးကျောင်းရှေ့က ကွင်းပြင်မှာ မနေ့ညကတည်းက ဒူးထောက်ထိုင်ခိုင်းထားတယ်။ ပြီးတော့ ခုက သူတို့ မိုးစစ်အထက် ပေါက်ကုန်းဘက်ကို ထပ်ပြီးသွားဖို့ ပေါက်ကုန်းကအုပ်ချုပ်ရေးမှူးတွေကို တံခွန်မော်တော် ယာဉ်နဲ့လာကြိုခိုင်းထားတယ် အဲကြောင့် ပြည်သူတွေအမြန်ဆုံးရှောင်ကြပါလို့ ပြောချင်တယ်”လို့ ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ဇူလိုင်လ ၂၀ရက်နေ့ ကျောက်ကြီးရွာကနေ ဆင်တပ်ရွာကို စစ်ကြောင်းထိုးလာချိန် မြို့လှ PDF ကမိုင်းဆွဲတိုက်ခိုက်လိုက်တဲ့အတွက် ထိခိုက်သေဆုံးသူများပြီး  ဆင်တပ်ရွာမှာညအိပ်တပ်စွဲပြီးနောက် မိုင်းဆွဲခံရချိန် သေဆုံးသွားတဲ့ သူတို့တပ်ဖွဲ့ဝင်တွေကို ဆင်တပ်ရွာက နေအိမ်တစ်အိမ်ထဲထည့်ပြီး မီးရှို့ခဲ့တယ်လို့ ဆင်တပ်ရွာနဲ့နီးစပ်တဲ့ ရေလဲရွာက ဒေသခံအမျိုးသမီးက ပြောပါတယ်။

“ကျမတို့ရေလဲကတော့ ဖမ်းမိတာမရှိဘူး ကြိုရှောင်ထားတာ ဆင်တပ်ရွာကတော့ ဖမ်းသွားတယ်။ပြီးတော့ အဲစစ်သားတွေက သူတို့လူသေတွေကို ဆင်တပ်ကနေအိမ်တစ်အိမ်ထဲထည့်ပြီး မီးရှို့ခဲ့တာရှိတယ်လို့ သိရတယ်” လို့ပြောပါတယ်။

ဒါ့အပြင် အဲဒီစစ်ကြောင်းဟာ  ဆင်တပ်ရွာက ဒေသခံ ၂ဦးကို ဖမ်းဆီးပြီး မနေ့ကမိုးစစ်ရွာဘက်ကို ထပ်ပြီး စစ်ကြောင်းထိုးလာချိန်မှာလည်း ရေလဲရွာနားအရောက်လမ်းခုလတ်တစ်နေရာမှာ ထပ်ပြီးမိုင်းဆွဲခံလိုက်ရတဲ့တွက် ထိခိုက်သေဆုံးသူများခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ မိုးစစ်ရွာထဲရောက်နေတဲ့ စစ်ကောင်စီတပ်တွေ မိုင်းဆွဲတိုက်ခိုက်ခံရချိန် သေဆုံးသွားတဲ့ သူတို့ရဲ့တပ်ဖွဲ့ဝင်ရုပ်အလောင်းတွေကို မိုးစစ်ရွာဘုန်းကြီးကျောင်းရှေ့မှာ စုပုံထားတဲ့အပြင် ရွာသား ၁၅ ဦး မနေ့ညကနေ ဒီမနက်ထိ ဘုန်းကြီးကျောင်းရှေ့ဒူးထောက်ထိုင်ခိုင်းထားတယ်လို့ မြို့လှကာကွယ်ရေးတပ်က တာဝန်ရှိသူက ခုလိုပြောပါတယ်။

ဒါ့အပြင် မိုးစစ်ရွာထဲရောက်နေတဲ့ စစ်ကောင်စီတပ်တွေက ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ပတ်သက်တဲ့ ဒေသခံတွေရဲ့စာရင်းမှတ်ထားတဲ့ စာအုပ်လည်း ပါရှိပြီး အမည်စာရင်းစာအုပ်မှာပါတဲ့နေအိမ်တွေကို ဖမ်းထားရွာသားတွေကို ညွှန်ပြခိုင်းပြီး မီးလိုက်ရှို့နေကြောင်းလည်း ဆက်ပြောပါတယ်။

ဖမ်းဆီးသွားတဲ့ ဆင်တပ်ရွာဒေသခံ ၂ ဦးကို စစ်တပ်က မနေ့က မိုင်းဆွဲတိုက်ခိုက်ခံရချိန် ပစ်သတ်လိုက်တဲ့အပြင် မိုးစစ်ရွာကဖမ်းခံထားရတဲ့ပြည်သူ ၁၅ ဦးထဲက တစ်ဦးကိုလည်း ပစ်သတ်လိုက်ပြီလို့ သတင်းတွေထွက်ပေါ်နေပေမယ့် အသေးစိတ်မသိရသေးပါဘူး။

လက်ရှိ ရွှေကူ-ကသာတစ်လျှောက် စစ်ရေးလှုပ်ရှားနေတဲ့ စစ်တပ်က တပ်မ ၈၈အောက် ခလရ ၁၀ တပ်ရင်းမှူးကိုကိုနိုင်ဦးဆောင်တဲ့အဖွဲ့နဲ့ ခမရ ၄၁၅ တပ်ရင်းမှူး ထွန်းရန်နိုင်၊ ဒုတပ်ရင်းမှူး အောင်လင်းထွန်းအဖွဲ့ဖြစ်ပြီး အင်အား ၁၀၀ ဝန်းကျင်ရှိရာကနေ မြို့လှကာကွယ်ရေးတပ် မြို့လှ K-PDF တပ်ရင်းမှ တပ်ခွဲ ၁ ဗိုလ်မိုးကြိုး ဦးစီးကွပ်ကဲတဲ့ တပ်စုမှူး ဗိုလ်ဂဠုန်နှင့်တပ်စိတ်မှူး ကျားလေး တို့အဖွဲ့ရဲ့စောင့်ကြိုတိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်က အင်အား ၅၀ ဝန်းကျင်သာ ကျန်ရှိတော့ကြောင်းလည် မြို့လှ KPDF အဖွဲ့က ဆိုပါတယ်။

Show More

Related Articles

Back to top button