သတင်း

မူဆယ်မြို့ပေါ်  နေရာ ၅ခုမှာ ပစ်ခတ်မှုဖြစ်

ရှမ်းမြောက် မူဆယ်မြို့တွင်း နေရာ ၅ နေရာမှာ ပစ်ခတ်မှုဖြစ်ပြီး တစ်ပြိုင်နက် မြို့ပြင်မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မူဆယ်ဒေသခံတွေကပြောပါတယ်။

အဲဒီပစ်ခတ်မှုဟာ ည ၁၀ နာရီခွဲကနေ မနက် ၂ နာရီထိပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်တပ်က ပြည်သူ့စစ်တွေရှိတဲ့ဘက်ကို ဒရုန်းနဲ့လွတ်ပြီး အပြန်အလှန်ပစ်ခတ်တာတွေလည်း ရှိတယ်လို့ မူဆယ်ဒေသခံအမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။

“မနေ့ည တစ်ညလုံးတော့ ဆက်တိုက်အသံမြည်တာ တစ်နေရာမှာမြည်လိုက်၊ တစ်နေရာမှာ မြည်လိုက်နဲ့ တစ်ညလုံးပဲ။ ဘာလဲဆိုတာတော့ အတိအကျမသိဘူး။ ဒါပေမဲ့ကြည့်ရရင်တော့ စစ်တပ်ဘက်က လုံခြုံရေးတင်းကြပ်ချင်လို့ လုပ်နေတဲ့သဘောပဲ။ ဒရုန်းလွတ်တယ်၊ အဲ့ဒီဒရုန်းက ပြည်သူ့စစ်တွေရှိနေတဲ့ နေရာတစ်ဝိုက် လာပျံဝဲတော့ ပြည်သူ့စစ်တွေက ပြန်လိုက်ပစ်တာ အဲ့လိုဖြစ်နေကြတာ ဟုတ်တယ်”လို့ ပြောပါတယ်။

မြို့တွင်းပစ်ခတ်မှုဖြစ်ပွားချိန် တစ်ပြိုင်နက်ထဲမှာဘဲ မနေ့ည ၁၁ နာရီဝန်းကျင်မှာ မူဆယ်မှ ကွတ်ခိုင်အဆင်းဘက် နမ့်အွမ်ကျေးရွာတဝိုက်မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ TNLA တပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိကြောင်းလည်း ဆက်လက်သိရပါတယ်။

အဲဒီနောက် မူဆယ်မြို့ အနီး ၁၀၅ မိုင်က စစ်တပ်စခန်းကလည်း တိုက်ပွဲဖြစ်ပွားတဲ့ နမ့်အွမ်ရွာဘက်ကို လက်နက်ကြီးတွေနဲ့ပစ်ကူခဲ့တဲ့အတွက် နမ့်အွမ်ကျေးရွာက ဒေသခံပြည်သူနေအိမ် တစ်အိမ် ထိခိုက်ပျက်စီးသွားပြီး လူထိခိုက်မှုတော့မရှိကြောင်း ဒေသခံတွေကဆိုပါတယ်။

ဒါ့အပြင် ဇူလိုင် ၂၃ ရက်နေ့ညနေပိုင်း မူဆယ်-နမ့်ခမ်းကြားက စေလန်ရွာ၌ စစ်တပ်နဲ့ TNLA ကြား တိုက်ပွဲဖြစ်ပွားပြီးနောက် နှစ်ဖက် စစ်ရေးတင်မာနေခြင်းဖြစ်တယ်လို့ မူဆယ်ဒေသခံအမျိုးသားက ဆက်ပြောပါတယ်။

“ဟိုနေ့ညနေက စေလန်မှာ TNLA တွေဖြတ်လာစဉ် တိုက်ပွဲဖြစ်ပွားကြပြီး ပြည်သူ့စစ်ဘက်က ၂ ဦးသေတာဟုတ်တယ်။ ဆိုတော့ မနေ့ကတည်းက ပြည်သူ့စစ်တွေက ဒီလူတွေကို ပြန်လုပ်မယ် ဘာညာနဲ့ ပြောနေကြတာ။ ဆိုတော့ မနေ့ညက TNLA တွေများ ဝင်လာမလားဆိုပြီး သတိနဲ့စောင့်နေပုံရတယ်။ အဲ့ဒါ ဒရုန်းဘယ်သူလွတ်လဲမသိဘူး။ ဒါပေမဲ့ ဒီလိုညဆိုဒရုန်းလွတ်တာသူတို့ပဲလေ။ အဲ့တာကို ၅ နေရာလောက်က ပစ်ခတ်သံတွေကြားရတာပေါ့”လို့ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မူဆယ်မြို့တွင်း နေရာယူထိန်းချုပ်ချင်တာကြောင့် အခြေအနေဖြစ်ပြီး  မြို့တွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့များကို သတိပေးချူပ်ကိုင်ချင်လာနေတာကြောင့် ဖြစ်တယ်လို့လည်း ဒေသခံတွေကဆက် ပြောပါတယ်။

လက်ရှိ ရှမ်းမြောက်မှာ လားရှိုးဘက်မှ တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြား ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဘက်မှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ရေးတင်မာနေပြီး ကွတ်ခိုင်မှတစ်ဆင့် မူဆယ်-နမ့်ခမ်းဘက်သို့ စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်သားတွေကို TNLA ဘက်မှ ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိမှာ ရှမ်းမြောက်ဒေသ၊  လားရှိုး-ကွတ်ခိုင်-မူဆယ် လမ်းတလျှာက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၊ တအောင်းတပ်မတော် TNLA ၎င်းတို့ကြား စစ်ရေးအခြေအနေ တင်းမာနေခြင်းဖြစ်ပါတယ်။

Show More

Related Articles

Back to top button