စစ်ပြေးဒုက္ခသည်များသတင်း

စစ်ကိုင်းတိုင်းဟာ လူသားချင်းစာနာထောက်ပံ့မှုအကူညီ လုံးဝမရရှိသေးဘူးဟုဆို

မြန်မာနိုင်ငံမှာ လူသားစာနာအကူအညီအလိုအပ်ဆုံးနဲ့အခက်ခဲဆုံးဒေသထဲမှာ စစ်ကိုင်းတိုင်းကအကူညီလိုအပ်ဆုံးဒေသဖြစ်ပေမယ့် ကူညီထောက်ပံ့မှုလုံးဝမရရှိသေးဘူးလို့ ပြီးခဲ့တဲ့ ဇူလိုင်၂၀ရက်နေ့က နိုင်ငံတကာမြန်မာ့ သတင်းအဖွဲ့ BNIက အွန်လိုင်းကနေ မိတ်ဆက်လိုက်တဲ့ သုတေသနစာတမ်းအရ သိရပါတယ်။

အဲ့ဒီစာတမ်းထဲမှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ၂၀၂၃ ခုနှစ်မေလ ၁၆ ရက်နေ့အထိစစ်ကြောင့်အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ၁ဒဿမ ၅၆ သန်းကျော်ရှိပြီး အဲ့ဒီထဲမှာစစ်ကိုင်းတိုင်းက ခြောက်သိန်းခြောက်သောင်းကျော်နဲ့အများဆုံးဖြစ်တယ်လို့ BNI ရဲ့စာတမ်းမှာပါရှိပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူသားချင်းစာနာမူအကူအညီအလိုအပ်ဆုံးဒေသဟာစစ်ကိုင်းနဲ့မကွေးက အလိုအပ်ဆုံးဒေသဖြစ်တယ်လို့ နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့BNI ရဲ့စီမံခန့်ခွဲမူဒါရိုက်တာ ဒေါ်တင်တင်ညို က အဲ့ဒီစာတမ်းမိတ်ဆက်ပွဲမှာအခုလိုပြောခဲ့ပါတယ်။

“ဒီစာတမ်းမှာ ကျမတို့တွေ့ဆုံမေးထားတဲ့ သက်ဆိုင်ရာဒေသတွေက လူသားချင်း စာနာမူအကူညီပေးနေတဲ့ တစ်နိုင်ငံလုံးအတိုင်းအတာအရခြုံကြည့်လိုက်မယ်ဆိုရင်ဒီစစ်ကိုင်းနဲ့မကွေးက အဆိုးဆုံးနဲ့ အကူအညီ အလိုအပ်ဆုံးဒေသဆိုတာကျမတို့ တွေ့ရပါတယ်”လို့ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံတကာအစိုးရတွေကနေ လူသားချင်းစာနာမူအကူ အညီထောက်ပံ့ကူညီတာကို စစ်ကိုင်းတိုင်းကလုံးဝရရှိတာမရှိသေးဘူးလို့ အဲ့ဒီစာတမ်းမှာဖော်ပြထားပါတယ်။

နိုင်ငံတကာအစိုးရအကူညီကို စစ်ကောင်စီကနေတစ်ဆင့်ရရှိမူအပေါ် စစ်ကိုင်းတိုင်းကလေးမြို့နယ်က စစ်ဘေးရှောင်ကူညီနေသူ ကိုသူရိန်ဇင် ပြောတာက“ကျနော်တို့ဘက်မှာ တစ်ကြိမ်တစ်ခါမှမရဖူးဘူးဗျ စစ်ကောင်စီကလည်းဝင်ခွင့်မပေးထားဘူးဗျစစ်ကောင်စီက ကျနော်တို့ဘက်ကို အကြမ်းဖက်ကိုထောက်ခံအားပေးတဲ့ထိန်းချုပ်နယ်မြေအဖြစ်သတ်မှတ်ထားတာပါ ကာကွယ်ရေးတပ်တွေထိန်းချုပ်ထားတဲ့ကျေးရွာတိုင်းကို အကြမ်းဖက်သဘောမျိုးသတ်မှတ်ထားတဲ့အတွက်ရွာတွေမြို့နယ်တွေကို အကူညီဝင်ရောက်ဖို့လုံးဝခွင့်မပြုထားဘူး“လို့ပြောပါတယ်။

အခုလို အကူညီတကယ်လိုအပ်နေတဲ့ စစ်ဘေးရှောင်တွေများတဲ့ဒေသတွေကို နိုင်ငံတကာကကူညီထောက်ပံ့နေပေမဲ့ နိုင်ငံတကာရဲ့အကူအညီပေးရေးလုပ်ငန်းတွေဟာ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ဆောင်ရွက်ရတာဖြစ်တဲ့အတွက် တကယ်အကူညီတွေလို အပ်နေတဲ့ဒေသတွေကို အကူအညီမရောက်တာလို့ စာတမ်းမှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့အလယ်ပိုင်းဒေသတွေဖြစ်တဲ့ စစ်ကိုင်းနဲ့မကွေးဒေသဟာ စစ်ဘေးရှောင်အတွေ့အကြုံနဲ့စစ်ပွဲအတွေ့အကြုံအားနည်းတာ၊ တောတောင်ရေမြေ သဘာဝအရင်းမြစ် အကန့်အသတ်တွေကြောင့် လူသားချင်း စာနာမူအကူအညီ အလိုအပ်ဆုံးဒေသအဖြစ် ဦးစားပေးအနေနဲ့ ရှိဖို့လိုတယ်လို့ KSCCလူသားချင်းစာနာ ထောက်ထားမူကော်မတီပြောခွင့်ရပုဂ္ဂိုလ် ဦးဗညားခွန်အောင်ကအဲ့ဒီစာတမ်းမှာထောက်ပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှစလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့အရေအတွက်အများဆုံးဒေသဖြစ်ပြီးတော့စစ်ကောင်စီတပ်နဲ့တိုက်ပွဲပေါင်းထောင်နဲ့ချီရှိနိုင်တယ်လို့ စာတမ်းမှာဆိုထားပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်းမှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကစလို့ ၂၀၂၃ခုနှစ် ဇွန်လ၂၄ရက်နေ့အထိစစ်ကောင်စီ တပ်ရဲ့ စစ်ကြောင်းထိုးမီးရှို့မူတွေကြောင့်နေအိမ်ပေါင်း ၇ သောင်းကျော်မီးလောင်ဆုံးရှုံးခဲ့ရပြီး အဲ့ဒီထဲမှာ ၅သောင်းကျော် က စစ်ကိုင်းတိုင်းက ဖြစ်တယ်လို့Data For Myanmar ၏ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်ရေး MPM က သုတေသနလုပ်ထားတဲ့ နိုင်ငံတကာအလှူရှင်အစိုးရများအတွက်ပုစ္ဆာ သို့မဟုတ် လူသားစာနာကူညီရေး အကျပ်အတည်းအား အဖြေရှာကြည့်ခြင်း  ဆိုတဲ့ သုတေသနစာတမ်းကို နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ BNIက ပြီးခဲ့တဲ့ ဇူလိုင်၂၀ရက်နေ့ကအွန်လိုင်းကနေ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

Show More

Related Articles

Back to top button