တိုက်ပွဲသတင်း

TNLA ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်နေ

မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာမှာရှိနေတဲ့ တအောင်းတပ်မတော် TNLA တပ်ဖွဲ့ကို စစ်ကောင်စီတပ်ဖွဲ့က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မူဆယ်နဲ့ ကွတ်ခိုင်ကြား နမ့်အွမ်ကျေးရွာအထက် ဂေါင်ငူကောင်( တောင်ကုန်း) မှာ တပ်ချနေတဲ့ တအောင်တပ်မတော် TNLA တပ်ဖွဲ့နဲ့  စစ်ကောင်စီတပ်ဖွဲ့ကြား တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဟာ ယနေ့မနက် ၁၀ နာရီခွဲမှ ၁၂ နာရီခန့်အထိ လေယာဉ်တစ်စီးနဲ ဗုံးကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ နမ်အွမ်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ 

အခုနမ့်အွမ်ဘက်မှာက TNLA တပ်ဖွဲ့တွေ နေရာလောက်မှာ တပ်ချနေရာယူနေတာ။ အဲ့ဒါနဲ့ စစ်ရေးတင်းမာနေပြီး စစ်တပ်ဘက်က ဒီမနက်တော့ လေယာဉ်နဲ့ လာပစ်တာပေါ့။ နမ့်အွမ်ကျေးရွာအထက်မှာပဲ လေယာဉ် နဲ့လာပစ်တယ်။ ၁၂ နာရီလောက်မှ ကွတ်ခိုင်ဘက် ပြန်ဆင်းသွားတယ်။ အခုထိ လက်နက်ကြီးတွေနဲ့ ပစ်နေကြတုန်း။ ကောင်းဝင်းဘက်က ရွာသားတချို့ကို နမ့်အွမ်ဘက်ထွက်ပြေးလာတာရှိတယ်  လို့ပြောပါတယ်။

စစ်တပ်ဘက်က လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်တဲ့အပြင် ၁၀၅ မိုင်စစ်တပ်မှ လက်နက်ကြီးဆက်တိုက်ပစ်ခတ်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

နမ့်အွမ်ကျေးရွာမှာ မနေ့ည ၁၀ နာရီခန့်ကနေ ဒီနေ့မနက် ၅ နာရီအချိန်ထိ စစ်ကောင်စီနဲ့ တအောင်းလွတ်မြောက်ရေးတပ်မတော် TNLA ကြားတိုက်ပွဲဖြစ်ပွားခဲ့တဲ့အပြင် ၁၀၅ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် နမ့်အွမ်ကျေးရွာက စျေးတန်းပျက်စီးကာ၊ နမ့်အွမ်အနီး ကောင်းဝင်းဘက်က နေအိမ်တချို့ မှာလည်း လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ထိခိုက်ပျက်စီးမှုရှိကြောင်း သိရပါတယ်။

ဒါကြောင့် နမ့်အွမ်ကျေးရွာအနီးက အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ ကောင်းဝင်းကျေးရွာဒေသခံပြည်သူ ၂၀ ကျော်က နမ့်အွမ် KBC ဘုရားကျောင်းဝင်းမှာ စစ်ရှောင်နေပြီး မူဆယ်မြို့ဘက်သို့ တစ်ချို့၊ ကွတ်ခိုင်မြို့ဘက်သို့တစ်ချို့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ရှမ်းမြောက်မှာ ပြီးခဲ့တဲ့ ၂ ပတ်ခန့်မှ စပြီး နမ့်အွမ်ကျေးရွာတွင် တအောင်းတပ်TNLA အင်အား ၁၀၀ ကျော် တပ်စွဲနေထိုင်တဲ့အပြင် နမ့်အွမ်အနီး ကောင်းဝင်းရွာမှာလည်း အင်အား ၁၀၀ ကျော် နေရာယူထားသောကြောင့် စစ်ရေးတင်းမာလာတာလို့ ဒေသခံတစ်ဦးက အခုလိုဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ကတည်းက စစ်ရေးတင်းမာနေပြီဟုတ်တယ်။ TNLA ဘက်က အင်အား ၁၀၀ ကျော် နမ့်အွမ်ကျေးရွာမှာရှိနေတာ ပတ်ခန့်ရှိပြီ ၊အဲ့ဒါအပြင် ကောင်းဝင်းရွာမှာလည်း ပတ်ခန့်ရှိပြီ။ အဲ့ဒါနဲ့ မနေ့ညကတည်းက တိုက်ပွဲဖြစ်နေတာ ဒီမနက်တော့ စစ်တပ်ဘက်က လေယာဉ် နဲ့လာပစ်တာပေါ့။” လို့ ပြောပါတယ်။

မူဆယ်မြို့ကနေ ၁၈ မိုင်ခန့်အကွာ ၊ ကားဖြင့် ၁ နာရီဝန်းကျင်သွားရတဲ့ နမ့်အွမ်ကျေးရွာဟာ အိမ်ခြေ ၁ ထောင်ကျော်ရှိပြီး ကချင်၊ တအောင်း၊ ရှမ်း၊အပြင် တရုတ်လူမျိုးတွေလည်းနေထိုင်တဲ့ကျေးရွာဖြစ်ပါတယ်။

စစ်ကောင်စီတပ်က ကွတ်ခိုင်မူဆယ်နမ့်ခမ်း လမ်းတလျှောက် နေရာယူ စစ်ရေးလှုပ်ရှားနေပြီး ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၊ တအောင်းတပ်မတော် TNLA တို့နဲ့ တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။

Show More

Related Articles

Back to top button