တိုက်ပွဲသတင်း

နမ်ဆန်ယန်လမ်းမပေါ်မှာ တစ်ရက်ထဲတိုက်ပွဲ ၃ ကြိမ်ဖြစ်ပွား

မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်ရှိ ကျေးရွာ ၃ ခုလောက်မှာ ဇူလိုင်လ ၂၅ ရက်နေ့ တစ်ရက်ထဲ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ ကြား ထိတွေ့တိုက်ခိုက် ၃ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ယနေ့နံနက်ပိုင်း ၈ နာရီဝန်းကျင် စစ်အင်အား ၇၀ လောက်ရှိတဲ့ စစ်ကောင်စီယာဉ်တန်းက ဂျာပူဘက်တက်လာစဉ် ဒဘတ်နဲ့ ဂျာပူကျေးရွာအဝင်ဝနားမှာ KIA တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့အတွက် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဂါးရာယန်ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

“မနက်ပိုင်းမှာက ၈ နာရီခွဲလောက်မှာ တစ်ကြိမ်ဖြစ်တယ်။ ပြီးရင် ၂ နာရီလောက်မှာ တစ်ကြိမ်ဖြစ်တယ်။ ဒဘတ်အကျော် ဂျာပူဘက်မှာပဲဖြစ်ကြတာဟုတ်တယ်။ ဖုန်းဆက်ကြည့်တော့ တိုက်ပွဲဖြစ်နေတာ ဟုတ်တယ်တဲ့။ အဲ့ဒီစစ်ကြောင်းက ကဇူးမှာမနေ့က ရောက်နေတဲ့ စစ်ကြောင်းဖြစ်တယ်။ တိုက်ပွဲဖြစ်တာ အသက်ကတော့ ဒီကနေ အကျယ်ကြီးကြားရတာ။ သူတို့ရဲ့ ထိခိုက်မှုတွေကတော့ မသိဘူး။ အဲ့စစ်သားတွေ ဒီကနေ ဖြတ်သွားတာက အင်အား ၇၀ လောက်ရှိတယ်။ စစ်သားတွေက ခြေကျင်သွားတဲ့သူသွား အိမ်စီးကားတွေနဲ့ စီးတဲ့သူတွေကစီးတက်သွားကြတာဟုတ်တယ်”ပြောပါတယ်။

အဲဒီ တိုက်ပွဲဖြစ်ပွားတဲ့နေရာကို ဒဘတ်ကျေးရွာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့က စစ်ကူအဖြစ် တက်လာတဲ့အဖွဲ့ကိုလည်း ဆမားကျေးရွာအထက် လမ်းခုလပ်တစ်နေရာမှာ KIA က ထပ်မံခုခံတိုက်ခိုက်ခဲ့တဲ့အတွက် ညနေပိုင်း ၂ နာရီဝန်းကျင်လောက်မှာ ပစ်ခတ်မှုတစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံကပြောပါတယ်။

ဒါ့အပြင် နေ့လည် ၁၂ နာရီဝန်းကျင်အချိန် ဗန်းမော်ဘက်ကနေ တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒေါ့ဖုန်းယန် အထက် ဒင်ဂါနဲ့ ခလားယန် ကျေးရွာ ၂ ခုကြားမှာ KIA တပ်ရင်း ၁၉ အဖွဲ့က ပိတ်ဆို့ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် နာရီဝက်ဝန်းကျင် ၂ ဖက်တပ် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေါ့ဖုန်းယန် ဒေသခံတွေကပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်နဲ့ KIA တပ်ဖွဲ့ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေတဲ့အတွက် ဒဘတ်၊ ဂျာပူ စတဲ့ ကျေးရွာနေ ဒေသခံပြည်သူများနဲ့ တောင်ယာလုပ်ငန်း လုပ်ကိုင်ထားသူများက လုံးခြုံရေးအတွက်  စိုးရိမ်နေကြရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့မှာ ဝိုင်းမော်ရွှေညောင်ပင်ဘက်မှ နမ်ဆန်ယန်ကို တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့က တောလမ်းနဲ့ စစ်ကြောင်းထိုးလာစဉ် ဂါးရာယန်ကျေးရွာမှာ တောင်ယာလုပ်ငန်းလုပ်နေတဲ့ ရွာသားတစ်ချို့ကို ဖမ်းဆီး ခြိမ်းခြောက်မှုများ ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းထဲကနေ နမ်ဆန်ယန်ဘက်ကို စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်နေတာဖြစ်ပြီး မြစ်ကြီးနား- ဗန်းမော်လမ်းမပေါ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားနေတာ တစ်လဝန်းကျင်ရှိလာပြီဖြစ်ပါတယ်။

Show More

Related Articles

Back to top button