သတင်း

စစ်တပ်က သတ်ဖြတ်မီးရှို့လိုက်တဲ့ ကချင်လူငယ် ၂ ဦးရဲ့ ရုပ်အလောင်းတွေ့ရှိ

ရှမ်းမြောက် မူဆယ်နဲ့ ကွတ်ခိုင်ကြား တီးမား(Dima) ကျေးရွာက ကချင်လူငယ် ၂ ဦး ကို စစ်တပ်ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းကို မီးရှုံ့အလောင်းဖျောက်ထားခဲ့ပေမယ့် ဒေသခံတွေ မနေ့က တွေ့ရှိခဲ့ပြီဖြစ်တယ်လို့ တီးမားဒေသခံတွေကပြောပါတယ်။

တီးမား(Dima) ကျေးရွာ KBC ကချင်အသင်းတော်တွင်း တက်ကြွပါဝင်လှုပ်ရှားနေတဲ့ အဲ့ဒီလူငယ် ၂ ဦးကို စစ်တပ် ဇူလိုင်လ ၂၅ ရက်နေ့ မတရားဖမ်းဆီးသွားပြီးနောက်တစ်ပတ်အကြာမှာ ဇူလိုင် ၃၁ ရက်နေ့မှာ သတ်ဖြတ်ပြီး မီးရှို့အလောင်းဖျောက်ထားတဲ့ နေရာကို ရှာတွေ့ခဲ့တာဖြစ်တယ်လို့ တီးမားဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

သူတို့မီးရှုံ့လိုက်တဲ့ ပြာပဲယူလာနိုင်ခဲ့တယ်။ သူတို့ ၂ ယောက်ကို ဖမ်းသွားတဲ့နေ့က ၁ ယောက်ကိုတော့ TNLA ရဲ့ဝတ်စုံဆင်ထားပေးတယ်၊ တစ်ယောက်ကိုတော့ ပြည်သူ့စစ်အင်္ကျီီဝတ်ထားပေးတယ်။ ဒီလိုလုပ်ပြီး သူတို့ TNLA တပ်သားကို ပစ်သတ်နိုင်တယ်ဆိုပြီး ဓာတ်ပုံရိုက်ယူပုံရတယ်။ သူတို့ရဲ့ အခြေအနေက အဲ့ညနေက ဖမ်းသွားပြီး နောက်နေ့ညနေပိုင်းလောက် သတ်ဖြတ်လိုက်ပုံရတယ်” လို့ တီးမား(Dima) ကျေးရွာဒေသခံတစ်ဦး ကချင်သတင်းဌာန KNG ကိုပြောပါတယ်။

အဲဒီလူငယ် ၂ဦးဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့က မူဆယ်မြို့နဲ့ နမ့်ဖတ်ကာကြား နမ့်အွမ်၊ တီးမား စတဲ့ကျေးရွာတွေမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား စစ်ရေးတင်းမာနေချိန်အသင်းတော်၏လိုအပ်ချက်အရ ကားနဲ့ကွတ်ခိုင်ဘက်ကို ပစ္စည်းသွားယူခဲ့ကြတာလို့ သိရပါတယ်။

အဲနောက် အသင်းတော်က ပစ္စည်းတွေသယ်ယူပြီး တီးမားရွာဘက်ကိုပြန်လာချိန် နမ့်အွမ်နဲ့ တီးမားရွာကြားတိုက်ပွဲဖြစ်ပွားနေတဲ့အတွက် နမ့်အွန်ဘက်ကိုပြန်ခေါက်သွားရာကနေ ညနေပိုင်း တိုက်ပွဲခေတ္တငြိမ်သက်ပြီဖြစ်တာကြောင့် ရွာသို့ ပြန်လာချိန်၊ နမ့်အွမ်အထက် ယူကလစ်တောဆိုတဲ့နေရာနားမှာ စစ်ကောင်စီစစ်ကြောင်းက တားမြစ်ဖမ်းဆီးလိုက်ခြင်းဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။

အဲ့ဒီ ဇူလိုင် ၂၅ ရက်နေ့က အိမ်ပြန်လမ်းထက်ဝက်မှာ ဖမ်းဆီးခံလိုက်ရပြီး အဆက်အသွယ်ပြတ်တောက်နေတဲ့ လူငယ် ၂ ဦးကို ရွာသားများနဲ့ မိသားစုဝင်များက သက်ဆိုင်ရာ စစ်တပ်စခန်းများထံ ဆက်တိုက်စုံစမ်း ရှာဖွေခဲ့ကြကြောင်း သိရပါတယ်။ 

ကျနော်တို့တွေ လိုက်..လိုက်..လိုက်စုံစမ်းတော့ သူတို့က လုံး၀ကို အလောင်းဖျောက်တဲ့သဘောနဲ့ မီးရှို့ပလိုက်တယ်။ သူတို့လုသွားပြီး TNLA ဝတ်စုံဝတ်ပေးထားတဲ့ တအာင်းရွာသားရဲ့ အလောင်းကိုတော့ ဒီပုံစံတိုင်းပဲကွတ်တိ မြေမြုပ်ထားတယ်။ သူ့ကိုတော့ မီးမရှို့ဘူး။ ရွာသားတွေပြန်တွေ့ပြီး တူးယူ ပြန်လည်ဝိုင်းသဂြိုလ်ခဲ့ကြတယ်။ လူငယ် ၂ ဦးကိုတော့ မီးရှို့ပြီး အရိုးစပဲ မြေမြုပ်ထားပေးတယ်လို့ ၎င်းတီးမား ဒေသခံက ဆက်လက်ပြောပြသည်။

ဇူလိုင် ၂၅ ရက်နေ့က တိုက်ပွဲတွင်း စစ်ကောင်စီ၏ လက်နက်ကြီးနဲ့ လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် နမ့်အွမ်၊ဆိုင်းခေါင်ရွာက ဦးအိုက်လောဆိုသူ တအာင်းရွာသားတစ်ဦးလည်း လက်နက်ထိမှန်ပြီး နေရာမှာတင် အသက်သေဆုံးခဲ့ရပါတယ်။

ထိုအလောင်းကိုလည်း စစ်တပ်က လုယူသွားပြီး TNLA ဝတ်စုံဝတ်ပေးကာ ဓာတ်ပုံများရိုက်ယူထားတဲ့ ပုံတချို့ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပါသေးတယ်။ ထိုအမျိုးသားကိုတော့ ပုံပါအတိုင်း မြေမြုပ်နှံထားတာတွေ့ရှိပေမဲ့ ကချင်လူငယ် ၂ ဦးကိုတော့ ရွာသားများ  ဆက်တိုက်စုံစမ်းရှာဖွေသောကြောင့် မီးရှို့အလောက်ဖျောက်လိုက်တဲ့ သဘောဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်ရဲ့ အခြေအနေက အဲ့နေ့က လေယာဉ်နဲ့တောင် လာပစ်ကူတာ တစ်ယောက်မှ မပစ်သတ်နိုင်ရင် သူတို့ပြစ်ဒဏ်ပြန်ခံရမယ်ဆိုတဲ့ သတင်းကြားတယ်။ဒါကြောင့် သူတို့ အခုလို ရွာသားတွေကို ပစ်သတ်ပြီး တအာင်း TNLA တပ်သားဝတ်စုံဆင်ပေးပြီး မှတ်တမ်းရိုက်ယူတယ်လို့ သိရတယ်။ အဲ့မှာ ကချင်လူငယ် ၂ ယောက်ရဲ့အလောင်းဖြစ်ကြောင်း သက်သေတွေ့ရှိတာက ၂ ယောက်ထဲက တစ်ယောက်က ကွတ်ခိုင်ဓမ္မကျမ်းစာကျောင်း စိုက်ပျိုးရေးကောလိပ်မှ ကျောင်းဆင်းဖြစ်တယ်။ သူ့ကျောင်းက အင်္ကျီပါတွေ့တယ် တစ်ယောက်က ဖိနပ်တွေ့တယ်လို့ တီးမားဒေသခံတစ်ဦးက ပြောပါတယ်။ 

စစ်တပ်ရဲ့ မတရားသတ်ဖြတ်ခံလိုက်ရတဲ့ ကချင်လူငယ် ၂ ဦးမှာ မောင်ဂင်ရောတူးဂျာ (၂၅) နှစ် နဲ့ မောင်ရှန်ထင်းဘရန်အောင် (၂၇) နှစ်တွေ ဖြစ်ပြီး ကျန်ရှိတဲ့အရိုးတွေကိုတော့ ဩဂုတ်လ ၃ ရက်နေ့ မြေမြှုပ်သဂြိုလ်မှာဖြစ်တယ်လို့ သိရပါတယ်။

စစ်တပ်ရဲ့သတ်ဖြတ်ခံလိုက်ရတဲ့ လူငယ် ၂ ဦးဟာ တော်လှန်ရေးတပ်ဖွဲ့များနှင့် ကင်းရှင်းသလို ကျေးရွာအတွင်း ၊ အသင်းတော်တွင်း တက်ကြွစွာ ပါဝင်လှုပ်ရှားနေသူများသာဖြစ်ပေမဲ့ စစ်ကောင်စီတပ်ဟာ မတရားဖမ်းဆီးသတ်ဖြတ်ခံလိုက်ရခြင်း ဖြစ်ကြောင်း မိသားစုဝင်များနဲ့ နီးစပ်သူတွေပြောပါတယ်။

ဒါကို ဒီတိုင်းကျော်သွားလို့တော့မဖြစ်ဘူး။ ပြည်သူတစ်ယောက်အနေနဲ့ လည်း လုံး၀လက်မခံနိုင်တဲ့ဖြစ်စဉ်ဖြစ်တယ်။ အကြီးအကျယ်ကို ခံပြင်းလွန်းတဲ့ကိစ္စဖြစ်တယ်။ မိသားစုတွေလည်း ဝမ်းနည်းကြေကွဲ ငိုယိုပြီး အင်မတန် ကြေကွဲနေကြရတယ်။” ဟု မိသားစုနဲ့ နီးစပ်သူကပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က နမ့်ဖတ်ကာ စစ်တပ်က ဖမ်းဆီးသွားတဲ့ ကွတ်ခိုင်မြို့က အပြစ်မဲ့ပြည်သူ ကားသမား ဦးဇော်အောင်ဆိုသူနဲ့လည်း လက်ရှိ ၃ လခန့်ကြာလာပြီဖြစ်ပေမဲ့ မိသားစုဝင်များ သတင်းအစအနနဲ့ စုံစမ်းရှာဖွေနိုင်ခြင်းမရှိနိုင်သေးကြောင်း သိရပါတယ်။

ရှမ်းမြောက်ဒေသတွင် စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ဒေသခံရွာသားတွေကို မတရားဖမ်းဆီး သတ်ဖြတ်မှု၊ အမျိုးသမီးများပေါ် အဓမ္မပြုကျင့် သတ်ဖြတ်မှုများ ပုံမှန် လုပ်ဆောင်နေပေမဲ့ လွတ်ကင်းခွင့်ရရှိနေတဲ့အပေါ်  နိုင်ငံတကာအဆင့်ထိ အရေးယူနိုင်အောင်  ဒေသခံများကြိုးစားသွားမယ်လို့ ပြောဆိုပါတယ်။

ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်နေ့ညမှာလည်း စစ်တပ် ခလရ ၁၂၃ ၏ လက်နက်ကြီး ရမ်းတမ်းပစ်ခတ်မှုကြောင့် ပန်ကိုင်ကျေးရွာက အသက် ၆၀ နှစ်အရွယ် တအာင်းအမျိုးသမီး ၁ ဦး အသက်သေဆုံးပြီး  သမီးနဲ့ မြေးဖြစ်သူ သားအမိ ၂ ဦးကိုတော့ လားရှိုးမြို့ဆေးရုံမှာ ဆေးကုသမှုခံယူဖို့တင်ထားရကြောင်း သိရပါတယ်။

လက်ရှိ မူဆယ်မြို့နဲ့ ကွတ်ခိုင်ကြား စစ်ကောင်စီတပ် အင်အားဖြင့် ဆက်တိုက်ထိုးစစ်ဆင်နေပြီး တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့နဲ့ တိုက်ပွဲဆက်တိုက် ဖြစ်ပွားနေတာဖြစ်ပါတယ်။

Show More

Related Articles

Back to top button