သတင်း

ဆွမ်ပီယန်ရွာက ကျွှဲ၊နွားတွေမှာ အရေပြားရောဂါနဲ့လည်ချောင်းကွဲရောဂါဖြစ်ပွားနေပြီး သေဆုံးမှုများလာ

ကချင်ပြည်နယ် ဆွမ်ပီယန်ရွာက ကျွှဲ၊နွားတွေမှာ ဇူလိုင်လ လဆန်းပိုင်းကနေစပြီး အရေပြားရောဂါအဖြစ်များလာနေတဲ့အပြင် သေဆုံးတာတွေလည်း ဆက်တိုက်ဖြစ်လာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဲဒီအရေပြားရောဂါနဲ့လည်ချောင်းကွဲရောဂါကြောင့် ပြီးခဲ့တဲ့တစ်လတာအတွင်း ကျွှဲ၊နွား သေဆုံးတဲ့ အကောင်ရေ ၂၀ ထက်မနည်းရှိခဲ့တယ်လို့ ဆွမ်ပီယန်ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

“ဆွမ်ပီယန်မှာဆိုရင်လည်း နေရာတိုင်းမဖြစ်ဘူး ရွာအထက်ပိုင်းနဲ့အောက်ပိုင်းမှာဖြစ်တာ လည်ချောင်းကွဲရောဂါလို့ ပြောကြတယ်။ ခု နွားက ၅ကောင်လို့သေပြီ ကျွှဲက အကောင်ရေ ၂၀ ကျော်နေပြီ” လို့ပြောပါတယ်။

ပူတာအိုမြို့နယ် ဆွမ်ပီယန်မှာ အရေပြားရောဂါကြောင့် အရင်နှစ်တွေမှာလည်းသေဆုံးတာတွေ ရှိခဲ့ပေမယ့် ဒီနှစ်မှာတော့သေဆုံးမှု အများဆုံးဖြစ်လာနေတယ်လို့ သိရပါတယ်။

အလားတူ စစ်ကိုင်းတိုင်း နန်းယွန်းမှာလည်း ကျွှဲ၊နွားအရေပြား ရောဂါအဖြစ်လာတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေရတယ်လို့ နန်ယွန်းဒေသခံအမျိုးသားတစ်ဦးက KNG ကို ခုလိုပြောပါတယ်။

”ခန္ဓာကိုယ်တစ်ကိုယ်လုံးမှာ အနာတွေဖြစ်တာ ပိန်ပြီးတော့အနာတွေဖြစ်နေတာ ကျနော့်အိမ်ဘေးနားကတစ်ကောင်ဆိုသေတော့မယ်ပိန်ချုံးနေတာ အရင်ကမဖြစ်ဖူးဘူးဒီလိုဆိုးဆိုး ဝါးဝါးကြီးက အစာမစားဘူး အဲ့ကြောင့်ပိန်ချုံးနေတာနွားတွေက အစာစားလို့မရဘူးထင်တယ်သူတို့ ကိုကြည့်ရတာ ဘယ်လိုဆက်ဖြစ်လာမလဲစိုးရိမ်နေကြတယ် ”လို့ အသက် ၃၀ ကျော် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ နန်းယွန်းမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ဟာဝါးရွာ၊ လန်းနိုးကျေးရွာ၊ ရောင်ငွေးကျေးရွာစတဲ့ ကျေးရွာတွေက ကျွှဲ၊ နွားတွေမှာ အရေပြားရောဂါကူး စက်မှုပြင်းထန်လာနေသလို အဆိုးဝါးဆုံးက နန်းယွန်းမြို့ပေါ်က မြို့မ၊ရော်ကော့၊ယိုးဝတွေမှာဖြစ်ပြီး နယ်ကျေးရွာတွေမှာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒေသခံတွေပြောဆိုချက်အရ အဲ့ဒီအရေပြား ရောဂါကူးစက်မှုကြောင့် နန်းယွန်းမြို့ပေါ်မှာ သေဆုံးတဲ့နွား ၂ ကောင်ထက်မနည်းရှိနေပြီး နယ်ကကျေးရွာတွေမှာတော့ သေဆုံးတဲ့အထိမရှိသေးပေမယ့် ကူးစက်မှုပြင်းထန်နေလို့ဒေသခံ တွေက ပြောပါတယ်။

နန်းယွန်းမြို့နယ် တိ/ကုဌာန အနေနဲ့အဲ့ဒီနွားအရေပြားရောဂါကို အမည်နာမဖော်ထုတ်ပေးနိုင်ခြင်းမရှိသေးသလို ထိရောက်တဲ့ကုသမှုလည်းမပေးနိုင်သေးဘူးလို့ဒေသခံတွေဆီကနေ သိရပါတယ်။

လက်ရှိမှာတော့ ဒေသခံပြည်သူတွေဟာ လယ်စပါးစိုက်ပျိုးချိန်ဖြစ်နေပေမယ့် ကျွှဲ၊နွားတွေမှာ အရေပြားရောဂါဖြစ်နေတဲ့အတွက် ခက်ခဲမှုများစွာရှိနေသလို ဒီအရေပြားရောဂါကုသနိုင်ဖို့ ဆေးဝါးကူညီထောက်ပံ့မှုတွေ လိုအပ်နေတာလည်းဖြစ်ပါတယ်။

Show More

Related Articles

Back to top button