သတင်း

ဗန်းမော်-လွယ်ဂျယ် ကုန်ပစ္စည်းတင်သွင်းခွင့် စစ်တပ်က ရက်အကန့်အသတ်မရှိပိတ်ပင်

ဗန်းမော်- လွယ်ဂျယ်သွားလမ်းမှာ ကုန်ပစ္စည်းတင်သွင်းခွင့်ကို စစ်တပ်က ရက်အကန့်သတ်မရှိပိတ်ပင်လိုက်တယ်လို့ အမည်မဖော်လိုတဲ့ လွယ်ဂျယ်ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဩဂုတ်လ ၆ ရက်နေ့ကနေစပြီး ဗန်းမော်-လွယ်ဂျယ်အဝင်အထွက်တွေကို စစ်ဆေးရေးပိုမိုတင်းကြပ်လာတဲ့အပြင် ကုန်တင်သွင်းခွင့်ကိုလုံးဝပိတ်ပင်လိုက်တဲ့အပြင် ခရီးသည်တစ်ဦးကိုလည်း ခရီးဆောင်အိတ်တစ်အိတ်သာ သယ်ခွင့်ပြုနေတယ်လို့ အမည်မဖော်လိုတဲ့ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

“ကုန်ပစ္စည်းတွေကို လုံးဝင်မတင်ခိုင်းတော့ဘူး ခုက လိုင်စင်ရှိတဲ့ကားတွေကိုလည်း ခရီးသည်တွေဘဲ တင်ခိုင်းတော့တယ်”လို့ပြောပါတယ်။

လက်ရှိမှာ ဗန်းမော်-လွယ်ဂျယ်ကားလမ်းပိုင်းမှာ လိုင်စင်ရှိတဲ့ခရီးသည်ကားတွေကိုသာ ဝင်ခွင့်ပြုထားပြီး ကုန်ပစ္စည်းတင်သွင်းခွင့်ကို လုံးဝပိတ်ပင်လိုက်တာဟာ စစ်ရေးတင်းမာနေတဲ့ KIO ဌာနချုပ်လိုင်ဇာမြို့နဲ့ မိုင်ဂျာယန်မြို့အပါအဝင် နမ်ဆန်ယန်ဘက်ကို အဓိကအစားအသောက်ဖြတ်တောက်ချင်တာကြောင့်ဖြစ်နိုင်တယ် လို့လည်း ဒေသခံတွေက သုံးသပ်ပြောပါတယ်။

“လိုင်ဇာဘက်ကို ဒီကနေ အစားသောက်ကုန်တွေဝင်တယ် ဒါကြောင့်လိုင်ဇာဘက်ကို ပိုခက်ခဲလာအောင် လုပ်တာဖြစ်တယ်လို့ သိရတယ်”လို့ပြောပါတယ်။

စစ်တပ်ဘက်က ခုလိုကုန်ပစ္စည်းတင်သွင်းခွင့်ကို ပိတ်ပင်လိုက်တာနဲ့ပတ်သက်ပြီး စာနဲ့တရားဝင်ထုတ်ပြန်ထား တာမရှိလသို ဘကြောင့်ပိတ်တာလဲဆိုတာကိုလည်း ဒေသခံတွေမသိရပေမယ့် လွယ်ဂျယ်မှာနေထိုင်တဲ့ ပြည်သူတွေအတွက်တော့ အစားသောက်ခက်ခဲလာနိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

လွယ်ဂျယ်မြို့ဟာ မြန်မာ- တရုတ်နိုင်ငံနယ်စပ် နယ်စပ်ကုန်သွယ်ရေးမြို့လေးဖြစ်ပေမယ့် အဓိကအခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်၊ဆီတွေကဟာ ဗန်းမော်ဘက်က အဓိကတင်သွင်းနေတာလည်းဖြစ်ပါတယ်။

လက်ရှိမှာ စစ်တပ်ရဲ့ကန့်သတ်ချက်တွေကြောင့် လက်ရှိဗန်းမော်- လွယ်ဂျယ်လမ်း အရင်က ခရီးသည်တစ်ဦးကို ကားခ ၃၀၀၀၀ ဝန်းကျင်သာပေးရပေမယ့် ဒီရက်ပိုင်း တစ်ဦးကို ကျပ် ၇ သောင်းထိမြင့်တက်နေတယ်လို့လည်း သိရပါတယ်။

ဗန်းမော်-လွယ်ဂျယ်ဟာ မိုင်အားဖြင့် ၅၀ လောက်ဝေးတဲ့ခရီးဖြစ်ပြီး ခုလမ်းသွားလမ်းလာပြည်သူတွေအဓိက စစ်ဆေးနေတာဟာ ကျောက်စခန်းဂိတ်ဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

Show More

Related Articles

Back to top button