သတင်း

ဖားကန့် မှော်ရှန်ဘုန်းကြီးကျောင်းရောက် စစ်ရှောင်တစ်ထောင်ကျော်အတွက် အစားအသောက် ကူညီထောက်ပံ့မှုအရေးပေါ် လိုအပ်နေ

ဖားကန့် ကသိုဏ်းတောင် (Kasen Bum) တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ကျေးရွာ ၄ ရွာက ပြည်သူ ၁ ထောင်ကျော် အတွက် အစားအသောက်နဲ့ဆေးဝါးကူညီမှုလိုအပ်နေတယ်လို့ စစ်ရှောင်ကူညီနေသူတွေဆီကနေ သိရပါတယ်။

ဒီစစ်ဘေးရှောင်ပြည်သူတွေဟာ လက်ရှိ ဆိုင်းတောင်၊ မှော်ရှန်ဘုန်းကြီးကျောင်းမှာခိုလှုံနေရပြီး နမ့်မော်စစ်တပ်စခန်းနဲ့ ကသိုဏ်းတောင်တပ်စခန်း စတင်တိုက်ခိုက်ခံရတဲ့နေ့ ဩဂုတ်လ ၇ ရက်နေ့မှာ ထွက်ပြေးတိမ်းရှောင်လာတဲ့စစ်ရှောင်တွေတစ်ချို့နဲ့ ဩဂုတ် ၈ ရက်နေ့ ဒီညနေ ၅ နာရီမှာလည်း စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲပြီး မြေပြင်ကပါ လက်နက်ကြီးများ ပစ်ခတ်လာတာကြောင့် ထပ်မံစစ်ရှောင်လာသူတွေဖြစ်တယ်လို့စစ်ရှောင်ကူညီနေသူတစ်ဦးက KNG သတင်းဌာနကိုပြောပါတယ်။

“ဒီမနက် အခြေအနေငြိမ်ပြီထင်ပြီး တချို့ပြန်သွားတာလည်းရှိတယ်။ကျနော်တို့ကလည်း တားတာပေါ့နော် ဒါပေမဲ့သူတို့ပြန်မယ်ဆိုပြီး ပြန်သွားတယ်။ ဒါပေမဲ့ ဒီညနေပဲ စစ်တပ်ကဗုံးလာကြဲတော့ အခြေအနေက ပိုဆိုးလာတယ်လေ။ထပ်မံထွက်ပြေးလာသူပိုများတယ်။ မနေ့ကထက် ဒီနေ့က စစ်ရှောင်ပိုများလာတာ။ ဆိုတော့ အခု ၁ ထောင်ကျော်သွားပြီ။ အလန့်တကြားထွက်ပြေးလာသူတွေချည်းပဲ ဆိုတော့ စာရင်းကောင်းကောင်းတောင်မကောက်နိုင်သေးဘူး” လို့ စစ်ရှောင်ကူညီနေသူတစ်ဦးကပြောပါတယ်။

တိုက်ပွဲကြောင့် ဒေသခံပြည်သူတစ်ချို့နီးစပ်ရာဆွေးမျိုးတွေဆီမှာထွက်ပြေးတိမ်းရှောင်နေကြတဲ့ပြည်သူတွေရှိသလို အများစုကတော့ မှော်ရှန်ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြရတာ ဖြစ်ပါတယ်။

လက်ရှိ ဆိုင်းတောင် မှော်ရှိန်ဘုန်းကြီးကျောင်းမှာခိုလှုံနေတဲ့ စစ်ရှောင် ၁ ထောင်ကျော်ဟာ နမ့်မှော်၊ သောင်းကော့၊ ကောင်ဆန်နဲ့ မှောလခဲ စတဲ့ကျေးရွာက ဒေသခံပြည်သူများဖြစ်ပြီး လောလောဆယ်အထိ စစ်ရှောင်တွေကို နေရာထိုင်ခင်းပြင်ဆင်ထားနိုင်ပေမဲ့ စစ်ရှောင်ဒီထက်များလာရင်တော့ နေရာထိုင်ခင်းအခက်ကြုံလာနိုင်ဖွယ်ရှိတဲ့အပြင် အစားအသောက်နဲ့ ဆေးဝါးလိုအပ်မှာဖြစ်တယ်လို့ ပြောပါတယ်။

“လက်ရှိအရေးပေါ်က အစားအသောက်ပေါ့။ ရေကရှိပေမဲ့ သောက်သုံးဖို့ရေကအဆင်မပြေနေဘူး။ ပြီးရင်ဆေးဝါးလည်းအရေးကြီးတယ်။ ဘယ်လိုဖြစ်လာမယ်ဆိုတာဘယ်သူမှမသိဘူးလေ။ အဓိကအရေးပေါ်က အစားအသောက်ပါပဲ” လို့ စစ်ရှောင်ကူညီနေသူက ဆက်ပြောပါတယ်။

ဖားကန့်ဒေသ ဆယ်ဇင်း၊ ဟောင်ပါး၊ နမ့်မှော် စတဲ့နေရာဒေသတစ်ကြောအရေးပါတဲ့ စစ်ကောင်စီတပ်စခန်း ၂ ခုကို KIA/PDF မှ သွားရောက်တိုက်ခိုက် သိမ်းပိုက်လိုက်ပြီးနောက် လက်ရှိချိန်ထိ စစ်ရေးတင်းမာနေဆဲလည်း ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ KIO ဌာနချူပ်အနီး နမ်ဆန်ယန်ဘက်ကသို့ စစ်ကူပို့ဆောင် ထိုးစစ်ဆင်နေချိန် ဖားကန့်ဒေသဘက်က စစ်ကောင်စီတပ်စခန်းတွေကို KIA တပ်မဟာ ၉ ဘက်က သွားရောက်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

ဖားကန့်ဒေသမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လက ဆယ်ဇင်းမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲက အပြင်းထန်ဆုံးနဲ့ အဆိုးဆုံး ဖြစ်ခဲ့ပါတယ်။

Show More

Related Articles

Back to top button