သတင်း

တာမခံရွာမှာ အခြေခံစားသောက်ကုန်စျေးအဆမတန်မြင့်တက်နေ

ဖားကန့်မြို့နယ် ကသိုဏ်းတောင်စစ်တပ်စခန်းကုန်းကို KIA ဘက်က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး‌တဲ့နောက် စစ်ကောင်စီတပ်ဟာ တာမခံရွာအဝင်၊ အထွက်ကို ပိတ်ထားတဲ့အတွက် အခြေခံစားသောက်ကုန်‌တွေ ပြတ်လပ်လာနေတဲ့အပြင် ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတယ်လို့ တာမခံဒေသခံတွေက ပြောပါတယ်။

လက်ရှိ တာမခံ၊ ဟောင်ပါးဘက်မှ ကြက်ဥတစ်လုံးကို တစ်ထောင်ကျပ်အထိပေးဝယ်နေရတဲ့အပြင် ကုန်ပစ္စည်းအဝင်မရှိတော့တဲ့အတွက် ကုန်စုံဆိုင်အများပိုင်း ကုန်ပစ္စည်းတွေ ပြတ်လပ်စပြုနေပြီလို့လည်း ဒေသခံတွေက ဆိုပါတယ်။

“အခုက ကြက်ဥတစ်လုံးကို တစ်ထောင်ပေးဝယ်နေရပြီ ကုန်စိမ်းဆိုရင် ဝယ်လို့တောင်မရတော့ဘူး”ဟု တာမခံကျေးရွာဒေသခံအမျိုးသမီးတစ်ဦးက ‌ပြောပါတယ်။

ဒ့ါအပြင် သား၊ငါးဈေးများမှာလည်း အဆမတန်ဈေးတက်နေပြီး အမဲ၊ကြက်၊ဝက် တစ်ပိသာ သုံးသောင်းကျော်ထိ ဈေးပေးဝယ်နေရကြောင်းနဲ့ မိုဘိုင်ဖုန်းငွေဖြည့်ကဒ်များမှာ အရင်က တစ်ထောင်တန် ငွေဖြည့်ကဒ်မှာ လက်ရှိ ၁၃၀၀ ကျပ်ပေးဝယ်နေကြရတယ်လို့ သိရပါတယ်။

ဟောင်ပါးကျေးရွာအုပ်စုဘက်ကို ကုန်ပစ္စည်းအဓိကတင်ပို့တဲ့လမ်းကြောင်းက ဖားကန့်ဆိပ်မူတာမခံလမ်းနှင့် ချင်းတွင်းမြစ်မှတဆင့် ဥရုချောင်းရိုးအတိုင်း တင်ပို့နိုင်တာ ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိ မိုးရာသီကာလမှာ ရေကြောင်းဖြစ်တဲ့ ဥရုချောင်းကနေတင်ပို့ဖို့ ခက်ခဲနေသလို ကုန်းကြောင်းကနေလည်း စစ်ရေးတင်းမာနေတဲ့အတွက် ကုန်ပစ္စည်းတင်ပို့ဖို့ ခက်ခဲနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်ဂိတ်က ဖြတ်လို့မရဘူးလေ ပိတ်ထားတာ၊အခုလိုသာ ဆက်လက်ပိတ်ထားရင် ဒေသတွင်း စားနပ်ရိက္ခာ အခက်အခဲဖြစ်လာတော့မှာပါလို့ တာမခံကျေးရွာက ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကသိုဏ်းတောင်တပ်စခန်းလက်လွှတ်လိုက်ရတဲ့နောက် ဖားကန့်ဘက်ကနေ တာမခံ၊ဟောင်ပါးဘက်ထွက်တဲ့ ကုန်ပစ္စည်းတွေကို သယ်ယူခွင့်ပိတ်ထားတဲ့အပြင် တာမခံရွာအဝင်အထွက်မှာလည်း စစ်းဆေးရေးတင်းကြပ်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

KIA ဘက်က တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ ကသိုဏ်းတောင်ဟာ တာမခံကျေးရွာပါဝင်တဲ့ ဟောင်ပါးကျေးရွာအုပ်စုနှင့် ဖားကန့်မြို့ကြားမှာ တည်ရှိတဲ့အပြင် တာမခံဘက်က လိုအပ်တဲ့အ‌ခြေခံစားသောက်ကုန်နဲ့ကုန်ပစ္စည်းတွေကို ဖားကန့်မြို့ကနေ အဓိကမှာယူနေကြတာဖြစ်ပါတယ်။

ဟောင်ပါးကျေးရွာအုပ်စုမှာ တာမခံရွာအပါအဝင် ရွာပေါင်း ၁၄ ရွာတည်ရှိနေပြီး၊လူဦးရေ တစ်သိန်းကျော်နေထိုင်တဲ့ နေရာဖြစ်ပါတယ်။

Show More

Related Articles

Back to top button