ဆောင်းပါးသတင်း

လိင်ကျွန်အဖြစ်ရောင်းစားခံရာကနေ ပြန်လည်လွတ်မြောက်လာသူ

“တစ်ညမှာ ယောင်္ကျား (ဖောက်သည်) ၃-၄ ယောက်နှင့် အတူအိပ်ရတယ်။ တချို့ဖောက်သည်တွေဆို သူတို့စိတ်တိုင်းမကျရင် ရိုက်နက်ပြီး အကြမ်းပတမ်း ဆက်ဆံတာတွေလည်း လုပ်တယ်” လို့ ရင်ဖွင့်လာသူကတော့ ဝပြည် ပန်ဆန်းမြို့မှာ လိင်လုပ်သားအဖြစ် ရောင်းစားခံနေရာကနေ ပြန်လည်လွတ်မြောက်လာတဲ့ အသက် ၂၀ ဝန်းကျင် အားပန် (အမည်လွဲ) ကချင်အမျိုးသမီးငယ်တစ်ဦး ဖြစ်ပါတယ်။

အသားဖြူဖြူ၊ စကားအပြောနည်းတဲ့ သူမဟာ ကချင်ပြည်နယ် ဝိုင်းမော်မြို့ကဖြစ်ပြီး Covid-19 ရောဂါ နှင့် စစ်အာဏာသိမ်းမှု ကာလတွေကြားမှာ စာသင်ကျောင်းပိတ်သွားတဲ့အတွက် မြစ်ကြီးနားက ဟိုတယ်တစ်ခုမှာ အလုပ်လုပ်ကိုင်နေခဲ့တာပါ။

ဒါပေမယ့် တစ်ရက်မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ဝပြည် ပန်ဆိုင်းမြို့က ဟိုတယ်တစ်ခုမှာ ဧည့်ကြိုအလုပ် တစ်လကို ကျပ်သိန်း (၃၀) ရမယ်ဆိုပြီး အသိမိတ်ဆွေတစ်ယောက်က သူမအပါအဝင် သူငယ်ချင်းတွေကို အလုပ်ပိတ်ရက်တွေမှာ တကူးတက အစားအသောက်ခေါ်ကျွေးပြီးတော့ ပန်ဆိုင်းမြို့ဟိုတယ်မှာ အလုပ်လုပ်ဖို့ အကြိမ်ကြိမ် စည်းရုံးခဲ့ရာကနေ သူမရဲ့ အိပ်မက်ဆိုး စတင်ခဲ့ပါတယ်။

သူမအနေနဲ့လည်း လက်ရှိအလုပ်မှာ လုပ်ခလစာနည်းတဲ့အပြင် မိသားစုငွေကြေး အခက်အခဲလည်း ရှိနေတဲ့အတွက် ပန်ဆိုင်းဘက်ကို သွားဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဆိုပါတယ်။

အဲဒီနောက် သူမဟာ မြစ်ကြီးနားကနေ မန္တလေး၊ လာရှိုး၊ ပန်ဆိုင်းအထိ တစ်နေရာပြီး တစ်နေရာ ပွဲစားတွေရဲ့အချိတ်အဆက်နှင့် ရောက်ရှိသွားတဲ့အကြောင်း ပြန်လည်ပြောပြပါတယ်။

“မန္တလေးထိ သူပဲလိုက်ပို့‌ ပေးခဲ့တယ်။ မန္တလေးရောက်မှ တခြားပွဲစား တစ်ယောက်နဲ့ ပြန်ဆက်ပေးလိုက်တာ ကျွန်မတို့ကို မန္တလေး-လာရှိုး-ပန်ဆိုင်း လမ်းကြောင်းအတိုင်း ခေါ်သွားခဲ့တယ်” လို့ ပြောပါတယ်။

ပန်ဆိုင်းရောက်သွားတဲ့အခါမှာတော့  မြစ်ကြီးနားမှာပြောထားသလို ဖြစ်မလာခဲ့ဘဲ သူမရဲ့မှတ်ပုံတင်တွေ သိမ်းပြီးတော့ ပိတ်လှောင်ခံလိုက်ရပါတယ်။

“ဟိုတယ်ခန်းတစ်ခုမှာ ပိတ်လှောင်ခံထားပြီး ကျွန်မတို့ကို ဝယ်ဖို့ဖြစ်မယ် တရုတ်အမျိုးသားတွေ တယောက်ပြီးတယောက် လာကြည့်ကြတယ်” လို့ ပြောပါတယ်။

အားပန် (အမည်လွဲ) တို့ကို ဝယ်ယူမယ့်သူတွေ တစ်ယောက်ပြီးတစ်ယောက် လာကြည့်ပြီး တစ်ပတ်ကျော်ကြာလာတဲ့ချိန်မှာတော့ ပိတ်လှောင်ထားတဲ့အခန်းကနေ တရုတ်အမျိုးသမီးတယောက်လာခေါ်ပြီး ပန်ဆိုင်းကနေ ဝင်းကောင်ဘက်ကို ထပ်ခေါ်သွား ပါတယ်။

ဝင်းကောင်ဘက် ရောက်သွားတဲ့ချိန်မှာတော့ သူတို့ကို အနှိပ်ခန်းတစ်ခုမှာ အတိုအပြတ်တွေ ဝတ်ခိုင်းပြီး အမျိုးသားတွေကို နှိပ်နယ်၊ မြူဆွယ်တဲ့အလုပ် လုပ်ခိုင်းခဲ့တယ်လို့ သူမအကြောင်း တခြားသူတွေသိမှာ စိုးရိမ်လို့ ခေါင်းလေးငုံ့ရင်း ပြန်လည်ပြောပြ နေတာပါ။

သူမ လုပ်တဲ့အနှိပ်ခန်းမှာ သူမနှင့်အတူ လိင်လုပ်သားအဖြစ် ရောင်းစားခံထားရသူ စုစုပေါင်း (၁၀) ယောက်ကျော်ခန့်ရှိပြီးတော့ သူတို့အားလုံးကလည်း မြန်မာနိုင်ငံ နေရာဒေသအသီးသီးကနေ အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိလာကြသူတွေဖြစ်ပါတယ်။

သူမအပါအဝင် လူလေးယောက်တစ်စုဟာ ဆယ်ပေပတ်လည်သာသာရှိတဲ့ အနှိပ်ခန်းတန်းလျားကမှာ နေထိုင်ကြရပြီး ထွက်ပြေးလို့ မရအောင်လည်း အားကောင်းမောင်းသန်အမျိုးသား ၆ ယောက်လောက်က စောင့်ကြည့်ထားပါတယ်။

“ကျွန်မတို့ ညနေအလုပ်ချိန်ရောက်တာနဲ့ အနှိပ်ခန်းရှေ့မှာ တန်းစီပြီးဖောက်သည်ရှာရတာ ကျွန်မက မမြူဆွယ်တတ်လို့ ဖောက်သည် သိပ်မရတော့ အမြဲလိုလိုအလုပ်ရှင်ရဲ့ ဆဲဆိုတာခံရတယ်။ ဒါတွေသာမကသေးဘူး အလုပ်ရှင်တွေက ကျွန်မတို့ရဲ့ ဓါတ်ပုံနဲ့ နာမည်တွေနဲ့ sex အကောင့်ဖွင့်ပြီးတော့ ဖောက်သည်ရှာတယ်။ နေ့ည မရွေးဖောက်သည်ရရင် ရသလို အတူနေပေးရတယ်” လို့လည်း မရဲတရဲ ထပ်ပြီး ပြောပြလာပါတယ်။

ဖောက်သည်မရတဲ့ညတွေမှာ သူမတို့ထမင်း မစားရတဲ့အပြင် အဆောင်ကြေး၊ အဝတ်အစားနှင့် အစားအသောက်ဖိုး ကြေအောင်ကြိုးစားပြီး ဖောက်သည်ရှာပေးရပါတယ်။ ဒါ့အပြင် ဖောက်သည်မရှာနိုင်ရင် သူမတို့ကို ပိုမိုဆိုးရွားတဲ့ တစ်ခြားနေရာကို ပြန်ရောင်းစားမယ်ဆိုပြီး ဆဲဆိုကြိမ်းမောင်း ခြိမ်းခြောက်မှုတွေလည်း ခံရတယ်လို့ ဆိုပါတယ်။

ဖောက်သည်အမျိုးသားတစ်ချို့က လိင်ဆက်ဆံဖို့ လာသလို၊ အနှိပ်ခံဖို့လာတဲ့ သပ်သပ်လာတဲ့အမျိုးသားတွေကိုလည်း အလုပ်ရှင်‌က သူတို့ စိတ်ကြွလာအောင် နှိပ်နှယ်ခိုင်းပြီး  စိတ်ပါလာရင် အဲနေရာမှာပဲ တခါထဲ အတူနေလိုက်ရတယ်လို့ လည်း သူမက ပြောပါတယ်။

အဲဒီထဲမှာမှ ဖောက်သည်တစ်ချို့တွေဟာ လိင်ဆက်ဆံချိန် အကာကွယ်မသုံးချင်ကြတာရှိသလို အလုပ်ရှင်ကိုယ်၌ကလည်း အကာအကွယ်မသုံးဘဲ ဆက်ဆံရင် ပိုက်ဆံပိုပေးတယ်လို့ ဆိုပါတယ်။

“တစ်ချို့တွေက အကာအကွယ်မသုံးရင် ပိုက်ဆံပိုရတဲ့အတွက် အလုပ်ရှင်တွေက မသုံးခိုင်းကြဘူး။ ဒါပေမယ့် ဖောက်သည်တွေ သုံးချင်ရင်တော့ သုံးလို့တော့ရတယ်။ တချို့ဖောက်သည်တွေဆို မူးပြီး သူတို့စိတ်တိုင်းမကျရင် ရိုက်နက်ပြီး အကြမ်းနည်းနဲ့ လိင်ဆက်ဆံတာမျိုးလည်း ခံရတယ်” ဆိုပြီး သူမက ပြန်လည်ပြောပြပါတယ်။

အလုပ်ရှင်တွေက အလုပ်အဆင်ပြေဖို့အတွက် အားပန်(အမည်လွဲ) တို့ကို နှစ်ပတ်တစ်ကြိမ်လောက် ရောဂါစစ်ဆေးမှုတွေ လုပ်ပေးပေမယ့် ကုန်ကျစရိတ်တွေကိုတော့ လခထဲက အကုန်ပြန်ဖြတ်ယူတာကြောင့် ၃ လအတွင်း လခလည်း မရသလို ထမင်းဆိုတာဟာလည်း မြိုချရင် လည်ချောင်းရှမတတ်အောင် မာတောင့်နေတဲ့ ထမင်းနှင့် ငါးပိ၊ ဆီတိုဖူးတွေနဲ့ပဲ ကျွေးတဲ့အပြင် ထမင်းနပ်မမှန်တဲ့ရက်တွေလည်း ရှိခဲ့တယ်လို့ ပြောပါတယ်။

ဒီလို ခြိမ်းခြောက်ခံရမှုတွေကြား ပန်ဆန်းရောက်ပြီး ၃ လအကြာလောက်မှာတော့ သူငယ်ချင်းနှစ်ယောက်နှင့်အတူ ထွက်ပြေးဖို့ အစီစဉ် စတင်ပြင်ဆင်ခဲ့ကြပါတော့တယ်။

ပထမအကြိမ် ထွက်ပြေးဖို့ကြိုးစားချိန်မှာ ရောင်းစားခံနေရသူတွေထဲက တချို့တိုင်ပြောလိုက်လို့ ပြန်ဖမ်းမိသွားခဲ့ပါတယ်။

ဖမ်းဆီးခံသွားရပြီးတဲ့နောက်မှာတော့ အခန်းအပြင်ထွက်လို့မရတော့တဲ့အပြင် လုံခြုံရေးပါထပ်တိုးပြီး စောင့်ကြည့်ခံလိုက် ရပါတယ်။ ဒါပေမယ့် သူမတို့ဟာ ထပ်ပြီးထွက်ပြေးလွတ်မြောက်မယ့် အခွင့်အရေးတစ်ခုကိုသာ စောင့်ဆိုင်းနေပါတော့တယ်။

ဒီလိုနဲ့  တစ်ရက်မှာတော့ သူမ အလုပ်လုပ်နေတဲ့နေရာမှာ ပွဲတစ်ပွဲအတွက် အလုပ်ရှင်တွေ အလုပ်ရှုပ်နေတဲ့အချိန် ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပါတယ်။

“ကျွန်မတို့သုံးယောက် အလုပ်နေရာကနေ ထွက်ပြေးလာနိုင်ခဲ့ပြီးနောက် ၄-၅ နာရီခန့် အနှိပ်ခန်းနှင့် မနီးမဝေး ဆူး၊ ခြုံတော၊ အမှိုက်ပုံတွေကြားထဲ ပုန်းခိုခဲ့ရသေးတယ်။ အဲဒီနောက်မှ အင်တာနက်ကနေ ကားဂိတ်ဖုန်းနံပါတ်ရှာပြီးတော့ ပန်ဆိုင်း-လာရှိုး သွားမယ့် ကားသမားတွေကို ဖုန်းဆက်ပြီးတော့ ပုန်းနေတဲ့ နေရာမှာပဲ လာကြိုခိုင်းခဲ့တာ” လို့ ပြောပါတယ်။

လာကြိုပေးတဲ့ ကားသမားဟာ သူမတို့ ၃ ယောက်ကို နေအိမ်တစ်အိမ်မှာ ပို့ထားပြီးတော့ နောက်တစ်ရက်မှ လာခေါ်မှာဖြစ်ပြီး ပို့ထားတဲ့နေရာကနေ ဘယ်ကိုမှမထွက်ကြဖို့ ပြောဆိုပြီး ထွက်သွားခဲ့ပါတယ်။

ဒါပေမယ့် အဲဒီကားသမားဟာ ချိန်းဆိုထားတဲ့ နောက်မနက်ဆယ်နာရီထိ  ရောက်မလာခဲ့တဲ့အတွက် သူမတို့စိတ်မှာ မယုံသင်္ကာစိတ်တွေဖြစ်ပြီး အဲဒီနေရာကနေ တခြားဘက်ကို ထပ်မံထွက်ပြေးခဲ့ရပြီးတော့ ပန်ဆန်းကနေ လာရှိုးကို ခရီးဆက်နိုင်ခဲ့ကြပါတယ်။

အားပန် (အမည်လွဲ)ဟာ လိင်ကျွန်အဖြစ် ရောင်းစားခံရတဲ့ငရဲစခန်းထဲက ပြန်လည်လွတ်မြောက်လာခဲ့ပြီးတဲ့နောက် လူကုန်ကူးခံရသူတွေကို ကူညီထောက်ပံ့ပေးနေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ကူညီမှုနဲ့ ကျန်းမာရေးစစ်ဆေးမှုများ၊ စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုများကို ရရှိခဲ့ပါတယ်။

သူမအနေနဲ့ ပန်ဆန်းမှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပြန်စဥ်စားမိတိုင်း ကြောက်ရွံ့ထိတ်လန့်မှုနှင့် စိတ်မလုံခြုံမှုကို အမြဲခံစားနေရတဲ့အတွက် အဲဒီစိတ်ဒဏ်ရာတွေကို ပြန်လည်ကုသနေရတဲ့အခြေအနေမှာ ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ Covid-19 နှင့် စစ်အာဏာသိမ်းမှု မတိုင်ခင်က တရုတ်နှင့် ထိစပ်ဒေသတွေဖြစ်တဲ့ ကချင်ပြည်နယ်နှင့် ရှမ်းမြောက်က လူငယ်အများအပြားဟာ တရုတ်နိုင်ငံဘက်ကို အတင်းအဓမ္မထိမ်းမြားလက်ထက် ခံရခြင်း၊ လူကုန်ကူးခံရခြင်းနှင့် လုပ်အားခခေါင်းပုံဖြတ်ခံရမှု အများအပြားရှိခဲ့ပါတယ်။

အဲဒီနောက် Covid-19 ကြောင့် တရုတ်နယ်စပ်ပိတ်သွားပြီးတဲ့နောက် အလုပ်အကိုင်ရှားပါးသွားတဲ့အခြေအနေမှာ လူငယ်အများစုဟာ ရှမ်းမြောက် ပန်ဆိုင်းဒေသ နှင့် ကိုးကန့်ဒေသဘက်ကို အလုပ်အကိုင်ရရှိဖို့ ချိတ်ဆက်ပေးသူတွေနှင့် ဆက်သွယ်ပြီးတော့ ရောက်ရှိသွားကြပါတယ်။

ကိုဗစ်ရောဂါ မဖြစ်ခင် ထိုင်း နှင့် တရုတ်နယ်စပ် တစ်လျောက်မှာ လူကုန်ကူးခံရနှုန်းမှာ တစ်နှစ်လျှင်လူဦးရေ ၂၀၀ နှင့် ၃၀၀ ကြားခန့် ရှိခဲ့ပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက် ပိုင်းမှာတော့ လူကုန်ကူးခံရမှု အခြေအနေ ပိုမိုမြင့်တက်လာတယ်လို့ ဒီအခြေအနေတွေကို စောင့်ကြည့်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုရဲ့ စစ်တမ်းအရ သိရပါတယ်။

ဒါပေမယ့် ဒီစစ်တမ်းမှာ ထိုင်းနယ်စပ်တလျောက်က အစိုးရဘက် တာဝန်ယူဖြေရှင်းနေတဲ့ လူကုန်ကူးခံရမှု ဖြစ်စဉ်တွေ မပါသေးဘူးလို့ သိရပါတယ်။

ကချင်ပြည်နယ်ဟာ တရုတ်နယ်စပ်မြို့ဖြစ်တဲ့အလျောက် အရင်ကတည်းက တရုတ်နိုင်ငံဘက်ကို တရုတ် ဇနီးမယားအဖြစ် သို့မဟုတ် လိင်ကျွန်အဖြစ် ရောင်းစားခံရသူတွေရှိခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ထူးဆန်းစွာဘဲ ဝပြည်နယ်ဘက်ကို လိင်ကျွန်အဖြစ်ရောင်းစားခံရသူတွေဟာ အရင်ထက်များလာနေတယ်လို့ ကချင်အမျိုးသမီးအဖွဲ့စည်းတွေက ထောက်ပြနေကြပါတယ်။

ဒါ့အပြင် လိင်ကျွန်အဖြစ်ရောင်းစားခံရတဲ့သူတွေအနေနဲ့ တိုင်တန်းနိုင်မယ့် ယန္တရားမရှိသလို အာဏာသိမ်းပြီးနောက်ပိုင်းလည်း အစိုးရရဲ့ အုပ်ချုပ်ရေးယိုယွင်းလာတာတွေကြောင့် ပြစ်မှုကျူးလွန်ခံရတဲ့ အမျိုးသမီးငယ်တွေအတွက် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တာ မရှိသလို ပြစ်မှုကျူးလွန်သူတွေကို အရေးယူမှုအပိုင်းမှာလည်း အားနည်းလာတယ်လို့ ကချင်အမျိုးသမီး အရပ်ဘက်အဖွဲ့စည်းတစ်ခုဖြစ်တဲ့ Htoi Gender Development Foundation အဖွဲ့ ဒါရိုက်တာ ဒေါ်နန်ပူ က အခုလို သုံးသပ်ပြောဆိုပါတယ်။

“အာဏာသိမ်းပြီးနောက်ပိုင်း တရားရေးရုံးလုပ်ငန်းစဉ်တွေကလည်း ပြည်သူတွေကို ရန်သူလိုမြင်လာတဲ့ချိန်ကျတော့ ပြည်သူတွေရဲ့အခက်ခဲတွေကို မြန်မြန်ဆန်ဆန် ဖြေရှင်းမပေးတဲ့အပြင် လိင်ကျွန်ပြုတဲ့သူတွေကို မြင်နေပေမယ့် ဖမ်းဆီးအရေးယူတာတွေ အားနည်းတယ်။ ပြစ်ဒဏ်ချမှတ်ချိန်မှာလည်း ပေ့ါပေါ့လျော့လျော့ ချမှတ်တာတွေကြောင့် ခုနောက်ပိုင်း လိင်ကျွန်ရောင်းစားခံရ တာတွေက မရှိသလိုဖြစ်လာနေတယ်။ အမှန်တော့ အမှောင်ကမ္ဘာမှာ။ ဒါတွေက ပိုဆိုးလာနေတယ်ဆိုတာ သိဖို့လိုအပ်တယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူကုန်ကူးမှုဖြစ်ပွားစေတဲ့ အကြောင်းရင်း အရင်းအမြစ်တွေဟာ ဆင်းရဲနွမ်းပါးမှု၊ အလုပ်အကိုင်ရှားပါးမှု၊ လစာနည်းပါးမှု၊ ဝင်ငွေနှင့် ထွက်ငွေမမျှမှု၊ လူကုန်ကူးမှုနှင့် ပက်သက်ပြီး ကာကွယ်ပေးတဲ့ တင်းကျပ်တဲ့ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ၊ လိုက်နာဆောင်ရွက်မှု နည်းပါးခြင်းနှင့် မရှိခြင်းတို့ကြောင့် ဖြစ်တယ်လို့ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးနှင့် ပက်သက်ပြီး အဓိကလုပ်ဆောင်နေသော ဒေသအခြေပြု NGOs၊ CSOs အဖွဲ့အစည်းအချို့က ပြောဆိုထားပါတယ်။

တစ်ဖက်မှာလည်း ကချင်ပြည်နယ်အထက်ပိုင်း ချီဖွေမြို့နှင့်  ပန်ဝါဘက်က မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းခွင့်တွေမှာဆိုရင် အမျိုးသမီးတွေဟာ တရုတ်သူဌေး တွေနဲ့အတူ ပေါင်းသင်းနေထိုင်ရတဲ့ အိပ်ယာခင်း အလုပ်လုပ်နေကြပြီး လစာအနေနဲ့ တရုတ်ယွမ် ၅၀၀၀ မှ ၁၀၀၀၀ ကြားရရှိနေတဲ့အတွက် အလုပ်ရှာဖွေပေးသူ (ပွဲစား) နဲ့ လုပ်ကိုင်သူများကြား ပေါ်ပေါ်ထင်ထင် လုပ်ကိုင်လျှက်ရှိနေတယ်လို့ သိရပါတယ်။

အထူးသဖြင့် လိင်လုပ်သားအဖြစ် ရောင်းစားခံရသူတွေ သို့မဟုတ် လုပ်ကိုင်နေသူကြသူတွေဟာ ပွဲစားတွေရဲ့လုပ်အားခ ခေါင်းပုံဖြတ်မှုတွေကို ခံနေကြရပေမယ့် တိုင်ကြားရမယ့် နေရာမရှိဘူးလို့ ရင်ဖွင့် ပြောဆိုနေကြပါတယ်။

နှင်း (Hnin)

Show More

Related Articles

Back to top button