တိုက်ပွဲ

ကားမိုင်းအထွက် ကျောက်ထုရွာမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ

ကားမိုင်းကနေ ဖားကန့်လမ်းအတိုင်းတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့က ကားမိုင်းမြို့အထွက် ကျောက်ထုကျေးရွာ အနားမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်နဲ့  အပြန်အလှန် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်အင်အား ၁၀၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဒီကနေ့ မနက် ၉  နာရီလောက်မှာ ကားမိုင်းမြိို့က နေ ဖားကန့်ဘက်ကို ထွက်လာအချိန်မှာပဲ ကျောက်ထုကျေးရွာအရောက် ကချင်လွတ်လပ်ရေးတပ်မတော် KIA က စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ KIA နဲ့ နီးစပ်တဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။

“စစ်ကောင်စီစစ်သားတွေက ကားမိုင်းကနေ ထွက်လာတဲ့အချိန် လမ်းတစ်လျှောက်ကြောက်လို့ လက်နက်ငယ်တွေ ပစ်ပြီးတက်လာကြတာဟုတ်တယ်။ မအူပင်လည်း ကျော်သွားပြီး ကျောက်ထုနားရောက်တော့ ကျနော်တို့ဘက်က စောင့်နေတာ အဲ့မှာပစ်ကြတာဟုတ်တယ်။ အခု ၁၁ နာရီခွဲလောက်အထိ လက်နက်သံတွေက ဆက်တိုက်ကြားနေတာဖြစ်တယ်”ပြောပါတယ်။

နှစ်ဖက်တပ် အပြန်အလှန်ဖြစ်ပွားတဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်ကနေ ထိခိုက်သေဆုံးမှုရှိပြီး ထိခိုက်ဒဏ်ရာရရှိသူများကို ကားမိုင်းဘက်ကို သယ်ဆောင်သွားတာတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါပေမယ့် ၂ ဖက်တပ် ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီးတော့ KNG အနေနဲ့ အတည်ပြုနိုင်တာမရှိသေးပါဘူး။

လက်ရှိ စစ်ကောင်စီတပ်နဲ့ KIA တပ်ဖွဲ့ကြားမှာ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ဖားကန့်လမ်းတစ်လျှောက်မှာရှိကြတဲ့ ဆိုင်းဖရာ၊ ဂတ်နွယ်၊တံတားညီနောင်နဲ့ ခွမ်စိုင်ဇွပ်ဒေသခံပြည်သူတွေက ထွက်ပြေးတိမ်းရှောင်ဖို့ ပြင်ဆင်နေကြတယ်လို့ သတင်းအရင်းအမြစ်ကပြောပါတယ်။

ဒါပေမယ့် အဲ့ဒီ ကျေးရွာတွေမရောက်မှီ နန့်ယားစစ်တပ်ဂိတ်မှာ စစ်ကောင်စီတပ်က အသွားအလာ အားလုံးပိတ်ဆို့ထားတဲ့အတွက် ထွက်လို့မရပဲ ကျေးရွာထဲမှာသာ ပုန်းရှောင်နေကြတယ်လို့ သိရပါတယ်။

အဲဒီစစ်ကောင်စီတပ်ဟာ ဩဂုတ်လ ၁၇ ရက်နေ့ မိုးကောင်းမြို့နယ်ဘက်ကနေ ဖားကန့်ဘက်ကို စစ်ကား ၃ စီးနဲ့တက်လာတဲ့ စစ်ကြောင်းဖြစ်ပြီး ဒီနေ့မနက် ကားမိုင်းကနေ ပြန်လည်ထွက်ခွာလာတဲ့အချိန် တိုက်ခိုက်ခံရတာဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီစစ်ကောင်စီတပ်ဖွဲ့တွေဟာ ဆိုင်းဖရာ၊ ဂတ်နွယ်၊ တံတားညီနောင်နဲ့ ခွမ်စိုင်ဇွပ် စတဲ့ကျေးရွာတွေမှာ တပ်ချဖို့တက်လာတဲ့အဖွဲ့ဖြစ်တယ်လို့သိရပြီး စစ်ကြောင်းတက်လာတဲ့ တစ်လျှောက်မှာ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရတဲ့ ဒေသခံပြည်သူတွေလည်းရှိနေတယ်လို့ သိရပါတယ်။

Show More

Related Articles

Back to top button