သတင်း

နန့်ယားမှာ ပြည်သူတစ်ထောင်ကျော် ပိတ်မိနေ

စစ်ရေးတင်းမာနေတဲ့ ဖားကန့်လမ်းတစ်လျှောက်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့  ၂ ဖက်စလုံး သွားလာရေးလမ်းကြောင်းတွေ ပိတ်ဆို့ထားတာ ၃ ရက်လောက်ကြာမြင့်လာပြီဖြစ်တဲ့တွက်  နန့်ယားကျေးရွာထဲက ယာဉ်ရပ်နားစခန်းနေရာမှာ ပြည်သူ ၁၅၀၀ လောက်က ပိတ်မိနေကြတယ်လို့ သိရပါတယ်။

ဖားကန့်လမ်းသွားလမ်းပေါ်မှာ ဩဂုတ်လ ၂၂ ရက်နေ့မှစတင်ပြီး စစ်အင်အား ၁၀၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီ တပ်မ ၃၃ စစ်ကြောင်းတွေက ကားမိုင်းဘက်ကနေ ဖားကန့်လမ်းအတိုင်းထွက်ခွာလာတဲ့အချိန် မအူပင်ရွာ အထက် ကျောက်ထုကျေးရွာအနီးတဝိုက်မှာ KIA တပ်ဖွဲ့ရဲ့  ကြားဖြတ်တိုက်ခိုက်ခံလိုက်ရတဲ့နောက်တစ်ရက် လမ်းကြောင်း ပိတ်ဆို့လိုက်ပါတယ်။

အဲဒါကြောင့် လက်ရှိမှာ ဖားကန့်ဘက်ကို တက်လာတဲ့ ခရီးသည် တစ်ထောင့်ငါးရာလောက်နဲ့ ကုန်းကား သုံးရာကျော်က သွားလာလို့မရပဲ ပိတ်မိနေပြီး အစားအသောက်ခက်ခဲနဲ့ နေထိုင်ဖို့ ပြဿနာအခက်အခဲဖြစ် နေကြတယ်လို့ နန့်ယားဒေသခံတစ်ယေက်က KNG ကိုပြောပါတယ်။

ဘာတွေခက်နေကြသလဲဆိုတော့ အရေးတကြီးဖျားနာတဲ့သူတွေ စျေးသွားစျေးပြန်လုပ်လို့မရတော့တာက အခက်ဆုံးပေါ့။ ပြီးရင် ဒီမှာက ခရီးသည်တွေ တစ်ထောင်ကျော်ရှိတယ်။ အိပ်မယ့်နေရာလည်းမရှိ တည်းခိုခန်းတွေလည်း ပြည့်ကြပ်နေတာ။ တစ်ချို့ဆို စားသောက်ဆိုင်တွေမှာ ဖြစ်သလို အိပ်ကြတာ။ ပြီးရင် ဘုရားကျောင်းဝင်တွေမှာနေကြတယ်။ တစ်ချို့ကစားစရာမရှိတော့တဲ့အထိဖြစ်တယ်။ ရွာက ဘုန်းကြီးတစ်ပါးက ပိုက်ဆံထုတ်ပြီး မိခင်တွေကို ချက်ပြုတ်ခိုင်းပြီးကျွေးပေးတာ ၂ ရက်ရှိပြီ

လက်ရှိ နန့်ယားကျေးရွာမှာ ပိတ်မိနေကြတဲ့ ပြည်သူ တစ်ထောင်ကျော်ဟာ တည်းခိုခန်းနေရာ၊ ဆွေမျိုးအိမ်၊ ဘုရားကျောင်းဝင်းနဲ့ ဘုန်းကျောင်းနေရာတွေမှာ သောင်တင်နေကြပြီး အချိန်ကြာမြင့်လာတဲ့အတွက် အစားအသောက်ပြတ်လပ်လာတဲ့ အခက်အခဲကြုံတွေ့လာရတာဖြစ်တယ်လို ဒေသခံတွေကပြောပါတယ်။

တစ်ဖက်မှာလည်း ၂ ဖက်လက်နက်ကိုင်အဖွဲ့ကနေ လမ်းပိတ်ဆို့ထားမှုကို ၃ ရက်လောက် ပိတ်ထားပြီး ပြန်လည်ဖွင့်ပေးမယ်လို့ ပြောဆိုထားတာကြောင့် လမ်းဖွင့်မယ့် ရက်ကို စောင့်ဆိုင်းနေကြတာလည်းဖြစ်ပါတယ်။

အခုလို သွားလာရေးလမ်းတွေ ပိတ်ဆို့ခံထားရတဲ့အတွက် ဖားကန့်လမ်မပေါ်မှာရှိကြတဲ့ နန့်ယားအပါ ကပ်မှော်၊ ခွန်စိုင်ဇွပ်၊ ပျားအုံး၊ တံတားညီနောင် စတဲ့ကျေးရွာနေပြည်သူတွေက လက်ရှိမှာ လုံခြုံရေးအတွက် စိုးရိမ်ရပြီး လုပ်ကိုင်ထားတဲ့ လယ်ယာလုပ်ငန်းတွေကို လုပ်ကိုင်မရပဲ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

ဒါကြောင့် ဒေသခံတွေဟာ စားဝတ်နေရေးအတွက် ပုံမှန်လုပ်ကိုင်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်မရတော့တဲ့အခြေအနေမှာ ရင်ဆိုင်နေရတဲ့ ဆိုင်းဖရာဒေသခံတစ်ယောက်ကသူတို့ ၂ ဖက်စစ်တပ် အချင်းချင်း တင်းမာနေကြတဲ့ အခြေအနေထဲမှာ ကျနော်တို့ပြည်သူတွေက အစားအသောက်အရမ်းခက်လာတဲ့ အဆင့်ထိရောက်လာပြီ။ ဒီမှာ ရှိတဲ့ ဆိုင်တွေကလည်း လမ်းတွေပိတ်လိုက်တော့ စျေးဆိုင်တွေလည်း အကုန်ပိတ်သွားပြီ။ ဝယ်စားဖို့နေရာတောင်မရှိတော့ဘူး။ ဒီထက်သာ ဆက်ပိတ်ထားမယ်ဆိုရင် ပိုခက်လာဖို့ပဲရှိတယ်ကပြောပါတယ်။

အဲဒီကျေးရွာတွေဟာ လက်ရှိ နန့်ယားကျေးရွာဘက်ကို စစ်ကောင်စီ စစ်ကြောင်းထိုးဝင်လာတဲ့ သတင်းကြားပြီးနောက် ဩဂုတ်လ ၂၀ ရက်လောက်မှာ နန့်ယားကျေးရွာတွေမှာ အများဆုံးလာရောက်တိမ်းရှောင်နေကြပါတယ်။ အဲထဲမှာ ဆိုင်းဖရာရွာသားတွေက စပေါ့မှော်အနီးတဝိုက် ပတ်ဝန်းကျင်တွေမှာ တိမ်ရှောင်နေကြတာလည်းဖြစ်ပါတယ်။

ဖားကန့်ဘက်ကို ဦးတည်ပြီး ဩဂုတ် ၁၇ ရက်နေ့လောက်က မိုးကောင်း၊ နမ္မတီးဘက်က တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ နန့်ယားကျေးရွာမှာ ရောက်ရှိတဲ့ ၂ ရက်လောက်အကြာမှာ ဩဂုတ်လ ၂၅ ရက်နေ့ နန့်ယားကျေးရွာကနေ ဖားကန့်ဘက်ကို ပြန်ပြီးထွက်ခွာကြပြီဖြစ်ပါတယ်။

အဲဒီကြောင်းတွေဟာ လမ်းတစ်လျှောက် KIA က ပိတ်ဆို့ထားပြီး စစ်ကြောင်းတက်လာချိန် ပစ်ခတ်ခံရမှာကို စိုးရိမ်တဲ့အတွက် နန့်ယားရွာက ထွက်လာချိန် ရွာအတွင်းက စစ်ရှောင်အပါအဝင် အရပ်သားပြည်သူ ၃၀ ကျော်လောက်ကို လူသားဒိုင်းအသုံးပြု ဖမ်းဆီးခေါ်ဆောင်သွားတာလည်းဖြစ်ပါတယ်။

လက်ရှိ အဲဒီစစ်ကြောင်းအဖွဲ့ဟာ ဒီနေ့ မနက်ပိုင်းအထိ ကပ်မှော်ရွာအနီးတဝိုက်မှာ ရောက်နေကြပြီဖြစ်တယ်လို့ သိရပြီး တက်လာတဲ့ လမ်းကြောင်းတစ်လျှောက်မှာ KIA တပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

Show More

Related Articles

Back to top button