သတင်း

ဖားကန့်မှာ လုယက်၊ဓါးမြတိုက်၊ခြိမ်းခြောက်ငွေကြေးတောင်းခံနေတဲ့ ပျူစောထီးခေါင်းဆောင် ဗိုလ်စောမောင်ဖမ်းဆီးရမိ

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ လုယက်၊ဓါးမြတိုက်၊ခြိမ်းခြောက်ငွေကြေးတောင်းခံနေတဲ့ ပျူစောထီးခေါင်းဆောင် ဗိုလ်စောမောင်ဆိုသူကို ဖမ်းဆီးရမိထားပြီလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ KPDF တွေဆီကနေ သိရပါတယ်။

အဲဒီ ပျူခေါင်းဆောင် ဗိုလ်စောမောင်ကို ဒီလ ပထမအပတ်မှာ ဆိုင်းတောင်ရပ်ကွက် နေအိမ်တစ်အိမ်မှာငွေတောင်းခံ‌‌နေချိန် ရပ်ရွာပြည်သူများဝိုင်းဝန်းဖမ်းဆီးပေးခဲ့တာဖြစ်တယ်လို့ KPDF အဖွဲ့ဝင်တစ်ဦးက အခုလိုပြောပြပါတယ်။

သူ့ကိုမိတုန်းက သေနတ်(အတု)အတို တစ်လက်ပါတယ်၊အဲ့ဒီသေနတ်မှာလည်း နောက်ယောင်ခံကိရိယာ(GPS) တပ်ထားတာကို တွေ့ရတယ်လို့ ဖားကန့်ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ပျူစောထီးခေါင်းဆောင် ဗိုလ်စောမောင်နှင့်အဖွဲ့ဟာ ဖားကန့်ဒေသမှာ‌ နေထိုင်တဲ့ လုပ်ငန်းရှင်‌တွေ၊စားသောက်ဆိုင်၊ကုန်စုံဆိုင်၊ KTV ဆိုင်တွေကို ခြိမ်းခြောက်စာများပေးပို့ပြီး ငွေကြေးတောင်းခံထားတဲ့အကြောင်း ဝန်ခံထွက်ဆိုထားတယ်လို့လည်း  သိရပါတယ်။

အလားတူ ဗိုလ်စောမောင်ဟာ ဖားကန့်မှာရှိတဲ့ မြို့မလက်ဖက်ရည်ဆိုင်ပိုင်ရှင်ကိုလည်း ခြိမ်းခြောက်၊ပြန်ပေးဆွဲ၊ငွေတောင်းတဲ့ အသံဖိုင်တစ်ဖိုင်ကို ကချင်သတင်းဌာန KNG က ရရှိထားပါတယ်။

အဲဒီအသံဖိုင်ထဲမှာ ဗိုလ်စောမောင်ဟာ ငွေကျပ် သိန်း ၂၅၀ တောင်းဆိုခဲ့ပြီး၊ရရှိပါက ဆိုင်ပိုင်ရှင် ပြန်လည်လွတ်မြောက်အောင် စစ်တပ်အရာရှိတွေဖြစ်တဲ့ အဘတွေကို ပြောပေးမယ်ဆိုပြီး ပြောဆိုထားတာတဲ့အပြင် လက်ရှိ ကာကွယ်ရေးတပ်တွေဖမ်းဆီးရမိချိန်မှာလည်း ငွေကြေးတောင်းခံတာတွေဟာ မှန်ကန်ကြောင်းကိုလည်း ဝန်ခံထွက်ဆိုထားပါတယ်။

ဗိုလ်စောမောင်ရဲ့ ဝန်ခံထွက်ဆိုချက်တွေမှာ ဗိုလ်စောမောင်အပါအဝင် ဖားကန့်မှာ လှုပ်ရှားနေတဲ့ ပျူစောထီးအဖွဲ့တွေကို တပ်မ  ၃၃ ဗိုလ်မှူးမင်းထက်အောင်ဆိုသူက ညွန်ကြားခိုင်းစေခဲ့ပြီး၊ခြိမ်းခြောက်၊ဓါးမြတိုက်ရာကနေ ရရှိတဲ့ ငွေကြေးတွေကို ဝေစုခွဲဝေပေးရတယ်လို့လည်း ထွက်ဆိုထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကျောက်စိမ်းတွင်းဒေသမှာ ခိုး၊ ဆိုး၊ လုယက်၊ ဓါးမြတိုက်၊ လူသတ်မှုတွေ နေ့တိုင်းလိုလိုဖြစ်နေတာဟာ လက်ရှိအာဏာရယူထားတဲ့ စစ်တပ်ကိုယ်၌ ဒီကိစ္စတွေအားလုံးကို နောက်ကွယ်က‌‌နေ ကြိုးကိုင်နေတဲ့အတွက် ဥပဒေစိုးမိုးမှု မရှိတော့တာဖြစ်တယ်လို့ ဖားကန့်မှာ နေထိုင်တွေက ပြောပါတယ်။

ဒါကြောင့် လက်ရှိ ဖားကန့်မှာတော့ လုပ်ငန်းရှင်တစ်ချို့နဲ့ အရပ်သားပြည်သူတွေဟာ နေ့စဉ်ကြောက်ရွံ့စိုးရိမ်နေရတယ်လို့ ဖားကန့် လုံးခင်းရပ်ကွက်က ပြည်သူတစ်ယောက် ခုလိုပြောပါတယ်။

အခုက လူကောင်းတွေဒုက္ခရောက်နေတဲ့ခေတ်ပေါ့၊ဆရာဝန်တွေ၊လုပ်ငန်းလုပ်နေသူတွေ ဘယ်အချိန်အဖမ်းခံရမလဲ၊အသတ်ခံရမလဲဆိုတာ ထိုင်စောင့်နေရသလိုပါပဲလို့ ပြောပါတယ်။

ဖားကန့်မှာ ဩဂုတ်လအတွင်း လမ်းပေါ်မှာ သေနတ်နဲ့ပစ်သတ်ခံရပြီး အလောင်းလာရောက်စွန့်ပစ်ခဲ့တဲ့ရုပ်အလောင်း ငါးလောင်းတွေ့ရှိခဲ့တယ်လို့ ဒေသန္တရ မှတ်တမ်းတွေအရ သိရပါတယ်။

အလားတူပဲ အရင်က ဖားကန့်ပြည်သူ့ဆေးရုံးအုပ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ဖူးသူ ဒေါက်တာသိန်းမြင့်ဝေအား စစ်တပ်မှဖမ်းဆီး၍ ၅၀၅-(က) ဖြင့် အမှုဖွင့် အရေးယူခဲ့ပါတယ်။

ဒါ့အပြင် ဒေသတွင်း လုပ်ငန်းရှင် မြန်မာသူရကျောက်မျက်ကုမ္ပဏီပိုင်ရှင် ကိုကျော်သူရနှင့် မှော်စီစာကျေးရွာ လောပန်းကြီး ဦးအိုက်ရီတို့ကိုလည်း စစ်တပ်ဖမ်းဆီး အမှုဖွင့် အရေးယူတာတွေကြောင့် လုပ်ငန်းရှင်တချို့လည်း တိမ်းရှောင်နေထိုင်နေရတာတွေ ရှိနေပါတယ်။

ဒါဟာ စစ်တပ်ဟာ ဖားကန့်ကို ထိန်းချုပ်လို့ မရတော့အတွက်  ပြည်သူတွေကို ခြိမ်း‌ခြောက်ပြီး အကြောက်တရားနေထိုင်‌စေဖို့ စစ်တပ်က ဒီပြသာနာတွေကို တမင်ဖန်တီးနေတာဖြစ်တယ်လို့ ဖားကန့်မှာ နေထိုင်တဲ့ အမည်မဖော်လို နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ယောက်ကလည်း သုံးသပ်ပြောဆိုပါတယ်။

ဖားကန့်မှာ လုယက်၊ဓါးမြတိုက်၊ခြိမ်းခြောက်ငွေကြေးတောင်းခံနေတဲ့ ဗိုလ်စောမောင်ကို ဖမ်းဆီးလိုက်တဲ့ နောက်မှာလည်း အလားတူဖြစ်စဉ် ဆက်တိုက် ဖြစ်ပေါ်နေဆဲဖြစ်တဲ့အပြင် ခုရက်ပိုင်း ပစ်ခတ်ရေးအဖွဲ့ဆိုတဲ့ နာမည်နဲ့ ငွေခြိမ်းခြောက်တောင်းခံတဲ့အဖွဲ့တစ်ဖွဲ့လည်း ထပ်ပေါ်လာတယ်လို့ သိရပါတယ်။

Show More

Related Articles

Back to top button