တိုက်ပွဲသတင်း

နန့်ယားဒေသခံအပါအဝင် ခရီးသည်နဲ့ကားသမား ၃၀ ကျော်ကို စစ်တပ်ကလူသားဒိုင်း အနေနဲ့ဖမ်းဆီးသွား

ဖားကန့်ဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေက မနေ့ည နန့်ယားရွာက ဒေသခံတွေအပါအဝင် ရွာမှာတည်းခိုနေတဲ့ ခရီးသည်၊ကားသမား စုစုပေါင်း ၃၀ ကျော်ကို လူသားဒိုင်းအနေနဲ့ဖမ်းဆီးသွားတယ်လို့ နန့်ယားဒေသခံတွေဆီကနေ သိရပါတယ်။

မနေ့ည ၈ နာရီလောက်ကနေ ၁၁ လောက်အထိရွာထဲမှာ လိုက်ဖမ်းနေတာ။ နန့်ယားမှာရောက်နေတဲ့ စစ်ကြောင်းတွေက ဖားကန့်ဘက်ကို ပြန်သွားဖို့ သူတို့ရဲ့ စစ်ကြောင်းထဲမှာ ပါဝင်ပေးဖို့ ဖမ်းဆီးသွားကြတာဟုတ်။ လိုက်ဖမ်းတာက ညအချိန်ဆိုတော့ အခုချိန်အထိ ဘယ်လောက်အထိပါသွားတယ်ဆိုတာကို အသေးစိတ်မသိရသေးလို့ နန့်ယားဒေသခံအမျိုးသားတစ်ယောက်က ပြောပါတယ်။

အဲဒီစစ်ကောင်စီတပ်တွေက ဩဂုတ်လ ၂၂ ရက်နေ့ ကားမိုင်းကနေ ဖားကန့်ဘက်ကိုစစ်ကြောင်းထိုး လာတာဖြစ်ပြီး နန့်ယားမရောက်ခင် ကျောက်ထုရွာနားမှာ KIA ဘက် စောင့်ကြိုပစ်ခတ်ခံရတဲ့အပြင် နန့်ယားအထက်မှာလည်း KIA ဘက်က လမ်းပိတ်တဲ့အတွက် ဖားကန့်ဘက်ကို ဆက်မတက်ဘဲ နန့်ယားမှာ ၂ ရက်တာ ဝင်ရောက်နေတဲ့စစ်ကြောင်းဖြစ်ပါတယ်။

စစ်တပ်က လိုက်ပြီးဖမ်းဆီးသွားတဲ့ထဲမှာ နန့်ယားကျေးရွာမှာ ပိတ်ဆို့ခံထားရတဲ့ ကားသမားတွေအပါ နန့်ယား KBC ခရစ်ယာန်ဘုရားကျောင်းဝင်းမှာ လာရောက်စစ်ဘေးရှောင်နေကြတဲ့ ဒေသခံတစ်ချို့ပါဝင်တယ်လို့ သိရပါတယ်။

စစ်တပ်အနေနဲ့ ခုလိုအရပ်သားတွေကို လူသားဒိုင်းဖမ်းဆီးခေါ်ဆောင်သွားတာဟာ နန့်ယားကျေးရွာ အထက်ဘက် ကချင်လွတ်လပ်ရေးတပ်မတော် KIA က သွားလာခွင့်ပိတ်ဆို့ထားတဲ့အတွက် စစ်ကြောင်းသွားလာချိန် ပစ်ခတ်မခံရဖမ်းသွားတာဖြစ်တယ်လို့ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ ဒီနေ့မနက်အစောပိုင်း နန့်ယားကျေးရွာက ထွက်လာချိန်ပစ်ခတ်တိုက်ခိုက်ခံ ရတာမရှိသေးပေမယ့် စစ်ကြောင်းထိုးလာတဲ့လမ်းတစ်လျှောက် လက်နက်ကြီးလက်နက်ငယ် ရမ်းသမ်းပစ်ခတ်တာတွေရှိတာကြောင့် ဖားကန့်လမ်းမပေါ်မှာရှိတဲ့ ကျေးရွာတစ်ချို့က နီးစပ်ရာ တောတွင်းနေရာတွေမှာ ပုန်းရှောင်နေရတယ်လို့ သိရပါတယ်။

လူသားဒိုင်းပါဝင်တဲ့ စစ်ကြောင်းဟာ နန့်ယားအထက် ကပ်မှော်ကျေးရွာမှာရှိနေပြီဖြစ်တယ်လို့ သိရပြီး ဆက်လက်ပြီးတော့ ထွက်ဖို့ရှိနေတဲ့အတွက် ကပ်မှော်ကျေးရွာထက်မှာရှိတဲ့ ဆိုင်းဖရာကျေးရွာအပါ ရွာစောင့်အဖြစ် ကျန်ရှိနေကြတဲ့ ဒေသခံတစ်ချို့က စစ်ကောင်စီဘက်ကနေ အန္တရာယ်ပြုလာမှာကို စိုးရိမ်နေကြပါတယ်။

  လက်ရှိ ဖားကန့်လမ်းတစ်လျှောက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် စစ်ရေးတင်းမာမှုဖြစ်ပေါ်နေတာ တစ်ပတ်လောက်ကြာမြင့်လာပြီဖြစ်ပြီးတော့ ၂ ဖက်တပ်ကနေ သွားလာလို့မရအောင် လမ်းကြောင်းတွေ ပိတ်ဆို့ထားဆဲလည်းဖြစ်ပါတယ်။

ခုထိသွားလာလို့ မရသေးဘူး ပိတ်ထားတုန်းလမ်းတွေက ဒီမှာရောက်နေတဲ့ကားသမားတစ်ချို့ကလည်း ဖမ်းခံရတာရှိတယ်။ ဖားကန့်ကို ဘယ်ချိန်ရောက်နိုင်မလဲတော့ မသိတော့ဘူး

လက်ရှိ ဖားကန့်လမ်းမှာ လမ်းကြောင်းပိတ်ထားတဲ့အပြင် စစ်တပ်ဘက်က ဖားကန့်ဘက်ကို စစ်ကြောင်းထိုးနေဆဲဖြစ်တဲ့အတွက် နှစ်ဖက်စစ်ရေးတင်းမာနေတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ စစ်ကြောင်းထိုးရာဘက်ကိုလည်း လက်နက်ကြီးနဲ့ပစ်နေတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။

Show More

Related Articles

Back to top button