ဖမ်းဆီးသတ်ဖြတ်ခံနေရတဲ့သတင်းသတင်း

စစ်တပ်က ဖမ်းဆီးသွားတဲ့ ကချင်အမျိုးသား မိုးကောင်းဒေသခံတစ်ဦး စစ်ကြောရေးမှာသေဆုံး

မိုးကောင်းမြို့နယ် နတ်ကြီးကုန်း၊ ပျော်လင့်ရပ်ကွက် ( Pyaw Len lawk)က ဖမ်းဆီးခံသွားရတဲ့ ဝဘော်တန်ဂွန်းမိသားစု ၃ ယောက်ထဲက ဖခင်ဖြစ်တဲ့ ဝဘော်တန်ဂွန်းစစ်ကြောရေးမှာ သေဆုံးသွားပြီလို့ မိုးကောင်းဒေသခံတွေကပြောပါတယ်။

“မိန်းမနဲ့ကလေးရှေ့မှာတင် စစ်ဆေးမေးမြန်းတာတဲ့ အဲမှာလက်လွန်သွားလို့ သေသွားပြီဆိုပြီးတော့ ဒီနေ့ ၁၁ နာရီလောက်မှာ အိမ်ကမိသားစုဝင်တွေကို ဖုန်းဆက်လာတာ။ မိသားစုဝင်တွေက သေသွားပြီဆိုလည်း ခရစ်ယာန်ဘာသာနဲ့ သဂြိုလ်မယ်ပေါ့အလောင်းတောင်းတာမပေးဘူး”လို့ မိုးကောင်းဒေသခံတစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် အသက် ၄၀ ကျော်အရွယ် ဦးဝဘော်တန်ဂွန်းနဲ့အတူ ဖမ်းဆီးခံသွားရတဲ့ ဇနီးဖြစ်သူနဲ့သားကိုလည်း စစ်တပ်က ဒီနေ့ချိန်ထိဖမ်းဆီးထားဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ဩဂုတ်လ ၁၉ ရက်နေ့ မိုးကောင်းမြို့ အထက ၁ ကျောင်းမှာ ကျောင်းလာကြိုတဲ့ကား ပစ်ခတ်ခံရပြီးတဲ့ညကနေစပြီး မိုးကောင်းမြို့တွင်း၊မြို့ပြင် မသင်္ကာတဲ့အရပ်သားပြည်သူ ၇၀ ယောက်လောက်ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဲဒီဖမ်းဆီးခံရတဲ့ အရပ်သား ၇၀ ကျော်ထဲမှာ အမည်စာရင်းတိတိကျကျသိရသူ အရပ်သား ၁၇ ယောက်သာရှိခဲ့ပြီး ဝဘော်တန်ဂွန်းမိသားစုတွေအပြင် ကျန်တဲ့သူတွေရဲ့ အမည်စာရင်းတိတိကျကျမသိရဘူးလို့ ဆိုပါတယ်။

“ခုနာမည်စာရင်း တိတိကျကျ သိရတာ ၁၇ ယောက်ဘဲရှိတယ် ခုဆုံးသွားတဲ့တန်ဂွန်းတို့က အဲနာမည်စာရင်း ၁၇ ယောက်ထဲမပါဘူး။အဲတော့ စစ်ကြောရေးမှာ ထပ်ဆုံးတာလည်းရှိနိုင်တယ်လို့တော့ တစ်ချို့တွေက သုံးသပ်နေတာရှိတယ်” လို့ မိုးကောင်းဒေသခံအမျိုးသားတစ်ယောက်က ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ထဲမှာ အမျိုးသမီးတွေနဲ့ အသက် ၁၂ နှစ်အရွယ်ကလေးငယ် တစ်ဦးလည်းပါဝင်ပြီးတော့ ဖမ်းဆီးခံရတဲ့ထဲ နာမည်စာရင်း ရရှိထားသူတွေဟာ ဩဂုတ်လ ၂၀ ရက်နေ့ ရွှေသာလောင်းဘုရားဝန်းထဲက သာသနာ့ဗိမာန်ရှေ့ အားကစားပစ္စည်းဆိုင်က လူငယ် ၂ ဦးနဲ့ အိုးတန်းရပ်ကွက်က NLD ပါတီဝင်ဒေါ်မာကြူရဲ့ သားနှစ်ယောက်၊ ဩဂုတ်လ ၂၂ ရက်နေ့ သံလွင်တည်းခိုခန်း အရှေ့ဆံပင်ညှပ်ဆိုင်က အမွှာညီအစ်ကိုနဲ့ နှောင်ကိုင်တော်ရပ်ကွက်က ညီအစ်ကို၊ဩဂုတ်လ ၂၅ ရက်နေ့ ကားဂိတ်နားက ကချင်ရိုးရာစားသောက်ဆိုင်က ဆိုင်လာတဲ့ဧည့်သည်တစ်ယောက်အပါအဝင် ဆိုင်ဝန်ထမ်းနဲ့ဆိုင်ရှင် စုစုပေါင်း ၅ ယောက်၊ ဩဂုတ်လ ၂၆ ရက်နေ့ မနက်ပိုင်း မြနန္ဒာရုပ်ရှင်ရုံနားက အမျိုးသမီး ၄ ယောက် တို့ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ဖမ်းဆီးထားသူတစ်ချို့ကိုတော့ အာမခံနဲ့ပြန်လွတ်ပေးတာတွေရှိပေမယ့် တစ်ချို့ကိုတော့ မိုးကောင်း ၇၄ တပ်နဲ့ စစ်တပ်ကုန်း စစ်ကြောရေးမှာစစ်ဆေးနေတာဖြစ်တယ်လို့ သိရပါတယ်။

Show More

Related Articles

Back to top button