သတင်း

မိုးကောင်းမြို့မှာ စစ်တပ်ကဖွင့်ခိုင်းထားတဲ့ လောင်းကစားရုံ ပိတ်ပေးစေလို

မိုးကောင်းမြို့ထဲမှာ မနေ့ကစပြီး စစ်ကောင်စီတပ်ရဲ့ ခွင့်ပြုချက်နဲ့ အလယ်ရပ်ကွက်မှာ ဖွင့်ထားတဲ့လောင်းကစားရုံကို ပိတ်ပေးစေလိုတယ်လို့ မိုးကောင်းဒေသခံတွေကပြောပါတယ်။

အဲဒီလောင်းကစားရုံမှာ ကာစီနို၊ငါးပစ်ဂိမ်း၊မူးယစ်ဆေးဝါးအစုံရနိုင်တဲ့နေရာဖြစ်ပြီး ၂၄ နာရီဖွင်တဲ့လောင်းကစားရုံဖြစ်ကာ မိုးကောင်းမြို့မှာအကြီးဆုံးလောင်းကစားရုံဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ယောက်က ခုလိုပြောပါတယ်။

မိုးကောင်းမြို့မှာ လောင်းကစားရုံက အကြီးအကျယ်ဖွင့်လာပြီ အိမ်လုံးပြတ်ငှားပြီးမှ ရုပ်ရည်အဆင်ပြေတဲ့ကောင်မလေးတွေကိုခေါ်  လစာကောင်းကောင်းပေးပြီးတော့ ငါးမန်းပုံ၊ဖဲဝိုင်းတွေကအစ အိမ်ကြီးတစ်အိမ်မှာ အစုံရနိုင်အောင်လုပ်ထား တာပေါ့လေ။အဲဒါအကုန်လုံးကို စစ်ကောင်စီနဲ့ရဲစခန်းတွေမှာလည်း ပိုက်ဆံပေးပြီးတော့ လုပ်တာ။ မနေ့က ဒံပေါက်ကျွေးပြီးတော့ ဖွင့်ပွဲလုပ်တယ်လို့အမည်မဖော်လိုတဲ့ မိုးကောင်းဒေသခံတစ်ဦးက ပြောပါတယ်။

လောင်းကစားရုံကို လာရောက်ဖွင့်နေတဲ့သူဟာ တရုတ်နိုင်ငံက တရုတ်သူဌေးတစ်ယောက်ဖြစ်ပြီး လောင်ကစားရုံဟာ အရင်ရုပ်ရှင်ရုံလမ်းကနေသွားတဲ့ အလယ်ရပ်ကွက်ရဲ့ အောက်ချိုင့်ဘက် အိမ်ပိုင်ရှင် ဒေါ်ပိုပိုမြင့်နေအိမ်မှာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

လက်ရှိ အဲဒီလောင်းကစားရုံကို အဓိကခွင့်ပြုချက်ပေးပြီး အခွန်ကောက်ခံနေသူတွေဟာ မိုးကောင်းမြို့နယ်မှူး ရဲထွန်းအောင်နဲ့နယ်ထိန်းအင်ရှပ်ဇာနည်ဇော်တို့ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒေသခံတွေပြောတာကတော့ ခုလိုလောင်းကစားရုံဖွင့်လာတဲ့အတွက် မိုးကောင်းမြို့က လူငယ်တွေပိုပြီးပျက်စီးလာနိုင်သလို ခိုးဆိုးလုယက်တာတွေများ လာမှာစိုးတဲ့အတွက် ဒီလောင်းကစားရုံကြီး ပိတ်ပေးဖို့ လိုလားနေကြတာလည်းဖြစ်ပါတယ်။

လောင်းကစားဝိုင်းများလာတော့ ခိုးဆိုးလုယက်မှုတွေကလည်း ပိုဖြစ်လာမှာကို စိုးရိမ်နေကြတာ မိုးကောင်းပတ်ဝန်းကျင်မှာလည်း ဆိုင်ကယ်လုခံရတာ ခနနဖြစ်လာတယ်။လွန်ခဲ့တဲ့လ ကလည်း ဆိုင်ကယ်သမားတစ်ယောက် အသက်သေဆုံးသွားတာတွေရှိတယ်။အဲကြောင့်ဖြစ်နိုင်ရင် လောင်းကစားရုံပိတ်ပေးစေချင်တာ လို့ ဒေသခံတစ်ဦးက ထပ်ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကချင်ပြည်နယ်မှာရှိတဲ့ မြစ်ကြီးနား၊ဗန်းမော်၊ပူတာအို၊တနိုင်း၊ ဖားကန့်၊မိုးကောင်း၊မိုးညှင်းမြို့ကြီးတွေမှာ လောင်းကစားဝိုင်းတွေကို မြို့ပေါ်ရပ်ကွက်တွေမှာ ပေါ်ပေါ်တင်တင်ဖွင့်ခိုင်းတာ တွေပိုများလာတယ်လို့လည်း အရပ်သားပြည်သူတွေကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြစ်ကြီးနားမှာ နေထိုင်တဲ့နိုင်ငံရေးသုံးသပ်သူတစ်ဦးပြောတာကတော့ဒီဗျူဟာတွေက ဟိုအရင်ကတည်းက ရှိခဲ့တာ နိုင်ငံရေးဘက်ကို စိတ်မပါလာအောက် ပြည်သူတွေကို ပျက်ချင်ပျက် ပျော်ချင်ပျော်ဆိုပြီး တမင်ဖန်တီးနေတာ ဖြစ်တယ်လို့ပြောပါတယ်။

စစ်တပ်ဟာ ဒီလောင်းကစားဝိုင်းတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ဖွင့်ခိုင်းနေတာဖြစ်ပြီးတော့ အရပ်သားပြည်သူတွေ နိုင်ငံရေး၊တော်လှန်ရေးကို လစ်လျှူရှုအောင် လုပ်နေတာဖြစ်တယ်လို့လည်း သူက ဆက်ပြီး သုံးသပ်ပြောဆိုပါတယ်။

Show More

Related Articles

Back to top button