သတင်း

ဖားကန့်မှာ အခြေခံစားသောက်ကုန်စျေးနှုန်း မြင့်တက်နေပြီး ခရမ်းချဉ်သီးတစ်ပိဿာ ၁ သောင်းခွဲထိ ပေးဝယ်နေရ

စစ်ရေးတင်းမာနေဆဲဖြစ်တဲ့ ကားမိုင်းဖားကန့်လမ်းပိုင်း ပိတ်ထားတာကြာမြင့်လာတဲ့အတွက်  ဖားကန့်မှာတော့ ခုရက်ပိုင်းအခြေခံစားသောက်ကုန်စျေးနှုန်းအဆမတန်မြင့်တက်လာနေကြောင်း လုံးခင်းဒေသခံတွေဆီက သိရပါတယ်။

အဲဒီလမ်းပိုင်းကို ဩဂုတ်လ ၂၂ ကားမိုင်းကနေ ဖားကန့်ဘက်ကို တက်လာတဲ့ စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က နန့်ယား မရောက်ခင် ကျောက်ထုရွာနားမှာ စောင့်ကြိုတိုက်ခိုက်တဲ့ နေ့ကတည်းက ပိတ်ထားတာ ခုဆို ၅ ရက်ဆက်တိုက်ရှိလာပြီဖြစ်ပါတယ်။

ဒါကြောင့် ဖမ်းကန့်မှာ ကုန်ကားအဝင်မရှိတော့အတွက် စားသောက်ကုန်ဈေးတွေ အဆမတန်မြင့်တက်နေတာဖြစ်တယ်လို့လုံးခင်း‌ရွာမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ယောက်က ခုလိုပြောပါတယ်။

“အခုက ခရမ်းချဥ်သီး တစ်ပိသာ ၁၅,၀၀၀၊ကြက်ဥတစ်လုံး ငါးရာ ဖြစ်နေပြီ၊ဝယ်ချင်တိုင်းတောင် ဝယ်လို့မရတော့ဘူး။ ကုန်ကားတွေမဝင်တော့ ပိုက်ဆံရှိရင်တောင် ဝယ်လို့မရတော့ဘူး”လို့ လုံးခင်းကျေးရွာနေ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အရင်က ခရမ်းချဥ်သီး တစ်ပိသာ ငွေကျပ် ၄၀၀၀ လောက်သာရှိခဲ့‌ပေမယ့် ကားလမ်းပိတ်လိုက်တဲ့နောက်ပိုင်း ၁၅၀၀၀ ထိ မြင့်တက်လာပြီး  ကုန်ကားတွေအဝင်မရှိတော့အတွက် တစ်ချို့ကုန်ပစ္စည်းတွေဆို ပြတ်လပ်နေပြီလို့ လုံးခင်းစျေးမှာရောင်းနေတဲ့ ကုန်စိမ်းရောင်းချနေသူတစ်ဦးက အခုလိုပြောပါတယ်။

ဒီလ ၂၀ ရက်နေ့ကတည်းက ကုန်တွေလည်းမရောက်ခဲ့ဘူးလေ၊အမတို့လည်း ရောင်းပေးချင်တာပေါ့၊ရောင်းစရာကုန်ပစ္စည်းကို မရှိတော့တာဟု အဆိုပါ စျေးရောင်းချသူ အမျိုးသမီးကဆိုပါတယ်။

ဒါ့အပြင် သားငါးစျေးနှုန်း‌တွေလည်း ငါးတစ်ပိဿာ ၂၀,၀၀၀၊အမဲသားတစ်ပိသာ ၂၂,၀၀၀ကျပ်၊ဝက်သားတစ်ပိသာ ၃၀,၀၀၀ကျပ်၊ကြက်သားတစ်ပိသာ(အိမ်ကြက်)၂၀,၀၀၀ကျပ်အထိ စျေးနှုန်းရှိနေတယ်လို့ စျေးရောင်းသူတွေဆီက သိရပါတယ်။

အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်တစ်အိတ် (၂၄ ပြည်)မှာ ၁၃၅,၀၀၀ကျပ်၊ပေါ်ဆန်မွှေးတစ်အိတ်လျှင် ၁၈၀, ၀၀၀ကျပ် ရောင်းချပေးနေတယ်လို့ ဆန်ရောင်းဝယ်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဆန်နဲ့ ဆီစျေးက အများကြီးမတက်ဘူး၊ရောင်းစရာလည်း ရှိနေသေးတယ်၊အဓိက အခုစျေးတက်နေတာက ကုန်စိမ်းနဲ့ သားငါးစျေးပဲ တက်နေတာလို့ လုံးခင်းကျေးရွာမှာဆန်ရောင်းဝယ်သည့် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဖားကန့်ဒေသဟာ ရွှေ့ပြောင်းလုပ်သား များပြားပြီး လူဦးရေထူထပ်ရာ စားသောက်ကုန်ပစ္စည်းများအား စစ်ကိုင်းတိုင်းရှိ တန့်ဆည်၊ရေဦးနှင့် မန္တလေးမှ ကုန်ပစ္စည်းများအားမှာယူရောင်းဝယ်လုပ်ကိုင်နေကြရပါတယ်။

ဒါပေမယ့် လက်ရှိ ဖားကန့်ကာမိုင်းလမ်းတွင် စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် Kia+Kpdf တို့အကြား ဒီနေ့ထိ နှစ်ဖက်စစ်ရေးတင်းမာ‌နေသေးတဲ့အတွက် ကုန်ကားနဲ့ခရီးသည်တွေဟာ ဖားကန့်လမ်းမှာပိတ်မိနေဆဲဖြစ်ပါတယ်။

Show More

Related Articles

Back to top button