သတင်း

၅ ရက်ကြာပိတ်ခံထားတဲ့ ဖားကန့်လမ်းဖွင့်ပေးပေမယ့် ဖမ်းဆီးခံရသူတွေ ပြန်လည်လွတ်မြောက်တာမရှိသေး

စစ်ရေးတင်းမာခဲ့တဲ့ ကားမိုင်း- ဖားကန့်လမ်းကို စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်တို့အကြား  ၅ ရက်အကြာ သွားလာခွင့်ပိတ်ဆို့ထားရာကနေ ဒီမနက်မှာတော့ ပြန်ဖွင့်ပေးလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

အဲဒီဖားကန့်သွားလမ်းမကြီးကို ဩဂုတ်လ၂၂ ရက်နေ့ ကားမိုင်းကနေ ဖားကန့်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို KIA ဘက်က နန့်ယားမရောက်ခင် ကျောက်ထုရွာနားမှာ ပစ်ခတ်တိုက်ခိုက်လိုက်တဲ့ နေ့ကတည်းကပိတ်ဆို့လိုက်တာဖြစ်ပါတယ်။

ဒါကြောင့် နန့်ယားကျေးရွာ စစ်ကောင်စီတပ်ရဲ့ယာဉ်ရပ်နားစခန်းမှာ ခရီးသည် တစ်ထောင်ကျော်နဲ့ကုန်ကားအစီးရေ ၃၀၀ လောက် ၅ ရက်ကြာ ပိတ်ဆို့ခံထားရာကနေ ဒီကနေ့ မနက်ပိုင်း လမ်းနေရာတွေကို ပြန်လည်ဖွင့်ပေးလိုက်တာဖြစ်တယ်လို့  နန့်ယားဒေသခံ တစ်ယောက် KNG ကိုပြောပါတယ်။

“လမ်းတွေက ဒီကနေ့ ကနေ အကုန်ဖွင့်ပေးလိုက်ပြီ။ တက်တဲ့သူတွေက တက်သွားကြပြီ။ ဆင်းတဲ့သူတွေကလည်း အကုန်ဆင်းသွားကြပြီ။ နန့်ယားဂိတ်မှာဆို ကား ၃၊၄ စီးလောက်ပဲရှိတော့တယ်။ သီးခြားတိုက်ပွဲတွေပြန်ဖြစ်တာတော့ မရှိတော့ဘူး။ စစ်တပ် ၂ ဖက်ကနေ ဖွင့်ပေးလိုက်တာဖြစ်တယ်လို့ ပြောတယ်”လို့ဆိုပါတယ်။

အခုလို ဖားကန့်လမ်းကို ၅ ရက်လောက်အကြာ ပိတ်ဆို့အတွက် ခရီးသည်တွေအစားအသောက် ပြတ်လပ်လာတာတင်မကပဲ ဖားကန့်မြို့နယ်ထဲ ကုန်စည်စီးဆင်းမှုပြတ်တောက်လာတဲ့အပေါ်မှာ ပြည်သူတွေ အကြပ်အတည်းကြောင့် ပြန်လည်ဖွင့်ပေးလိုက်တာဖြစ်နိုင်တယ်လို့ သူကဆက်ပြောပါတယ်။

“သူတို့ မဖွင့်ပေးလို့လဲမရတော့ဘူးထင်တယ်။ ပြည်သူတွေက အရမ်းခက်ခဲလာတယ်။ အဓိကတော့ အစားသောက်ပေါ့ ပြီးရင် ကုန်စျေးနှုန်းတွေကလည်း တခဏအတွင်းမှာ အဆမတန်မြင့်တက်သွားတယ်။ ဘယ်သူမှ မခံတော့ဘူး အဲ့ကြောင့် ဖွင့်ပေးလိုက်တာဖြစ်မယ်”လို့ပြောပါတယ်။

တစ်ဖက်မှာ သွားလာခွင့်ကို ပြန်လည်ခွင့်ပြုထားပေမယ့် ၂ ဖက်တပ်ရဲ့ စစ်ရေးအခြေအနေမှာ တင်းမာမှုရှိနေဆဲဖြစ်တဲ့အတွက် KIA ဘက်နေ ခရီးသွားတဲ့ပြည်သူတွေ သတိထားပြီး သွားလာကြဖို့ ပြောဆိုထားတယ်လို့လည်းသိရပါတယ်။

ဒါ့အပြင် နန့် လက်ရှိ ဖားကန့် လမ်းတစ်လျှောက်မှာ စစ်ကောင်စီတပ်နဲ့ KIA တပ်တို့အကြားမှာ စစ်ရေးတင်းမာမှုဖြစ်ပွားနေတာဟာ ဩဂုတ်လ ၂၂ ရက်နေ့ ကားမိုင်းဘက်နေ တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ နန့်ယားမှာ ၂ ရက်တာ နားနေရာကနေ ဩဂုတ်လ ၂၆ ရက်နေ့မှာတော့ နန့်ယားကျေးရွာကနေ ဖားကန့်ဘက်ကို ပြန်ပြီးထွက်ခွာလာခဲ့တာဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းကို KIA ဘက်ကနေ လမ်းကြောင်းတစ်လျှောက်မှာ ပိတ်ဆို့ထားတဲ့အတွက် ပစ်ခတ်ခံရမှာ စိုးရိမ်ပြီး နန့်ယားရွာထဲက အရပ်သားပြည်သူ ၃၀ ကျော်လောက်ကို လူသားဒိုင်းအသုံးပြုဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။

နန့်ယားကျေးရွာထဲကနေ စစ်ကောင်စီရဲ့ လူသားဒိုင်းဖမ်းဆီးခံရတဲ့ အရပ်သား ၃၀ ကျော်မှာ ဖမ်းဆီးခံရတဲ့ ၄ ရက်လောက်ကြာမြင့်လာပေမယ့် လက်ရှိ ပြန်လည်လွတ်မြောက်လာတာမရှိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

အဲဒီ လူသားဒိုင်း ဖမ်းဆီးခံရတဲ့ သူတွေထဲမှာ အသက်မပြည်သေးတဲ့ ၉တန်းကျောင်းသားတစ်ယောက်နဲ့ ၈ တန်းကျောင်းသားတစ်ယောက်ပါဝင်ပြီး ကချင်ဘာသာရေး ဆရာ ၂ ယောက်လည်းပါဝင်တယ်လို့ သိရပါတယ်။

ဖားကန့် ဘက်ကို ဦးတည်ပြီးတက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဩဂုတ်လ ၁၇ ရက်နေ့လောက်က မိုးကောင်းနဲ့ နမ္မတီးဘက်က စစ်ကား ၃ စီးနဲ့ စစ်အင်အား ၁၀၀ ကျော် တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဖြစ်ပြီး လက်ရှိ အဲဒီစစ်ကြောင်းဟာ  ဖားကန့်နဲ့ ၈ မိုင်လောက်မှာရှိတဲ့ နမ့်တိန်အနီးတဝိုက်မှာ ရောက်ရှိကြပြီဖြစ်တယ်လို့လည်း စုံစမ်းသိရှိရပါတယ်။

Show More

Related Articles

Back to top button