သတင်း

ဗန်းမော်ကနေ မအူပင်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ

ကချင်ပြည်နယ် ဗန်းမော်မြို့ မအူပင်ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကားကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်က စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ဒေခသံတွေဆီကနေ သိရပါတယ်။

ဩဂုတ်လ ၂၈ ရက်နေ့ ဒီနေ့ ညနေ ၃နာရီခွဲလောက်မှာ အင်အား ၈၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီစစ်ယာဉ်တန်း ၄ စီးဟာ နမ်ဆန်ယန်၊မြို့သစ်၊ကုန်းလောဘက်ကို စစ်အင်အား လက်နက်ရိက္ခာတင်ပို့မယ့်လမ်းကြောင်းလုံခြုံရေးယူပေးဖို့ စစ်အင်အားလာရောက်ပို့ဆောင်တဲ့ ရှေ့ပြေးစစ်ကား  တစ်စီးကိုစောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ခလရ ၂၃၆ ကထွက်လာတဲ့ စစ်ကား ၄ စီးပေါ့ သူတို့က ဘယ်ကစစ်ကြောင်းတွေလဲဆိုတော့ ခုတစ်လော သင်္ဘောကဆင်းလာတဲ့ကောင်တွေ သူတို့က ခုသင်္ဘောကနေ လက်နက်ရိက္ခာတွေတင်ပို့ဖို့  ရိက္ခာလမ်းကြောင်းကိုလုံခြုံရေးယူပေးဖို့ တက်လာတဲ့ စစ်ကားတွေကို ရှေ့ပြေးလုံခြုံရေးယူပေးတဲ့ကားက မအူပင်ရွာနားမှာလူစုလုပ်နေတဲ့ချိန် ဒီဘက်က လက်နက်ကြီး ၁၀ လုံးလောက်ကို ပစ်ထည့်လိုက်တာ”လို့ပြောပါတယ်။

ရှေ့ပြေးတက်လာတဲ့ စစ်ကားတိုက်ခိုက်ခံရပြီးတဲ့နောက် ပစ်ခတ်ရတဲ့ စစ်ကားတစ်စီးနဲ့ နောက်ထပ် စစ်ကား ၄ စီးဟာ ကားပေါ်မှာပါလာတဲ့စစ်သားတွေကို ရွာနားတစ်ဝိုက်ပို့ချပြီး ပြန်လည်ဆုတ်သွားတယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဇူလိုင်လ ၃ ရက်နေ့ကစပြီးတော့ KIO ဌာနချုပ်နီးမှာရှိတဲ့ နမ်ဆန်ယန်ဘက်ကို ခြေကုပ်တပ်စွဲနေထိုင်နိုင်ဖို့ ကြိုးစားနေတာ တစ်လကျော်ရှိလာနေပေမယ့် ထိရောက်တဲ့စစ်ဆင်ရေးလုပ်ဆောင်နိုင်တာမရှိတဲ့အပြင် စစ်တပ်ဘက်ကထိခိုက်သေဆုံးတာများနေတာလည်းဖြစ်ပါတယ်။

ဒါကြောင့် ဩဂုတ်လ လဆန်းပိုင်းကနေစပြီး မန်းလေးဘက်ကနေ ကချင်ပြည်နယ် ဗန်းမော်ဘက်ကို စစ်လက်နက်ရိက္ခာတွေကို သင်္ဘော ၉ စီးနဲ့ပို့ဆောင်ထားတဲ့အပြင် လေကြောင်းကနေပါ စစ်လက်နက်အင်အား ရိက္ခာတွေပို့ဆောင်နေတာလည်းဖြစ်ပါတယ်။

အဲဒီ စစ်အင်အားလက်နက်ရိက္ခတွေကို ဩဂုတ်လ ၂၇ ရက်နေ့ မနေ့ညနေမှာ ကားတစ်စီးနဲ့နမ်ဆန်ယန်ဘက်ကို စစ်ကြောင်းထိုးဖို့ မအူပင်ရွာဘက်ကို စစ်အင်အားလာရောက်ပို့ဆောင်ထားတာတွေရှိသလို ဒီနေ့မှာလည်း တစ်ကြိမ် စစ်ကား ၅ စီး စစ်အင်အားအများအပြား စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။

“မနေ့ကလည်း တစ်စီးထိုးတယ် ၄နာရီလောက်ထိုးပြီး ၅နာရီလောက်ပြန်သွားတယ်။ ဒီနေ့တော့ ရှေပြေးကားနဲ့ဆို ၅ စီးလာချသွားတယ်။သူတို့က တစ်ရွာမှာ တစ်စီးအင်အားလာချနေတာ ဒီရိက္ခာသယ်ယူမယ့်လမ်းကြောင်းမှာကြိုပြီးလုံခြုံရေးယူပေးဖို့လုပ်နေတာ ပြီးတော့ရင် သူတို့ကထုံးစံအတိုင်း ရိက္ခာတွေလက်နက်ပစ္စည်းတွေ သယ်ယူမှာလေ”လို့ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ ဗန်းမော်မှာ သင်္ဘောဆိုက်ရောက်တဲ့နေ့ကစပြီး ဗန်းမော်စစ်တပ်ကနေ ဧရာဝတီမြစ်အရှေ့ဘက်ကို လက်နက်ကြီးတွေနဲ့ပစ် ခတ်တာတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

လက်ရှိ မြစ်ကြီးနား- ဗန်းမော်လမ်းတစ်လျှောက် မဒီးယန်နဲ့ အောင်ရာရွာဘက်တွေမှာတော့ စစ်တပ်ကောင်စီတပ်တွေနဲ့KIA တို့အကြား တစ်လတွင်း စစ်ရေးတင်းမာနေရာကနေ ဩဂုတ်လ ၂၆ ရက်နေ့ကနေစပြီး စစ်ရေးလှုပ်ရှားတာတွေ ထပ်ပြီးလုပ်ဆောင်လာတာကြောင့် မြစ်ကြီးနား- ဗန်းမော်လမ်းမှာတော့ နှစ်ဖက်တိုက်ပွဲဖြစ်နေဆဲဖြစ်ပါတယ်။

Show More

Related Articles

Back to top button