သတင်း

ရေဦးမှာ ပြည်သူ့လုံခြုံရေးအဖွဲ့တာဝန်ခံတစ်ယောက် လက်နက်ကြီးထိမှန်သေဆုံး

စစ်ကိုင်းတိုင်း‌ ရေဦးမြို့နယ်မှာ မနေ့ကဩဂုတ်လ ၂၈ ရက်နေ့ မနက်ပိုင်းလောက်က စစ်ကောင်စီစစ်ကြောင်းကို ကင်းထောက်ရင်း ပြည်သူ့လုံခြုံရေးအဖွဲ့တာဝန်ခံတစ်ယောက် လက်နက်ကြီးထိမှန်သေဆုံးခဲ့ရတယ်လို့ People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်က ပြောပါတယ်။

စစ်အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဒီပဲယင်းမြို့ပေါ်ကနေ ရေဦးမြို့နယ် အနောက်ခြမ်းဘက်ကိုဦးတည်စစ်‌ကြောင်းထိုးလာတဲ့အချိန် တိုက်ခိုက်ဖို့ကင်းယူနေချိန်မှာပဲစစ်ကြောင်းက ရမ်းသမ်းပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့ရတာလို့ ကိုထူးခန့်ကပြောပါတယ်။

အဲ့ဒီစစ်ကြောင်းကို တိုက်ခိုက်ဖို့ကင်းစောင့်နေတဲ့ ပလဖ တာဝန်ခံတစ်ယောက်ပေါ့နော် စစ်တပ်ဘက်က လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်တာပေါ့ အဲ့မှာ လက်နက်ကြီးကျည်စ ထိမှန်ပြီးနေရာမှာတင်ကျဆုံးသွား တာလို့ ပြောပါတယ်။

လက်နက်ကြီးထိမှန်သေဆုံးခဲ့ရတဲ့ ပြည်သူ့လုံခြုံရေးတာဝန်ခံဟာ ကိုနေမျိုးအောင်ဆိုသူဖြစ်ပြီး သေဆုံးစဥ်မှာ အသက် ၃၁ နှစ်ရှိပြီလို့သိရပါတယ်။

ရေဦးနယ်ထဲကိုဝင်လာတဲ့ စစ်ကြောင်းကတော့ အောင်လံအခြေစိုက် ခလရ၇၁ တပ်ဖွဲ့တွေလို့သိရပြီး ရေဦးနဲ့ ဒီပဲယင်းကို မကြာခဏဝင်ရောက်စစ်ကြောင်းထိုးလေ့ရှိတယ်လို့ ကိုထူးခန့်က ဆက်ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းက ဘယ်ရွာကိုမှတော့မဝင်ဘူး ဖျက်ဆီးတာတွေလည်းမရှိဘူး လက်နက်ကြီးတွေတော့ရမ်းသမ်း ပစ်ခတ်တာတွေရှိတယ် ကျနော်တို့ခန့်မှန်းတာတော့ ဒီစစ်ကြောင်းက ရေဦးနဲ့ဒီပဲယင်းကို ရိက္ခာသယ်ယူတဲ့ ပုံစံမျိုးလုပ်နေတာလို့ပြောပါတယ်။

အဲ့ဒီခလရ ၇၁ စစ်ကြောင်းဟာ ရေဦးမြို့ပေါ်က တိုင်းရင်းဆေးရုံမှာတပ်စွဲထားပြီး ဒီပဲယင်းကိုရောက်ရင်တော့ မြို့ပေါ်က လေသာကျောင်းတိုက်၊ဆရာစံခန်းမနဲ့ မြို့ပေါ်က အထက်တန်းကျောင်းတွေမှာ ဝင်ရောက်တပ်စွဲလေ့ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ဒီရက်ပိုင်းအတွင်း စစ်ကြောင်းထွက်ခွာချိန်တွေမှာ ရေဦးနဲ့ဒီပဲယင်းက ကျေးရွာတွေကို ဝင်ရောက်စီးနင်း မီးရှို့တာတွေမရှိပေမဲ့ စစ်ကြောင်းထွက် ခွာလာတဲ့လမ်းတစ်လျှောက်ကရွာပေါင်း၁၀ရွာ လောက်က ဒေသခံ ၁ သောင်းကျော်ကတော့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ကိုထူးခန့်ကဆိုပါတယ်။

ရေဦးမြို့နယ်မှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နှစ်နှစ်ကျော်အတွင်းကို စစ်ကောင်စီတပ်ရဲ့မီးရှို့ဖျက်ဆီး မှုတွေကြောင့် ရွာပေါင်း၅၁ရွာက နေအိမ် ၃သောင်းခွဲနီးပါး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ စစ်ဘေးရှောင်ကူညီ နေသူတွေရဲ့ မှတ်တမ်းတွေအရသိရပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံတဝှမ်း နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့အရပ်သား၂ သန်းနီးပါး ရှိလာနေပြီး အဲ့ဒီထဲမှာ ၇၇၈,၉၀၀ဟာ စစ်ကိုင်းတိုင်းက စစ်ဘေးရှောင်တွေ ဖြစ်တယ်လို့ ကုလသမဂ္ဂ လူသား ချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA က ဩဂုတ်လ  ရက်နေ့က ထုတ်ပြန်ထားပါတယ်။

Show More

Related Articles

Back to top button