တိုက်ပွဲသတင်း

ဗန်းမော်လမ်း မြို့သစ်မှာတိုက်ခိုက်ခံရတဲ့ စစ်လက်နက်ရိက္ခာသယ်ယာဉ်တန်း နွမ်လန့်မှာရောက်ရှိ

ဗန်းမော်ကနေ နမ်ဆန်ယန်ဘက်ကို စစ်အင်အားအပါအဝင် စစ်လက်နက်ရိက္ခာအပြည့် တင်ဆောင်လာတဲ့ စစ်ကောင်စီရဲ့ စစ်ရိက္ခာသယ်ယာဉ်တန်းက မြို့သစ်နဲ့ ဒါဆိုင်း ကျေးရွာကြားမှာ တိုက်ခိုက်ခံလိုက်ရပေမယ့် နွမ်လန့်(Numlang) တပ်စခန်းအထိ စစ်ကြောင်းထိုးရောက်ရှိသွားပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲဒီ စစ်ယာဉ်တန်းဟာ စစ်အင်အားတင်ဆောင်ထားတဲ့ စစ်ကား ၆ စီးနဲ့ လက်နက်စစ်ရိက္ခာတင်ဆောင်ထားတဲ့ စစ်ကားအစီး ၂၀၊ စုစုပေါင်း စစ်ကားအစီး  ၂၆ စီးဖြစ်ပြီးတော့ ဩဂုတ်လ ၂၈ ရက်နေ့ ဗန်းမော်မြို့ပေါ်ကနေ ည ၁၁ နာရီလောက်မှာထွက်ခွာလာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီယာန်တန်းကို ဩဂုတ်လ ၂၉ ရက်နေ့ ဒီကနေ့ မနက်အစာပိုင်း ၁ နာရီလောက်မှာ ဒါဆိုင်းအကျော် မြို့သစ်အနီး အရောက်မှာတော့ KIA ဘက်က စောင့်ကြိုတိုက်ခိုက်ခဲ့ပေမယ့် ထိခိုက်မှုနည်းတဲ့အတွက် စစ်ကြောင်းဆက်ထိုးနိုင်သွားပြီး မနက်ပိုင်း ၁၁ နာရီလောက်အချိန်မှာ နွမ်လန့် စစ်ကောင်စီတပ်စခန်းထဲဝင်ရောက်လာခဲ့ကြတယ်လို့ နွမ်လန့်ဒေသခံ တစ်ယောက်က KNG ကိုပြောပါတယ်။

“နွမ်လန့်ထဲကို ဝင်ရောက်လာကြတာက ၁၁ လောက်မှာဟုတ်တယ်။ ပြန်ဆက်သွားကြမလားဆိုပြီး ကြည့်နေတာ အခုထိရှိနေတုန်း ညထွက်မလား၊ နက်ဖြန်လား ထွက်မှာတော့ သေချာတယ်။ ကျနော်ထင်တယ် ရှေ့ဘက်မှာ လုံးခြုံရေး သေချာမယူရသေးလို့ထင်တယ်”လို့ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ အဲဒီစစ်ရိက္ခာသယ်ယဉ်တန်း ဗန်မော်မြို့ထဲကနေ မထွက်ခွာခင်ကတည်းက စစ်ယာန်တန်းတွေကို ကြိုတင်လုံခြုံရေးယူပေးမယ့် စစ်ကြောင်းတွေကို ဩဂုတ်လ ၂၆ ရက်နေ့ကစပြီး ဗန်းမော်- နမ်ဆန်ယန်သွားလမ်းတွေမှာရှိတဲ့ မအူပင်၊မြို့သစ်၊ကုန်းလော ရွာတစ်လျှောက်မှာ အင်အားဖြန့်ထားပြီးဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီလုံခြုံရေးယူပေးမယ့် စစ်ကြောင်းတွေကိုလည်း ဩဂုတ်လ ၂၈ ရက်နေ့ ညနေ ၃နာရီလောက်မှာ မအူပင်ရွာနားမှာ စောင့်ကြိုတိုက်ခိုက်ခဲ့ပေမယ့် ထိရောက်မှုနည်းတဲ့အတွက် စစ်တပ်ဟာ လုံခြုံရေးအင်အားကိုလည်း အများအပြားချထားနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် ဒီမနက်ယာဉ်တန်းတိုက်ခိုက်ခံရချိန်ထိခိုက်မှုနည်းသွားပြီး စစ်ကောင်စီတပ်ဖွဲ့တွေဟာ နွမ်လန့်ကျေးရွာအရောက်မှာ ဒေသခံပြည်သူများ အသွားအလာကို လမ်းကြောင်းပိတ်ထားပြီး နွမ်လန့်တပ်ထဲ ဝင်ရောက်သွားကြတယ်လို့သိရပါတယ်။

အခုတစ်ခေါက် စစ်ရိက္ခာတင်ဆောင်လာတဲ့ စစ်ယာဉ်တန်းဟာ ဗန်းမော်ကားလမ်းမတစ်လျှောက်ရှိတဲ့ စစ်တပ်စခန်းတွေမှာ လာရောက်ပို့ဆောင်တဲ့ စစ်ယာဉ်တန်းမဟုတ်ပဲ တိုက်ပွဲဖြစ်ပွားနေတဲ့ နမ်ဆန်ယန်ဘက် စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ ခရာ(Hkaya Bum)စစ်ကောင်စီတပ်ဖွဲ့တွေဆီကို ပို့ဆောင်ပေးမယ့် စစ်ရိက္ခာတွေဖြစ်နိုင်တယ်လို့ နွမ်လန့် ဒေသခံက ဆက်ဆိုပါတယ်။

“ဒီအဖွဲ့တွေက တိုက်ပွဲဖြစ်ပွားပြီးတော့ ရိက္ခာပြတ်နေကြတဲ့ နမ်ဆန်ယန်ဘက်ကို ပို့ဖို့သေချာတယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းကဆိုရင် ဗန်းမော်ကနေ တက်လာပြီဆိုရင် သူတို့စခန်းတစ်လျှောက်ဝင်ပြီး ရိက္ခာချပေးတာတွေရှိတယ်။ အခုက အဲ့လိုမဟုတ်ဘူး တောက်လျှောက်တက်လာကြတာ အရင်းနားနေကျ ကုန်းလောနဲ့ မြို့သစ်တွေမှာ လုံးဝမဝင်တော့ဘူး အားလုံးကအထက်ပို့မယ့် ရိက္ခာတွေပဲ”လို့ပြောပါတယ်။

KIA ထိန်းချုပ်နယ်မြေ နမ်ဆန်ယန်ဘက်ကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ ဇွန်လပိုင်းကနေ စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး KIA တပ်စခန်းနေရာတွေမှာ တပ်ချနေထိုင်ဖို့ ကြိုးစားနေတာကြောင့် စစ်ရေးတင်းမာပြီး တိုက်ပွဲဖြစ်ပွားနေတာ ၃ လ လောက်ကြာမြင့်လာပြီဖြစ်ပါတယ်။

ဩဂုတ်လ ၂၆ ၊ ၂၇ ရက်နေ့တွေမှာလည်း စစ်ကောင်စီတပ်ဟာ နမ်ဆန်ယန်ကျေးရွာအနီးတဝိုက် ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကျဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီဘက်နေ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာဘက်ကိုစစ်အင်းဖြည့်တင်းဖို့နဲ့ စစ်ရိက္ခာသွားရောက် ပို့ဆောင်ဖို့ သွားနေတာဖြစ်သလို ၂ ဖက်တပ် စစ်ရေးတင်းမာမှုဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ အဲဒီ စစ်ရိက္ခာတွေကို ပြီးခဲ့တဲ့ ဇူလိုင် လကုန်ပိုင်းထဲကနေ စစ်သင်္ဘော ၉ စီးနဲ့ မန္တလေးဘက်နေ ဗန်မော်အထိ ရေကြောင်းအသုံးပြုပြီး သယ်ယူခဲ့တာဖြစ်ပြီး ၂ ပတ်လောက်အကြာမှာတော့ အဲဒီစစ်ရိက္ခာတွေကို နမ်ဆန်ယန်ဘက်ကို ဦးတည်ပြီး ပို့ဆောင်လာခဲ့တာဖြစ်ပါတယ်။

Show More

Related Articles

Back to top button