တိုက်ပွဲသတင်း

နမ့်အွမ်ရွာနားမှာ စစ်တပ်နဲ့ KIA တပ်တို့အကြား တိုက်ပွဲဖြစ်ပွား

ရှမ်းမြောက် မူဆယ်မြို့နယ် နမ့်အွမ်ရွာနားမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၉ တို့ တိုက်ပွဲဖြစ်ပွားနေတဲ့အပြင် စစ်တပ်ဘက်က နမ့်ဖတ်ကာနဲ့ ၁၀၅ မိုင်တပ်စခန်းကနေ လက်နက်ကြီးတွေနဲ့ ရမ်းတမ်းပစ်ခတ်နေတယ်လို့ နမ့်အွမ်ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ နမ့်အွမ်ကျေးရွာအနောက်ဘက်မှာရှိတဲ့ KIA တပ်ရင်း ၉ နေရာ ဘတ်ငွိုင်တောင်(Bakngoi bum) ကို ဩဂုတ်လ ၂၇ ရက်နေ့ကတည်းက ဆက်တိုက်ထိုးစစ်ဆင်နေတာကြောင့် မနေ့ညနေကနေ ဒီမနက် ၁၀ နာရီထိ နှစ်ဖက်တပ်စလုံး လက်နက်ကြီးတွေနဲ့ပစ်ခတ်နေကြပြီး တိုက်ပွဲဖြစ်နေတာလို့ နမ့်အွမ်ဒေသခံတစ်ယောက်က KNG ကချင်သတင်းဌာနကို ခုလိုပြောပါတယ်။

“စစ်တပ်ဘက်က အခုအဲ့ဒီ နမ့်အွမ်အထက် အနောက်ဘက် KIA တွေရှိရာဘက်ဆက်တိုက် စစ်ကြောင်းထိုးနေတာပေါ့။ မနေ့ကလည်း တိုက်ပွဲဖြစ်၊ မနေ့ညကလည်း လက်နက်ကြီးသံတွေကြားတယ်။ ဒီမနက် ၁၀ နာရီ လောက်ကတည်းက ပြန်ပစ်နေကြပြီ။ နမ့်ဖတ်ကာ နဲ့ ၁၀၅ မိုင်ကနေလည်း လက်နက်ကြီးတွေ ပစ်နေတယ်” လို့ နမ့်အွမ်ဒေသခံအမျိုးသားတစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်အင်အား ၁၀၀ လောက်သုံးပြီး ဩဂုတ်လ ၂၇ ရက်နေ့ကတည်းက KIA တပ်ရင်း ၉ ရှိတဲ့ဘက်ကို ဆက်တိုက်ထိုးစစ်ဆင်နေတာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသလို နမ့်ဖတ်ကာ ခလရ ၁၂၃ နဲ့ ၁၀၅ မိုင် စစ်တပ်ကုန်းတွေဆီကလည်း လက်နက်ကြီးရမ်းတမ်းပစ်ခတ်နေတယ်လို့ သူကဆက်ပြောတယ်။

လက်နက်ကိုင် နှက်ဖက်တပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် နမ့်အွမ်ကျေးရွာက နေအိမ်တစ်ချို့နဲ့အဆောက်အဦးတစ်ချို့ ထိခိုက်ပျက်စီးတာရှိခဲ့ပေမယ့် လူထိခိုက်တာတော့ မရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။

လက်ရှိ အဲဒီစစ်ကြောင်းတွေဟာ လားရှိုး-ကွတ်ခိုင်ဘက်ကနေ မူဆယ်ဘက်ကို ဦးတည်စစ်ကြောင်းထိုးနေပြီး နမ့်ခမ်း-စေလန်ဘက်က စစ်ကြောင်းတစ်ခု၊ နမ့်ဖတ်ကာအရှေ့ဘက်ခြမ်းဘက် တောလမ်းကနေ စစ်ကြောင်းတစ်ချို့ နဲ့ နမ့်အွမ်လမ်းဘက် တစ်ကြောင်း စုစုပေါင်း စစ်ကြောင်း ၃ ကြောင်းခွဲပြီး ထိုးစစ်ဆင်နေတဲ့အတွက် နမ့်ဖတ်ကာ- နမ့်အွမ်ကျေးရွာအနီးတ၀ိုက် စစ်ကောင်စီတပ်နဲ့ KIA နဲ့ တိုက်ပွဲဖြစ်ပွားနေသလို TNLA နဲ့လည်း မကြာခနဆိုသလို တိုက်ဖြစ်ပွားနေတာဖြစ်ပါတယ်။

“အခု နမ့်အွမ်အနီးတဝိုက်က စစ်တပ်ဘက် စစ်ကြောင်းထိုးနေတာလည်းရှိ၊ TNLA ဘက်ကတော့ ရွာထဲ အခွန်လိုက်ခံကောက်ခံတာလည်း ရှိတော့ သေနတ်သံက မကြားခနကြားရတယ်။ ရွာသားတွေက စိုးရိမ်ပြီးပဲ လှုပ်ရှားသွားလာ လုပ်ကိုင်စားသောက်နေတာပေါ့။ ဟိုဘက် KIA တပ်ရင်း ၉ ဘက်လည်း စစ်တပ်က ဆက်တိုက်ထိုးစစ်ဆင်နေတာဟုတ်တယ်။ စစ်တပ်စစ်ကြောင်းတွေက နေ့တိုင်း ပုံမှန် သွားလာလှုပ်ရှားပြီး လမ်းကြောင်းတိုင်းကနေ ထိုးစစ်ဆင်နေတယ်”လို့ နမ့်အွမ်ဒေသခံတစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကချင်ပြည်နယ်ဘက်ကို ဆက်တိုက်ထိုးစစ်ဆင်နေသလို ရှမ်းမြောက်ဘက်မှာလည်း မရပ်မနား ဆက်တိုက်ထိုးစစ်ဆင်နေတဲ့အတွက် ကွတ်ခိုင်-နမ့်ဖတ်ကာ-မူဆယ် လမ်းမပေါ်ရှိ ကျေးရွာတချို့က စာသင်ကျောင်းပိတ်ထားရတဲ့အခြေအနေတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတစ်လထဲမှာ ရှမ်းမြောက် ကွတ်ခိုင်- နမ့်ဖတ်ကာ – မူဆယ် စတဲ့လမ်းမတစ်လျှောက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ တအာင်းတပ်ဖွဲ့ TNLA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့လို့ အရပ်သားပြည်သူ ၁၀ ယောက် ထိခိုက်သေဆုံးတဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။

လက်ရှိချိန်ထိလည်း စစ်ကောင်စီ စစ်ကြောင်းများ မူဆယ်ဘက်သို့ ဆက်တိုက်ထိုးစစ်ဆင်နေပြီး မူဆယ်မြို့နယ် ၁၀၅ မိုင် အနီး နမ့်တောင်း-ဖာဖစ် လမ်း ၂ နေရာမှာလည်း လမ်းဖြတ်တောက်ထားကြောင်း သိရပါတယ်။

Show More

Related Articles

Back to top button