တိုက်ပွဲသတင်း

ဖားကန့်ဘက်ကိုတက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်ခံရ

ဖားကန့်ဘက်ကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့တွေက နမ့်တိန်ကျေးရွာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများတယ်လို့ KIA နဲ့ နီးစပ်သူတွေကပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ဩဂုတ်လ ၂၇ ရက်နေ့ နန့်ယားကျေးရွာက အရပ်သားပြည်သူတွေကို လူသားဒိုင်းအသုံးပြုပြီး ထွက်ခွာသွားကြတဲ့ စစ်ကြောင်းဖြစ်ပြီး ဩဂုတ် ၂၈ ရက်နေ့မှာ ဖားကန့်နဲ့ ၈ မိုင်လောက်ဝေးတဲ့ နမ်တိန့်ကျေးရွာမှာရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။

အဲနောက် ဒီကနေ့ မနက်ပိုင်းမှာတော့ နမ်တိန့်ကနေဖားကန့်ဘက်ကို ပြန်လည်ထွက်ခွာလာတဲ့အချိန်မှာပဲ နမ်တိန့် ရွာအကျော် လမ်းခုလပ်တစ်နေရာမှာ KIA တပ်ရင်း ၆ အဖွဲ့တွေက ၅ ကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ KIA နဲ့ နီးစပ်သူ သတင်းအရင်းအမြစ်က ခုလိုပြောပါတယ်။

မိုင်းဆွဲခံရတဲ့ နေရာက နမ်တိန့်အထွက် နားလောက်မှာလို့ပြောပါတယ်။ လှမ်းမေးကြည့်တော့ မိုင်းဆွဲခံရတဲ့ နေရာမှာ ၆ ယောက်ရဲ့အလောင်းတွေ့တယ်လို့ပြောတယ်။ ပြီးရင် ၁၀ ယောက်လောက်က ထိခိုက်ဒဏ်ရာရသွားတယ်လို့ပြောပါတယ်။ သူတို့အဲမှာ တိုက်ခိုက်ခံရတော့ နမ်တိန့်ဘက်ကို ပြန်ဆုတ်သွားကြတယ်လို့ ပြောပါတယ်။

လက်ရှိမှာ စစ်အင်အား ၁၀၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းမှာ KIA မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အတွက် နမ်တိန့်ရွာဘက်ကို ပြန်လည်ဆုတ်ခွာသွားကြပေမယ့် ၂ ဖက်တပ်စစ်ရေးတင်းမာမှုဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

အခုလို ဖားကန့်လမ်းပေါ်မှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အတွက် နမ်တိန့်အထက်မှာ စစ်ကောင်စီက သွားလာခွင့် ပိတ်ဆို့ထားတာကြောင့် ခရီးသွားပြည်သူတွေဟာ ဖားကန့်လမ်းကို ထပ်မံပိတ်ဆို့ခံရမှာ စိုးရိမ်မှုတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

နန့်ယားကျေးရွာက စစ်ကောင်စီရဲ့ လူသားဒိုင်းအသုံးပြု ဖမ်းဆီးခံရတဲ့ အရပ်သားပြည်သူ ၁၄ ယောက်ကို စစ်ကောင်စီအဖွဲ့က ဩဂုတ်လ ၂၈ ရက်နေ့  နမ်တိန့်ကျေးရွာအရောက်မှာ ပြန်လည်လွတ်ပေးခဲ့တယ်လို့သိရပါတယ်။

ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ ဖမ်းဆီးခံရသူ ၃၀ ကျော်ရှိခဲ့တယ်လို့ ပြောဆိုခဲ့ပေမယ့် ဖမ်းဆီးခံရသူတွေဟာ ၁၄ ယောက်သာဖြစ်ပြီး မနေ့က ၃ နာရီလောက်မှာ နန့်ယားကျေးရွာကို ပြန်လည်ရောက်ရှိခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ စစ်ကြောင်းထဲဖမ်းဆီးခံရတဲ့သူတွေက ကိုမရစ်ဘရန်အောင်၊ ဒေါ်ဇာဇာမျိုး၊ ဦးရမ်ထွန်း၊ ဦးစိုးသိန်း၊ ကိုဆွတ်ဒန့်မျိုး၊ ကိုဆိုင်းထွယ်အောင်၊ ကိုကျော်လှိုင်၊ ကိုစိုးမြင့်အောင်၊ ဦးခန်းဒါတူးအောင်၊ ဆရာပြည့်ဖြိုးနိုင်ဝင်း၊ ဆရာဂျန်မော်အောင်ဆိုင်း၊ ကိုမိုင်ဆိုင်း၊ ဦးရဝမ်ဒီးရမ်နဲ့ ကိုဂတုံး တို့ဖြစ်ကြတယ်လို့သိရပါတယ်။

အဲ့ဒီထဲမှာ ဆိုင်းထွယ်အောင်နဲ့ ဆွတ်ဒန့်မျိုး ၂ ယောက်ဟာ ကပ်မှော်ကျေးရွာမှာနေထိုင်ကြတဲ့ ၈ တန်း၊ ၉ တန်းကျောင်းသားတွေဖြစ်ကြပြီး တရားဟောဆရာတစ်ယောက်နဲ့ အင်ဂျင်နီယာ ၂ ယောက်ပါဝင်ကြတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အဲဒီ ၁၄ ယောက်ကို ဩဂုတ်လ ၂၄ ရက်ည ၁၀ နာရီလောက်အချိန် နန့်ယားကျေးရွာထဲက လိုက်လံဖမ်းဆီးခဲ့ပြီး စစ်ကြောင်းထဲ စစ်ယူနီဖောင်း အင်္ကျီတွေဝတ်ဆင်ခိုင်းတာတင်မကပဲ လက်နက်ပစ္စည်းများလည်း ထမ်းခိုင်းပြီး စစ်ကြောင်းထဲဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။

ဖားကန့်ဘက်ကို တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ မိုးကောင်း၊ နမ္မတီး ဘက်နေ တက်လာတဲ့ တပ်မ ၃၃ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့တွေဖြစ်ကြပြီး ဖားကန့်ဘက်ကို ထောက်ပို့တက်လာကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဖြစ်ပါတယ်။

Show More

Related Articles

Back to top button