သတင်း

လယ်ကုန်းရပ်ကွက် နေအိမ်တစ်အိမ်ဝင်စီးခံရပြီး လူငယ် ၁၁ ဦးဖမ်းခံရ

မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်မှာရှိတဲ့ နေအိမ်တစ်အိမ်ဝင်စီးခံရပြီး လူငယ် ၁၁ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့  ဖမ်းဆီးခံရသူတွေနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။

ဖြစ်စဉ်မှာ ဩဂုတ် ၂၈ ရက် မနေ့ည ၉နာရီခွဲလောက်မှာ ရှေ့လယ်ကုန်းရပ်ကွက် နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ်တွေက အိမ်စီးကား ၃ စီး အင်အား ၃၀ လောက်နဲ့ဝင်စီးပြီး ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

အရှေ့လယ်ကုန်း လမ်းသွယ် ၁၈ ဘက်မှာ PDF အပါအဝင် လူငယ်တွေ ဖမ်းခံရတာဟုတ်တယ်။ မဟုတ်တဲ့သူတွေရော ဟုတ်တဲ့သူရော အကုန်ဖမ်းသွားတာပေါ့။ လူငယ်တွေပဲ အားလုံး ၁၁ ဦးဟုတ်တယ်။ PDF က တစ်ဦးပဲပါတယ်။ သူက ဝန်ခံလိုက်တယ်လို့ ပြောတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ လူငယ် ၁၁ ယောက်ထဲမှာ အမျိုးသား ၆ ယောက် ၊ အမျိုးသမီး ၅ ယောက်ဖြစ်တယ်လို့ သိရပြီး အဲဒီထဲမှာ PDF လူငယ်တစ်ယောက်သာ ပါဝင်တယ်လို့ သူကဆက်ပြောပါတယ်။

စစ်တပ်ဘက်ကတော့ မြစ်ကြီးနားပေါ်မှာ လှုပ်ရှားနေတဲ့ PDF တွေကို လိုက်နေတာကြာပြီ။ အခုဖမ်းခံရတဲ့သူ့ကိုလည်း လိုက်နေတာကြာပြီ။ အခြားလူငယ်တွေတော့ ပြန်လွတ်ပေးမယ်ကြားတာပဲ။ ဒါပေမဲ့  ဘယ်လိုလဲ မသိသေးဘူးဟုသူက ဆက်ပြောပါတယ်။

ဖမ်းဆီးခံသွားရတဲ့ထဲမှာပါဝင်တဲ့ PDF လူငယ်ဟာ ၂၀၂၂ ခုနှစ် ဧပြီလမှာ ဖမ်ဆီးခံရတဲ့ မြစ်ကြီးနားကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ဦးချစ်တို့နဲ့ပတ်သက်ဆက်နွယ်တာတွေရှိခဲ့ပေမယ့် ဦးချစ်တို့ဖမ်းခံသွားရပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပါဝင်ပတ်သက်တာတွေမရှိတော့ဘူးလို့မြစ်ကြီးနားကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

မြစ်ကြီးနားမြို့ပေါ်မှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်တပ်သတင်းပေးသူတွေကြောင့် မြစ်ကြီးနားမြို့ပေါ်က လူငယ်တွေအပါအဝင် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ပတ်သက်ဆက်နွယ်သူတွေ ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်တွေလည်း မကြာခနရှိခဲ့ပါတယ်။

ဒါအပြင် စစ်တပ်ဘက်က မြစ်ကြီးနားမြို့ပေါ်မှာ အိမ်စီးကားတွေအသုံးပြုပြီး အရပ်ဝတ်တွေနဲ့နေ့တိုင်း ကင်းပုန်းဝပ်တာတွေပုံမှန်လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

Show More

Related Articles

Back to top button