တိုက်ပွဲသတင်း

နမ့်ဖတ်ကာမှာ စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် မိန်းကလေးငယ် ၁ ယောက်သေဆုံးပြီး ၂ ယောက်ထိခိုက်ဒဏ်ရာပြင်းထန်

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ စစ်တပ်လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် မိန်းကလေးငယ် ၁ ယောက်သေဆုံးပြီး နောက်ထပ် အမျိုးသား ၁ ယောက်နဲ့အမျိုးသမီး ၁ ယောက် လည်း ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ နမ့်ဖတ်ကာဒေသခံတွေဆီကနေ သိရပါတယ်။

ဩဂုတ် ၃၀ ဒီမနက် ၇ နာရီခွဲကစပြီး စစ်ကောင်စီတပ်တွေက နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်စခန်းကနေ ရွာဘက်ကို လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်ခတ်ခဲ့ရာ ရွာထဲမှာရှိတဲ့လူနေအိမ်တွေမှာကျရောက် ပေါက်ကွဲခဲ့တာကြောင့် ခုလို အရပ်သားပြည်သူ ထိခိုက်သေဆုံးတာဖြစ်တယ်လို့ နမ့်ဖတ်ကာဒေသခံတွေက ပြောပါတယ်။

ဒီမနက်က နာရီခွဲကနေ ဗုံးသံတွေ လက်နက်ကြီးသံတွေ ပြန်ကြားရပြီ။ ဆိုတော့ ၁၀ နာရီလောက်မှာ နမ့်ဖတ်ကာစျေးအောက်ဘက်တရုတ်အိမ် တစ်အိမ်မှာ လက်နက်ကြီးလာကျတာ အမျိုးသား ဦး ထိသွားတယ်။ ပြီးရင် ရွာထိပ်ဘက် ဝက်စာရိတ်နေတဲ့ အမျိုးသမီးငယ် ဦးဆီလည်း လက်နက်ကြီး လာကျပြီး တစ်ဦးက ပွဲချင်းပြီးသေသွားတယ်။ တစ်ဦးက ဒဏ်ရာပြင်းထန်ပြီး ကွတ်ခိုင်ဆေးရုံကို ပို့ထားတယ်”  လို့ နမ့်ဖတ်ကာဒေသခံတစ်ဦး ပြောပါတယ်။

လက်နက်ကြီးကြောင့် အသက်သေဆုံးခဲ့ရတဲ့သူမှာ  အသက် ၁၅ နှစ်အရွယ် မအားစု ( တရုတ်လူမျိုး) ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဩဂုတ်လ ၂၈ ရက်နေ့ကတည်းက မူဆယ်နမ့်ခမ်းကြား စယ်လန်အနီးမှာ စစ်တပ်နဲ့ တအာင်း TNLA တို့ကြားတိုက်ပွဲပြင်းထန်နေတဲ့အပြင် နမ့်ဖတ်ကာ စစ်တပ် ခလရ ၁၂၃ ကနေလည်း လက်နက်ကြီးဆက်တိုက် ပစ်ခတ်နေတာလည်းဖြစ်ပါတယ်။ 

ဒါ့အပြင် ဩဂုတ်လ  ၂၉ ရက်နေ့မှာလည်း နမ့်ဖတ်ကာစစ်တပ်ကနေ လက်နက်ကြီး အလုံးရေ ၃၀ ကျော် ရမ်းသမ်းပစ်ခတ်ခဲ့တာတွေကြောင့် နမ့်ဖတ်ကာကျေးရွာနဲ့ အနီးတဝိုက်ကျေးရွာတွေထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအိမ် ၅ အိမ်ထက်မနည်း ထိခိုက်ပျက်စီးသွားသလို ကျောင်းဆောင်တချို့လည်း ပျက်စီးသွားတာတွေရှိခဲ့ပါတယ်။

ဒီကြားထဲ ရက်ရှိလာပြီး နမ့်ဖတ်ကာမှာက အချိန်ပြည့် လက်နက်ကြီးသံတွေ လက်နက်သံတွေနဲ့ ပြည့်နေတာဟုတ်တယ်။ တအာင်း TNLA ဘက်ကလည်း ဘေးပတ်ဝန်းကျင် လာရောက်ပစ်ခတ်သွားပုံရတယ်။ ဆိုတော့ စစ်တပ်ဘက်ကလည်း ဟိုတနေ့က တစ်ခါပြောထားတဲ့အတိုင်း ဘယ်ဘက်က လက်နက်သံမြည်မြည် မြည်တဲ့ဘက်ကို လက်နက်ကြီး ပစ်ခတ်ပေးမယ်လို့ ပြောထားတာဆိုတော့ ရမ်းတမ်းပစ်ခတ်နေတာပေါ့။ ဒီနေ့ကက စျေးနေ့လည်းဖြစ်တယ်။ စျေးနားမှာ လက်နက်ကြီးလာကျတာဆိုတော့ အားလုံး ထိတ်လန့်ပြီး စျေးတွေအကုန်သိမ်းပြီး တကွဲတပြား တခါထဲ ထွက်ပြေးကုန်ပြီ။” ဟု နမ့်ဖတ်ကာဒေသခံက ဆက်ပြောပါတယ်။

အလားတူ ဩဂုတ် ၃၀ ဒီနေ့ဟာ နမ့်ဖတ်ကာကျေးရွာရဲ့ စျေးနေ့လည်းဖြစ်ပေမယ့် စစ်တပ် လက်နက်ကြီးဆက်တိုက်ပစ်ခတ်တာတွေကြောင့် စျေးများအားလုံးလည်း သိမ်းကာ ဒေသခံပြည်သူများကတော့ မိမိနေအိမ်တွင်းမှာပဲ ပုန်းအောင်းကာနေနေကြရတယ်လို့ ဆိုပါတယ်။

လက်ရှိ မူဆယ်နမ့်ခမ်းကြား စေလန်မှာဖြစ်ပွားနေတဲ့ စစ်ကောင်စီနဲ့ TNLA တို့ကြားတိုက်ပွဲမှာလည်း နှစ်ဖက်ထိခိုက်သေဆုံးတာတွေရှိတယ်လို့ပြောပေဆိုကြတာရှိပေမယ့် KNG သတင်းဌာနအနေနဲ့တော့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

နမ့်ဖတ်ကာနဲ့ နမ့်ခမ်းမူဆယ်တစ်ဝိုက် ဩဂုတ်လ ၂၇ ရက်နေ့ကစပြီး တအာင်းတော်လှန်ရေးတပ်ဖွဲ့ TNLA ဘက်က သိသိသာသာစစ်ရေးလှုပ်ရှားလာတဲ့အတွက် စစ်ကောင်စီ စစ်ကြောင်းနဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်နေတာလည်း ဖြစ်ပါတယ်။

စေလန်ဘက် TNLA တွေ လှုပ်ရှားနေတာဆိုတော့ တိုက်ပွဲဆက်တိုက်ဖြစ်နေတာဟုတ်တယ်။ စေလန်ဘက်တိုက်ပွဲ ပြင်းထန်နေတော့  TNLA တပ်သားတချို့က ဒီဘက် နမ့်ဖတ်ကာရွာထဲ စျေးထဲထိ ဝင်ရောက်လာကျတယ်လေ။ ရွာထဲဝင်လာတာဆိုတော့ စစ်တပ်ဘက်ကလည်း လက်နက်ကြီးတွေ ဆက်တိုက်ပြန်ပစ်ခတ်တာ။နမ့်ဖတ်ကာကနေ လက်နက်ကြီးအတကုန်ပစ်ပေးတော့ ဩဂုတ် ၂၉ မနေ့က စေလန်တိုက်ပွဲမှာ TNLA ဘက်က တော်တော်ထိခိုက်သေဆုံးတာတွေ့ရတယ်။ လို့ နမ့်ဖတ်ကာဒေသခံအမျိုးသားတစ်ယောက်က ပြောပါတယ်။ 

ဒါ့အပြင် ဩဂုတ်လဆန်း ၄ ရက်နေ့မှာ နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်ရင်းမှူးမှ ကျေးရွာရပ်ကွက်အုပ်ချူပ်ရေးမှူးတချို့ကို ခေါ်ယူကာ ကျေးရွာအတွင်း ဘယ်တော်လှန်ရေးတပ်ဖွဲ့မဆို လှုပ်ရှားလာရင် အကြောင်းကြားဖို့နဲ့ သေနတ်သံမြည်တဲ့ နေရာတိုင်းကို နေရာမရွေး၊ ရွာသားတွေကို မညှာသာတော့ပဲ လက်နက်ကြီးပစ်ခတ်မယ်လို့ ပြောဆိုတာတွေလည်းရှိပါတယ်။

နမ့်ဖတ်ကာကျေးရွာမှာ ပြီးခဲ့တဲ့ ဇူလိုင်လကလည်း စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ တအာင်းတပ်ဖွဲ့ TNLA တို့ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး နမ့်ဖတ်ကာ ၁၂၃ မှ လက်နက်ကြီးရမ်းတမ်းပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ ၆ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Show More

Related Articles

Back to top button