ဆောင်းပါးသတင်းဆောင်းပါး

စစ်ရှောင်တွေ ရဲ့ အားကိုးရာလက်တစ်စုံ ကိုသူရိန်ဇင်

ကလေးမြို့နယ် တောင်ပိုင်းမှာ ပထမဆုံးမီးရှို့ခံခဲ့ရတာ ကျနော့အိမ်ဗျ” အသံတုန်တုန်ရီရီ နဲ့ ဆိုလာသူက ကလေးမြို့ရဲ့အစွန်ဆုံး မကွေးတိုင်းနဲ့ အစပ်မှာရှိတဲ့ ကြံသာရွာသား အသက် ၂၇ နှစ်အရွယ် ကိုသူရိန်ဆိုသူပါ။

ကိုသူရိန်ဟာ အသားခပ်ညိုညို၊ ခန္ဓာပိန်ပိန် ပါးပါး၊ မျက်ခုံးမျက်ဖန်ကောင်းပြီး ကြည့်ကောင်းတဲ့ရုပ်ရည်မျိုး ပိုင်ဆိုင်ထားတဲ့ လူငယ်တစ်ယောက်ပါ။ သူဟာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်သလို စစ်ဘေးရှောင်တွေရဲ့ ကူညီအားထားရတဲ့ လူငယ်တစ်ယောက်ဆိုလည်း မမှားပါဘူး။

ကလေးမြို့ရဲ့ တောင်ဘက်ခြမ်း လူသူမနေထိုင်ပဲ အေးချမ်းတဲ့တောတစ်နေရာမှာ ကိုသူရိန်တစ်ယောက် ခေါင်းကိုငုံ့ မျက်လုံးကိုပိတ် စာအုပ်တစ်အုပ်ကို ကိုင်လျှက် ဒူးထောက်ထားပြီး သူ့ရဲ့နောက်ကျောဖက်မှာတော့ ၃ ပေကျော်လောက်နက်တဲ့ တူးလက်စ ဗုံးခိုကျင်းကို တွေ့ရပါတယ်။

အဲဒီနေရာမှာ စိမ်းစိုနေတဲ့ သစ်ပင်တွေနဲ့ အေးချမ်းတယ်လို့ ထင်ရပေမဲ့ စစ်တပ်စခန်းနဲ့  မိုင်လောက်သာဝေးပြီး ကိုသူရိန်တို့ ကာကွယ်ရေးတပ်ဖွဲ့တွေ တပ်စခန်း အထိုင်ချထားတဲ့နေရာပါ။

သူ့ရှေ့မှာတော့ အိန္ဒိယထုတ် ခတ်ချိုးသေနတ်တစ်လက်ကို ထောင်ထားသလို သူကိုယ်မှာလည်း အပြာရောင် ခေါင်းစွပ်၊ လက်ရှည်အပေါ်မှာ ကျည်ကာကိုထပ်၊ ပျောက်ကြားဘောင်းဘီကိုဝတ်ထားသလို ဆောက်လုပ်ရေး လုပ်ငန်းတွေမှာသုံးတဲ့လုံခြုံရေးစီးဘွတ်ဖိနပ်ကို ထားပါသေးတယ်။

ဒါတင်မက ပစ္စည်းအပြည့်ထည့်ထားတဲ့ ကျောပိုးအိတ် တစ်လုံးကိုပါ သူ့ရှေ့မှာချထားပြီး စစ်တိုက်ဖို့ အဆင်သင့်ပြင်ဆင်ထားပုံ ရပါတယ်။ အဲ့ဒီနေ့က ကလေးမြို့ရဲ့တောင်ပိုင်း ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ သူယုံကြည်တဲ့ ဘုရားထံကိုကျမ်းစာ အုပ်ကိုင်ပြီး သူအလိုရှိတဲ့ ဆုတွေတောင်းလျှောက်နေခဲ့တာလို့ သူကပြန်ပြောပြပါတယ်။

စစ်အာဏာရှင် မင်းအောင်လှိုင် ကိုဘုရားအလိုတော်ရှိရင်စစ်မှန်တဲ့နောင်တနဲ့ ပြည်သူ့အာဏာကိုပြည်သူ့ ထံ ပြန်အပ်ပေးဖို့ကျမ်းစာအုပ်ကိုကိုင် ဒူးကိုထောက် မျက်လုံး ကို စုံမှိတ်လျှက်ဆုတောင်းခဲ့တာလို့ ကိုသူရိန်က ပြန်ပြောပြပါ တယ်။

ဒါ့အပြင် သူတောင်းတဲ့ဆုတွေထဲ ရှေ့တန်းကသူငယ်ချင်းရဲဘော်တွေဘေးကင်းဖို့ နဲ့ သက်ဆိုင်တဲ့ မိသားစု တွေအတွက်ရော၊ သူလက်ခံထားတဲ့ NUGအစိုးရအတွက် နဲ့ သူ့အတွက်ပါ သူယုံကြည်တဲ့ဘုရားဆီကို ဆုတောင်းခဲ့တာလို့ပြောပါတယ်။

ကိုသူရိန်ဟာ ငယ်စဥ်တည်းက ခရစ်ယာန်ဘာသာကိုးကွယ်သူတစ်ယောက်ဖြစ်ပြီး ဓမ္မဆရာတစ်ယောက် ဖြစ်ချင်ခဲ့တာ သူရဲ့ရည်မှန်းချက်ပါ။

ကျနော်က ကျမ်းစာကျောင်းတက်မယ် တရားဟောမယ် ဗုဒ္ဓလိုဆိုရင်တော့ဘုန်းကြီးဝတ်ဖို့ပေါ့ဗျာ ဒါက တော့ကျနော့ရဲ့ ငယ်ငယ်တည်းက ရည်မှန်းချက်ပေါ့ “

ဒါပေမဲ့ ကိုသူရိန်တစ်ယောက် စီးပွားရေးအဆင်မပြေတဲ့သူ့ရဲ့မိသားစုအတွက် အသက်၁၆နှစ်မှာပဲ တိုင်းတစ်ပါးကိုထွက် မလေးရှား နိုင်ငံမှာ ၂နှစ် ထိုင်းနိုင်ငံမှာ ၄ နှစ် ရွှေ့ပြောင်းလုပ်သားအဖြစ် နဲ့ လုပ်ကိုင်ခဲ့ပါတယ်။

အဲ့ဒီလို တိုင်းတစ်ပါးကိုသွားပြီး မိသားစုအတွက် ရုန်းကန်ပြီးတဲ့အချိန်မှာတော့ သူ့ရဲ့ ငယ်စဥ်ကတည်းက ရည်မှန်းချက်အတွက် ကျမ်းစာကျောင်းတက်ဖို့ မြန်မာပြည်ကိုပြန်လာခဲ့ပါတယ်။ သူ မြန်မာပြည်ပြန်ရောက်ပြီး သူရဲ့ရည်မှန်းချက်ကို အကောင်ထည်ဖော်ဖို့ လုပ်နေစဥ်မှာပဲ စစ်ကောင်စီတပ်က အာဏာသိမ်းလိုက်တော့

အမေစု အုပ်ချုပ်လာတဲ့ ၅ နှစ်ကာလအတွင်းမှာ ကျနော်တို့တိုင်းပြည်ရဲ့ ပြောင်းလဲမှုက သိသိသာသာကြီး ကိုမြင်တွေ့ခဲ့ရတယ်။ နောက်ထပ် ၅ နှစ်သာ ထပ်အုပ်ချုပ်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အောင်မြင်မှုတိုးတက်မှု အရွေ့တစ်ခုက တစ်လုံးတစ်ခဲကြီး ပိုင်ဆိုင်ရတော့မယ်။ အဲ့ချိန်မှာပဲ စစ်တပ်က အာဏာသိမ်းလိုက်တော့ ကျနော်တို့တော်တော်လေး ခံပြင်းတယ်။ ဝမ်းနည်းရသလို ကျနော့ရည်ရွယ်ချက်တွေလည်း ပျက်သွားတော့တာပဲ” လို့ ကိုသူရိန်က ပြန်ပြောပြပါတယ်။

အာဏာရှင်ကိုမကြိုက်တဲ့ ကိုသူရိန်တစ်ယောက်အဲ့ဒီကစ နိုင်ငံတဝှမ်းကလူငယ်တွေနည်းတူ ကလေးမြို့က သပိတ်စစ်ကြောင်း တွေမှာ ငြိမ်းချမ်းစွာ ဆန္ဒပြဖို့ စတင်ခဲ့ကြတယ်။ အဲ့ဒီ သပိတ်စစ်ကြောင်းတွေမှာ ကိုယ်တိုင်ဦးဆောင်ပြီး ရှေ့ဆုံးကနေ ပါဝင်ခဲ့တယ်လို့လည်း သူက ပြန်ပြော ပြပါတယ်။

သို့ပေမဲ့ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ သပိတ်စစ်ကြောင်းတွေကို စစ်ကောင်စီတပ်က ဖြိုခွင်းဖို့ သေနတ်အစစ်တွေ သုံးပြီးပစ်ခဲ့တဲ့အတွက် ကလေးမြို့မှာ ပထမဆုံးအနေနဲ့ ကိုဇင်မျိုးမောင် ကျဆုံးခဲ့ရပါတယ်။

အဲ့လို စစ်ကောင်စီတပ်က ပစ်ခတ်မှုတွေလုပ်နေတဲ့ကြားက ကလေးမြို့မှာ ချင်းလူငယ်တွေနဲ့ဒေသခံလူငယ် တွေပေါင်းပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံးအနေနဲ့ တာဟန်းသပိတ်အခိုင်အမာခံတပ်ကြီးလုပ် စစ်ကောင်စီတပ်ကို အမဲလိုက်တဲ့ တူမီး သေနတ်တစ်ချို့သုံးပြီး ခုခံခဲ့ကြဖို့ လုပ်ခဲ့ကြတယ်။

အဲ့ဒီထဲလည်း ကိုသူရိန်က တစ်ယောက်အပါအဝင်ပါ။ သို့ပေမဲ့ နိုင်ငံတစ်ဝှမ်း ပထမဆုံးဖြစ်တဲ့တာဟန်းသပိတ်ခံတပ်ကြီးကို စစ်တပ်က လက်နက်ကြီး လက်နက်ငယ်တွေပါသုံးဖြိုခွင်းခဲ့လို့ လက်နက်မရှိတဲ့ ကိုသူရိန်တို့ တောထဲထွက်ပြေးကြရပါတယ်။

အဲ့မှာ ကိုသူရိန်တို့နဲ့အတူ ခံတပ်ကြီးမှာပါဝင်ခဲ့တဲ့ သူငယ်ချင်းတွေအားလုံး ချင်းအမျိုးသားတပ်မတော် CNA ဆီ စစ်ပညာသင်ဖို့ ဖြစ်လာခဲ့ပါတယ်။

စစ်ကောင်စီကို နှိမ်နှင်းဖို့ မေတ္တာတရားနဲ့မောင်းထုတ်လို့မရတော့ဘူး သေနတ်ကိုင်တဲ့လက်ကို ပန်းနဲ့ပေါက်လို့ မရတော့ဘူး သူတို့သေနတ်ကိုင်ရင်ငါတို့လည်းသေနတ်ကိုင်မယ် သူတို့ပစ်ရင် ငါတို့ပြန်ပစ်မယ်ဆိုပြီး စစ်ပညာသင်ယူဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။

စစ်သင်တန်းတွေသင်ပြီး မကြာခင်မှာပဲ ကိုသူရိန်တစ်ယောက်ကတော့ တောခိုနေတဲ့ လူငယ်တွေနဲ့ CDMတွေ အတွက် ရိက္ခာနဲ့တစ်ခြားအကူညီတွေ ထောက်ပံ့ဖို့ ထောက်ပံ့ရေးဘက်ကို သူ့ရဲ့အကိုဝမ်းကွဲနဲ့ အတူ ကလေးမြို့ထဲ ဝင်ပုန်းခိုရင်း ပြည်ပအကူညီတွေရဖို့ကြိုးစားခဲ့ပါတယ်။

အဲ့မှာပဲ ကိုသူရိန် နေတဲ့နေရာ ပေါက်ကြားသွားလို့ ကိုသူရိန်တောထဲကို ပြန်တိမ်းရှောင်ခဲ့ရပြန်ပါတော့တယ်။

ကျနော်နေတဲ့နေရာ သတင်းပေါက်တော့ ကျနော်ကတောထဲကိုရောက်သွားတယ် ဒါပေမဲ့ ကျနော်အကိုက တော့ နေခဲ့အုန်းမယ်ဆိုပြီးနေခဲ့တာ ကျနော်က ညနေသွားတယ်။ နောက်နေ့မနက်မှာပဲ ကျနော်တို့ပုန်းခဲ့တဲ့ နေရာကိုဝိုင်းပြီး ကျနော့အကို ဖမ်းမိသွားတယ်။ ဖမ်းမိပြီးသုံးရက်အကြာမှာပဲ သူ့ရဲ့ပြာအိုးကို လာယူခိုင်းတယ်။ အရှင်လတ်လတ် မီးရှို့သတ်ခံလိုက်ရတယ်” လို့ သူက ပြန်ပြောပြပါတယ်။

အဲ့လိုနဲ့ ချင်းအမျိုးသားတပ်မတော် CNA မှာ စစ်ပညာသင်ယူခဲ့တဲ့ ကိုသူရိန်နဲ့ သူငယ်ချင်းအယောက် ၂၀ ပေါင်းပြီး စစ်သင်တန်းတွေ ပို့ချခဲ့ရာမှာ Kalay People’s Defence Force Kalay PDF ဆိုပြီး ဖြစ်လာပြီး အခုဆိုရင် တပ်ရင်း ၉ ရင်းအထိ ကြီးမားလာခဲ့ပြီ ဖြစ်ပါတယ်။

ကျနော်ကတော့ PDF Kalay တပ်ရင်း ၁ ရဲ့ ဘဏ္ဍာငွေရှာဖွေရေးနဲ့ ပြန်ကြားရေးအပိုင်းကိုတာဝန်ယူခဲ့တယ်။ တိုက်ပွဲတွေမှာလည်း ဝင်တိုက်ခဲ့တယ်” လို့ ကိုသူရိန်က ဆိုပါတယ်။

အဲ့လိုနဲ့ ငယ်စဥ်ကတည်းက ကျန်းမာရေးချို့တဲ့ခဲ့တဲ့ ကိုသူရိန်ဟာ PDF Kalay တပ်ရင်း ၁ မှာ တာဝန်ထမ်းဆောင်ပြီး ၂ နှစ်အကြာ ၂၀၂၃ ဖေဖော်ဝါရီလမှာပဲ ကိုသူရိန်တစ်ယောက် လက်နက်ကိုင်တော်လှန်တာကို ရပ်နားခဲ့ပါတယ်။

အဲ့လိုနဲ့ အာဏာသိမ်းပြီး၂နှစ်အကြာမှာပဲ ကိုသူရိန်တစ်ယောက် ကျန်းမာရေးအခြေနေကြောင့် တရားဝင် ထွက်စာတင်ပြီး တပ်ရင်းကနေ ထွက်ခဲ့ပါတယ်။

အဲ့လိုထွက်သွားပေမဲ့ လက်နက်ကိုင်တော်လှန်ခဲ့ကတည်းက စစ်ဘေးရှောင်တွေ အရေး အလုပ်လုပ်ခဲ့တော့ လက်နက်ကိုင် တော်လှန်တာကို နားသွားပေမဲ့လည်း စစ်ဘေးရှောင်တွေအတွက် ဆက်လက်ကူညီဖို့ ဆုံးဖြတ်ခဲ့ပြန်ပါတယ်။

သူအခုလို ကျန်းမာရေးမကောင်းပေမဲ့ စစ်အာဏာရှင်ကို တစ်ထောင့်တစ်နေရာကနေ ပါဝင်သွားမည်ဖြစ်ပြီး တော်လှန်ရေးအတွက် သူနောင်တရတာမရှိသလို စစ်အာဏာရှင်ကိုနာကျည်းလွန်းကြောင်း သူကဆိုပါတယ်။

နေအိမ်ပါ မီးရှို့ခံခဲ့ရသလို မိသားစုတွေလည်း အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးတိမ်း ရှောင်ခဲ့ရပေမဲ့ ကိုသူရိန် တစ်ယောက် တော်လှန်ရေးအပေါ် ရပ်တည်ချက်က မပြောင်းလဲသလို သူ့အတွက် သူကိုယ်တိုင်ဂုဏ်ယူတယ်လို့ ပြောပါတယ်။

ငါဒီတော်လှန်ရေးမှာပါလို့ ငါ့မိသားစုထွက်ပြေးနေရတယ် ငါ့အိမ်လည်းမီးရှို့ခံရတယ်ဆိုပြီး နောင်တရတာ တော့ ကျနော့စိတ်ထဲ လုံးဝ မရှိဘူးဗျ။ စစ်ကောင်စီကျဆုံးတဲ့အထိ ဒီတော်လှန်ရေးမှာ ပါဝင်မယ်ဆိုတဲ့စိတ်ပဲ ရှိတယ်လို့ သူက အံကိုကြိတ်ကာ မာန်ပါပါနဲ့ ဖြေပါတယ်။

Show More

Related Articles

Back to top button