ဆောင်းပါးသတင်းဆောင်းပါး

စစ်အကြွင်းကျန် မြေမြုပ်မှိုင်းကြောင့် မသန်စွမ်းဖြစ်ခဲ့ရသူ

‘’ကျနော်လူဖြစ်မှာ မဟုတ်တော့ဘူး။ သားသမီးတွေကိုလည်း ရှာကျွေးနိုင်မှာ မဟုတ်တော့ဘူး”လို့ ရင်ဖွင့်ပြောပြ လာသူကတော့ ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာထဲက ဦးဇော်သောင်း (အမည်လွဲ) ပဲ ဖြစ်ပါတယ်။

လက်ရှိ အသက် ၅၀ အရွယ်ရှိပြီဖြစ်တဲ့ ဦးဇော်သောင်းဟာ သာမာန်လူတစ်ယောက်လို သန်သန်မာမာတော့ မဟုတ်တော့ပါဘူး သူဟာ လွန်ခဲ့တဲ့ ၁၂ နှစ် ၂၀၁၁ ခုနှစ် ဇွန်လပိုင်းလောက်က လမြန်ကျေးရွာနဲ့ တစ်မိုင်ကျော်ဝေးတဲ့ သူ့ယာခင်းထဲမှာ မိသားစုစားဝတ်နေရေးအတွက် အလုပ်သွားလုပ်ဖို့သွားရာကနေ မြေမြှပ်မိုင်းနင်းမိပြီး သူ့ရဲ့ ဘဝဟာ ထင်မှတ်မထားပဲ ကံဆိုးမိုးမှောင် ကျသွားခဲ့ပါတော့တယ်။

သူမြေမြှပ်မိုင်းနင်းမိတဲ့အချိန်ဟာ အသက် ၃၈ နှစ်ရှိပြီလို့သူကဆိုပါတယ်။ ဦးဇော်သောင်း မြေ မြှပ်မိုင်း မနင်းမိချိန်ထိတော့ သူဟာတောင်ယာလုပ်ငန်းလုပ်ကိုင်ပြီး ဇနီးဖြစ်သူနဲ့ သားသမီးလေး ယောက်ကို စားဝတ်နေရေး ဖူလုံအောင် လုပ်ကျွေးနိုင်တဲ့ ဖခင်ကောင်းတစ်ယောက်ပါ။

ဒါပေမယ့် တစ်နေ့မှာတော့ သူ့ရဲ့ ဘဝမှာ ထင်မှတ်မထားတဲ့အရာတစ်ခုက သူ့ရဲ့ ဖခင်ကောင်းပီသတဲ့ သတ္တိတွေ၊ မာန်တွေ၊ ခွန်အားတွေနဲ့အရာအားလုံးကို ရိုက်ချိုးလိုက်တဲ့အကြောင်း သူက အခုလိုရင်ဖွင့် ပြောဆိုလာပါတယ်။

“ကျွန်တော်မိုင်းထိသွားတော့ ကျွန်တော်က အော်နေတာပေါ့ အော်တော့ ယာထဲကလူတွေ လာကြတယ် ကျွန်တော့ရဲ့ ခြေထောက်ကဖြစ်ဖြစ်ချင်းကြည့်တော့ အရိုးတွေကပေါ်နေတာ နှစ်ခုစလုံးကျိုးသွားပြီ။ ကျွန်တော်ဆေးရုံမှာ ခုနှစ်လတိတိ လမ်းလျောက်လို့မရတော့ဘူး။ ကျွန်တော့်ဘဝကတော့ ပြီးဆုံးသွားပြီပေါ့။ ကျွန်တော်သာမာန် လူတစ်ယောက်လို ပြန်မဖြစ်နိုင်တော့ဘူး ဘယ်အရာကိုမှ ကျွန်တော် လုပ်နိုင်တော့မှာ မဟုတ်ဘူးဆိုတဲ့ စိတ်တွေ စဝင်လာတော့တယ်”သူ့ရဲ့ စကားသံတွေထဲမှာ အားငယ်မှုတွေ၊ သိမ်ငယ်မှုတွေအပြည့်နဲ့ ရင်ဖွင့်ပြောပြတာ ဖြစ်ပါတယ်။

ဦးဇော်သောင်းဟာ မြေမြှပ်မိုင်းနင်းမိပြီးတော့ ခုနှစ်တိတိ ဝိုင်းမော်မြို့နယ်ဆေးရုံမှာဆေးကုသမှု ခံယူခဲ့ပါတယ်။ မြေမြှပ်မိုင်းနင်းမိတာကြောင့် သူ့ရဲ့ခြေထောက်တစ်စုံလုံးထိခိုက်သွားပြီး တစ်ဖက်ကိုတော့ ဖြတ်ပစ်လိုက်ရတဲ့အထိ ဖြစ်ခဲ့တယ်လို့ ဦးဇော်သောင်းက အခုလိုပြောပြလာပါတယ်။

“အခုကျွန်တော့ခြေနှစ်ထောက် နှစ်ဖက်က တစ်ဖက်နှင့် တစ်ဖက်မညီတော့ဘူးဗျ။ နှစ်ဖက်စလုံးကို စတီးနဲ့ ဆက်ထားတာ ဒါပေမယ့် ညာဖက်ကတော့ ဖြတ်ပြီးဆက်ထားတော့ နည်းနည်းတိုသွားတယ်”လို့ သူကပြောပါတယ်။

သူဟာ မိုင်းနင်းမိပြီးနောက် ငါးနှစ်တိတိကတော့ လမ်းလျှောက်လို့မရပဲ တွန်းလှည်းနဲ့ နေ့စဉ်သွားလာ လှုပ်ရှားခဲ့ရတယ်လို့ ဆိုပါတယ်။ ၂၀၁၆ ခုနှစ်လောက်နေတော့ တွန်းလှည်းနဲ့တွားတွားခဲ့ရတဲ့ ဘဝက နေတစ်ဆင့်ချိုးပြောင်းလဲသွားပြီး ချိုင့်ထောက်နဲ့ သွားလာလို့ရတဲ့ခြေနေကိုရောက်လာတယ် လို့ဆိုပါတယ်။

ဦးဇော်သောင်းတစ်ယောက် သူ့ရဲ့ နေ့စဉ်ရုန်းကန်လုပ်ရှားဖို့သူ့ရဲ့ခြေထောက်တစ်စုံ ဆုံးရှူံးလိုက်ရပြီးနောက်မှာတော့သူ့ရဲ့ မိသားစု စားဝတ်နေရေးနေရာကို မိန်းမနဲ့ သားတစ်ယောက်က တာဝန်စယူရပါတော့တယ်။

ဦးဇော်သောင်းရဲ့ဇနီးသည် မိန်းမသားတစ်ယောက်ဦးဆောင်နေရတဲ့ မိသားစုဟာ အခက်အခဲ အကြပ်အသည်းတွေ အများကြီးရှိလာသလို သူ့အတွက် အဘက်ဘက်ကနေ ရိုက်နှက်မှုဒဏ်တွေကို လည်း စပြီးခံရတော့တဲ့အကြောင်း ဦးဇော်သောင်းက အခုလိုပြောပြလာပါတယ်။

“ကျွန်တော့မိန်းမက မိန်းမသားဆိုတော့ဘာလုပ်နိုင်မှာလဲတောင်ယာဆိုလည်း သူမခုတ်နိုင်မရှင်းနိုင်‌ တော့ဘူးလေ ။ တစ်နေ့တစ်နေ့စားဝတ်နေရေးကြပ်သည်းလာတာပေါ့ နေ့စားလည်းလိုက်ပြီး ရတာလေးနဲ့စား နေ့စားမရှိအလုပ်မရှိတဲ့ အခါဆိုရင် ထမင်းမစားရတဲ့နေ့တွေလည်း ရှိတယ်ဗျ။ အခု နောက်ပိုင်း ပိုဆိုးတာပေါ့ဗျာ ဘယ်သူမှအလုပ်မခေါ်ကြဘူး အားလုံးကခက်ခဲနေကြတဲ့ချိန်ဆိုတော့”လို့အသံတုန်ရီရီနဲ့ ဦးလကွမ်ဇော်သောင်းတစ်ယောက်ပြောပြလာတပါ။

ဦးဇော်သောင်းတစ်ယောက် ခြေတစ်စုံမရှိတော့တဲ့နောက်ပိုင်းမှာမိသားစု စားဝတ်နေရေးအဆင်မပြေမှုဒဏ်ကို ခံနေရတဲ့အပြင် ပတ်ဝန်းကျင်၊ ဆွေမျိုးအသိုင်းအဝိုင်းတွေက သူ့အပေါ် အယုံအကြည် မရှိ တော့တဲ့ဒဏ်ကိုလည်း ခံနေရတဲ့အကြောင်း သူကပြောပါတယ်။

“အရင်ကတော့ ငွေကြေးအခက်အခဲဖြစ်လာရင်သူများဆီချေးငှားပြီးဖြေရှင်းလို့ရခဲ့တယ် အခုနောက် ပိုင်းတော့ ဘယ်သူ့ဆီချေးချေး မချေးပေးတော့ဘူး အယုံအကြည်မရှိတော့ဘူးလေ ဒီလူက ခြေထောက် မှမကောင်းတော့တာ ချေးပေးရင်လည်းသူဘာနဲ့ပြနဆပ်မလဲဆိုတဲ့အတွေးနဲ့ဘယ်သူမှ ကျွန်တော်ခက်ခဲရင် မချေးပေးကြတော့ဘူးဗျ”လူတွေရဲ့သူ့အပေါ်အယုံအကြည်ကင်းမဲ့လာတဲ့ ခံစားချက်ကြောင့်ဦးဇော်သောင်းရဲ့စကားပြောလေသံထဲမှာ အားငယ်မှုတွေက ပြည့်နက်လို့နေပါတယ်။

မသန်စွမ်းဖြစ်သွားတဲ့ ဦးဇော်သောင်းရဲ့နေရာကို ဇနီးသည်က မိသားစုစားဝတ်နေရေးအဖို့ နေ့စားလိုက်ပြီး ဖြေရှင်းနေရတဲ့အတွက် သားသမီးတွေရဲ့ ပညာရေးထောက်ပံ့နိုင်ဖို့မဆိုထားနှင့် တစ်နေ့တစ်နေ့ စားဖို့ သောက်ဖို့တောင် မလောက်ငှ့နိုင်တာကြောင့် ကလေးတွေရဲ့ ပညာရေးမှာလည်း ထိခိုက်သွားတယ်လို့သူကဆိုပါတယ်။

“အခုကျောင်းတက်နေတာ သုံးယောက်ရှိသေးတယ် တစ်ယောက်ကတော့ ဆယ်တန်းပြီးထားပြီ ကျောင်းဆက်တက်ရမှာလည်းဆက်မထားနိုင်ဘူး အလုပ်ကလည်းမရဖြစ်နေတာ အခုတစ်ယောက်က ဆယ်တန်း တက်နေတယ်အဲ့တစ်ယောက်လည်း ကျူရှင်တွေဘာတွေလည်းသူများတွေကိုမလာနိုင်ဘူး သူက အဖေသမီးကျောင်းနားတော့မယ်ပဲပြောနေတေ့ စိတ်မကောင်းဘူး”လို့ ဦးဇော်သောင်းကပြောပြ နေတာပါ။

ဦးဇော်သောင်းတစ်ယောက် ကိုယ်အင်္ဂါမချို့ယွင်းသွားခင်မှာတော့ မိသားစုစားဝတ်နေရေးတွေ ဖူဖူလုံလုံရှိခဲ့ပေမယ့် မြေမြှပ်မိုင်းနင်းမိပြီး မသန်မစွမ်းဖြစ်သွားပြီးနောက်ပိုင်း သူ့ရဲ့မိသားစုအခြေအနေဟာ တစ်နေ့ထက်တစ်နေ့ ပိုပိုကြပ်သည်းခက်ခဲလာတာပါ။

“ကျွန်တော်ဦးစီးလုပ်ကိုင်နိုင်တဲ့အချိန်မှာတော့ ပြောရရင်အဆင်ပြေတာပေါ့ ဒါပေမယ့် ကျွန်တော်အခု လိုဖြစ်သွားတဲ့နောက်ပိုင်းတော့ တစ်ခါတစ်လေ အိမ်မှာဆန်မရှိတဲ့နေ့တွေလည်းမနည်းတော့ဘူး သားသမီးတွေကလည်း အတန်းပညာကကြီးလာ အမျိုးသမီးတစ်ယောက်ပဲ ရုန်းကန်နေတာတော့ မလောက်ငှ့နိုင်ဘူးလေ”လို့ သူကပြောပါတယ်။

ဦးဇော်သောင်းဟာ အခုလိုချိုင်းထောက်နဲ့ သူ့ရဲ့ဘဝကိုဖြတ်သန်းလာတာ ၇ နှစ်ကျော်တောင်ရှိခဲ့ပါပြီ သူဟာ အခုလိုဘဝမျိုးနဲ့ နောင်နှစ်ပေါင်းများစွာကို ဖြတ်သန်းရအုံးမှာဆိုပေမယ့် သူအားတင်းထားဆဲလို့ ဆိုပါတယ်။ အခုလိုချိုင့်ထောက်ဘဝနဲ့ရှင်သန်နေရပေမယ့် သူ့အတွက်ကြီးမားတဲ့မျော်လင့်ချက်တွေ တော့ရှိနေပါတယ်။

“ကျွန်တော်ကတော့ဒီတိုင်းပဲဖြစ်သွားတော့မှာ ကျွန်တော့ရဲ့ ကလေးတွေကကျွန်တော့အတွက် ခွန်အား တွေတက်စေတဲ့မျော်ချက်ပါ သူတို့လေးတွေ ပညာတတ်မြောက်ပြီး အလုပ်ကောင်းတွေရလာတဲ့အခါ ကျွန်တော်တို့မိသားစု အရင်လိုအဆင်ပြေလာတော့မှာပါ သူ့အမေလည်း အခုလောက်ပင်ပမ်းမှာမဟုတ် တော့ဘူးလေး။သူတို့လေးတွေကြည့်ပြီးပဲ ကျွန်တော်အားယူနေရတာပါ”လို့ သူယုံကြည်မှုရှိတဲ့မျော်လင့်ချက်တွေကြောင့် မာန်ပါပါပြောနဲ့ ဦးဇော်သောင်းတစ်ယောက်ပြောပြနေတာပါ။

အဖေဆိုတာ အိမ်တစ်အိမ်ရဲ့အိမ်ခေါင်မိုးဖြစ်ပြီး အမေဆိုတာ အိမ်ရဲ့အကာအရံဖြစ်တယ်လို့ ကဗျာဆရာတွေက ဖွဲနွဲ့ညွှန်းထားကြပြီး အမိုးမလုံတဲ့အိမ်ဟာ လောကဓံရဲ့ဒဏ်ကိုပိုခံရနိုင်တယ်လို့ ပြောဆိုတာတွေလည်း လူ့ပတ်ဝန်းကျင်မှာ ရှိနေဆဲဖြစ်ပါတယ်။

ဒါပေမယ့် ဦးဇော်သောင်းဘဝမှာ မိသားစုတွေရဲ့စားဝတ်နေရေး ကလေးတွေရဲ့ပညာရေးကို ဖခင်တစ်ယောက်အနေနဲ့ လက်တွေ့ဘဝမှာ တာဝန်မယူနိုင်တော့ပေမယ့် သူ့ရဲ့မိသားစုတွေကိုတော့ မေတ္တာနဲ့မိုးထားတဲ့ အိမ်လေးနဲ့လွှမ်းခြုံထားဆဲဘဲ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်ဟာ ကချင်ပြည်နယ်ထဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့ ကြား တစ်ကျော့ပြန်တိုက်ပွဲတွေပြန်လည်ပြင်းထန်လာတဲ့အချိန်ဖြစ်ပါတယ်။ အဲ့ဒီချိန်တုန်းက တိုက်ပွဲ ဖြစ်ပွားမှုအပြင်းထန်ဆုံး နေရာတွေဟာ ဝိုင်းမော်မြို့နယ်နဲ့ မိုးမောက်မြို့နယ်တွေမှာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ KIA ကို ရဟတ်တွေအသုံးပြုပြီးထိုးစစ်ဆင်ခဲ့သလို ဝိုင်းမော်မြို့နယ်ထဲက ကျေးရွာအတော်များများ မှာလည်း ဝင်ရောက်တပ်စွဲတာတွေရှိခဲ့ပါတယ်။

ဦးဇော်သောင်းဟာ မြေမြှပ်မိုင်းနင်းမိတာကြောင့် သူ့ရဲ့ခြေတစ်စုံဆုံးရှူံးလိုက်ရပြီး သူ့ဘဝတစ်လျှောက် လုံး မျော်လင့်ချက်ပျောက်ဆုံးခဲ့ရပေမယ့် သူ့နင်းမိခဲ့တဲ့ မြေ မြှပ်မိုင်းဟာ ဘယ်အဖွဲ့အစည်းက ထောင်ထားတဲ့မိုင်း ဖြစ်မယ်ဆိုတာကိုတော့ သူသိချင်နေတုန်းပဲလို့ ဆိုပါတယ်။

Show More

Related Articles

Back to top button