သတင်း

နမ့်တောင်းနဲ့ ဖာဖစ်ရွာချင်းဆက်လမ်း စစ်တပ်က လမ်းမြေတူးဖော်ဖြတ်တောက်

ရှမ်းမြောက် မူဆယ်မြို့နယ် နမ့်တောင်း-ဖာဖစ်-နမ်ဂတ် ဘန်ဂျုံ စတဲ့ကျေးရွာတွေကို ဆက်သွယ်ထားတဲ့ လမ်းကို စစ်တပ်က ၂ နေရာမှာ လမ်းမြေတွေကိုတူးပြီးဖြတ်တောက်လိုက်တာကြောင့် ဒေသခံတွေ သွားလာရေး ခက်ခဲနေကြောင်း နမ့်တောင်းဒေသခံတွေဆီကနေ သိရပါတယ်။

နမ့်တောင်း-ဖာဖစ်ကျေးရွာကို ဆက်သွယ်ထားတဲ့ လမ်းကို စစ်တပ်က ဩဂုတ် ၁၅ ရက်နေ့တွင် ပထမဆုံးအကြိမ် သွားရောက်တူးဖော်ဖြတ်တောက်လိုက်တဲ့အတွက် ရွာသားတွေနဲ့  TNLA တအာင်းတော်လှန်ရေးတပ်ဖွဲ့တွေက ကားနဲ့ ဆိုင်ကယ်သွားနိုင်ရုံလောက်သာ မြေတွေဖို့ပြီး သွားလာနေတာဖြစ်ပါတယ်။

ဒါပေမဲ့ ဒေသခံတွေ မြေဖို့ပြုပြင်ပြီး ၂ ရက်အကြာ ဩဂုတ် ၂၇ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့က လမ်းဖောက်စက်ယန္တရားကြီးနဲ့ ပြန်တက်လာပြီး ဒုတိယအကြိမ် ပြန်လည် ဖြတ်တောက်တူးဖော်လိုက်ကြောင်း နမ့်တောင်းဒေသခံတစ်ဦးက ကချင်သတင်းဌာန (KNG) ကိုပြောပါတယ်။

နမ့်တောင်း- ဖာဖစ်လမ်းကို စစ်တပ်ဘက်က စက်ကြီးနဲ့ ဒုတိယအကြမ်ပြန်ပြီး လာတူးဖောက် ဖြတ်တောက်ပေးလိုက်ပြီ။ပြီးတော့ နောက်တစ်နေရာက ဖာဖစ်နဲ့ နမ့်ဂတ်ကြား တစ်နေရာမှာလည်း ဖြတ်တောက်ပေးလိုက်တယ်။ ၂ နေရာပေါ့။ ပထမအကြမ် လာဖြတ်တောက်ပေးလိုက်တုန်းက ရွာသားတွေတောင် မြေတွေပြန်ဖုပြီး အနည်းအကျဉ်းသွားလာလို့ရနေတာဟုတ်တယ်။ ဒါပေမဲ့ ပြန်တက်လာပြီး တော်တော်နက်အောင် ပြန်တူးဖော် ဖြတ်တောက်ပေးလိုက်တာ။” ဟု နမ့်တောင်းဒေသခံတစ်ဦးကပြောပါတယ်။ 

စစ်တပ်ဘက်မှ တူးဖော် ဖြတ်တောက်လိုက်တဲ့ လမ်းနေရာတွေမှာ နမ့်တောင်း-ဖာဖစ်ကျေးရွာကြား တစ်နေရာ ၊ ဖာဖစ် နဲ့ နမ့်ဂတ်-ဘန်ဂျုံ ကြား ဖြတ်တောက်လိုက်တာလို့ သိရပါတယ်။

လမ်းအကွာအဝေး ပေ ၂၀ ကွာအောင် ဖြတ်တောက် တူးဖော်ပေးလိုက်တာကြောင့် ဒေသခံများအနေနဲ့ ယာယီသွားလာနိုင်အောင် ပြုပြင်လို့ခက်ခဲသွားသလို ပြန်လည်ပြုပြင်ယူပါက စစ်တပ်ပြန်ရောက်လာတာကြောင့် လုံခြုံရေးအတွက်စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

လက်ရှိ စစ်တပ်ဖြတ်တောက်ပေးလိုက်တဲ့ အဲ့ဒီလမ်းဟာ မုံးပေါ် မှ ဆင်းလာချိန် နမ့်တောင်း ကနေ မော်တောင်း – ကွတ်ခိုင်လမ်းဘက် ဖြတ်လမ်းအဖြစ် တိုက်ရိုက်ပေါက်တဲ့ လမ်းတစ်ခုဖြစ်တဲ့အပြင် မုံးပေါ် – နမ့်တောင်း- ဖာဖစ်- နမ်ဂတ်- ဘန်ဂျုံ – မော်တောင်း စတဲ့ ကျေးရွာဒေသခံပြည်သူများ အဓိက သွားလာလှုပ်ရှားပြီး အသက်မွေးဝမ်းကျောင်းပြုဖို့ အသုံးပြုနေတဲ့ လမ်းကြောင်းတစ်ခုကို စစ်တပ် ဖြတ်တောက်လိုက်တာကြောင့် အခက်တွေ့နေတယ်လို့ ဆက်လက်ပြောပါတယ်။

ဒီလမ်းက နမ့်တောင်းကနေ ဖာဖစ်၊ ဖာဖစ်ကနေ နမ်ဂတ်-ဘန်ဂျုံ အဲ့ကနေတော့ မော်တောင်းဘက် သွားပေါက်သွားဟုတ်တယ်။ မော်တောင်းနဲ့ ၁၀၅ မိုင်လမ်းက လမ်းမကြီးပေါ့။ ဆိုတော့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုံလမ်းမကနေ သွားစရာမလိုပဲ နီးစပ်တဲ့ကျေးရွာလမ်းတိုင်း သွားလာကြပြီး လုပ်ကိုင်စားသောက်ကြတာပေါ့။ အခုအဲ့လို တူးဖော်ဖြတ်တောက်ပေးလိုက်တော့ ကားလည်းသွားမရ၊ ဆိုင်ကယ်တောင် သွားမရတော့ဘူး။ လမ်းလျှောက်သွားနိုင်ဖို့တောင်ခက်တယ်။ ဆိုတော့ ရွာသားတွေက ကျောင်းသွားကျောင်းပြန်၊ စျေးသွားစျေးပြန် လိုမျိုးမှာ တော်တော်ဒုက္ခရောက်သွားတာပေါ့။” ဟု သူကဆက်ပြောပါတယ်။

လက်ရှိမှာတော့ ဖာဖစ်ကျေးရွာမှ ပြည်သူများ နမ့်တောင်း- မုံးပေါ်ဘက်သို့ တက်လိုရင် တောင်တောင်းဘက်သို့ ပြန်ဆင်းပြီး ၁၀၅ မိုင်လမ်းအတိုင်း ကွေ့ဝိုက်ပြီး သွားလာနေတယ်လို့ သိရပါတယ်။

စစ်တပ်ဘက်က ထိုလမ်း ၂ နေရာကို တူးဖော် ဖြတ်တောက်လိုက်တဲ့ အကြောင်းရင်းက နမ့်တောင်း-ဖာဖစ်-မော်တောင်း တို့ကိုဆက်သွယ်ထားတဲ့ အဲ့ဒီလမ်းက ၁၀၅ မိုင် ကုန်သွယ်ရေးဇုံ စစ်တပ်ဂိတ်ကို ရှောင်ပတ်သွားတဲ့လမ်းဖြစ်တာကြောင့် အဲ့ဒီလမ်းအတိုင်း တော်လှန်ရေးတပ်ဖွဲ့များ သွားလာဖြတ်သွားလို့မရအောင်နဲ့ တော်လှန်ရေးနဲ့ဆိုင်တဲ့ပစ္စည်းတွေ သယ်ယူခွင့်မရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စစ်တပ်လုပ်ဆောင်ဖြစ်ဖြစ်တယ်လို့ ဒေသခံတစ်ဦးက အခုလို ပြောဆိုပါတယ်။

အဓိကတော့ ၁၀၅ မိုင်ကုန်သွယ်ရေးဇုံဆိုတာ စစ်တပ်ဘက်က အားလုံးထိန်းချူပ်ထားတဲ့နေရာဖြစ်တယ်။ ဆိုတော့ အခုဖြတ်တောက်လိုက်တဲ့ လမ်းဘက်ကနေ တော်လှန်ရေးသမားတွေ လှုပ်ရှားသွားလာလို့မရအောင် နဲ့ တော်လှန်ရေးနဲ့ဆိုင်တဲ့ ပစ္စည်းတွေ သယ်လို့မရအောင်ရယ် ပြီးတော့ မှောင်ခိုပစ္စည်းတွေကအစ အဲ့လမ်းကနေ သွားလို့မရအောင် ဖြတ်တော်လိုက်တဲ့သဘောပေါ့။ အားလုံးက ၁၀၅ မိုင်လမ်းတိုင်းပဲ သွားပါစေ ဆိုတဲ့ရွည်ရွယ်ချက်ဖြစ်တယ်။ စစ်တပ်ဘက်ကလည်း လက်ရှိမှာ သူတို့တော်တော်ကြပ်တည်းလာတာတွေ့ရတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေလည်း ဘေးပတ်ပတ်လည်ရှိနေတော့ ၁၀၅ မိုင်တို့ မူဆယ်တို့လို နေရာမျိုးမှာ တိုက်ပွဲပြင်းထန်လာမှာစိုးလို့ ကြိုတင်ကာကွယ်တဲ့သဘောလည်းဖြစ်တယ်လို့ မြင်တယ်။” မူဆယ်နမ့်တောင်း ဒေသခံတစ်ဦးကပြောပါတယ်။

ရှမ်းမြောက် လားရှိုး – ကွတ်ခိုင်ဘက်ကနေ စစ်ကောင်စီစစ်ကြောင်းတွေဟာ မူဆယ်ဘက်သို့ ဆက်တိုက်ထိုးစစ်ဆင်နေတာဖြစ်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်စခန်းများရှိရာသို့ အဓိကထိုးစစ်ဆင်နေသလို TNLA နဲ့လည်း မူဆယ်-နမ့်ခမ်းကြား စယ်လန်ကျေးရွာတ၀ိုက် တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။

Show More

Related Articles

Back to top button