ဆောင်းပါးသတင်းဆောင်းပါး

ထောက်ပို့မိခင် အကြော်သည်

ယိုင်နှဲ့နှဲ့ သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်းအိမ်လေးထဲမှာ ဒေါ်နာမ်တစ်ယောက် ညစာစားဖို့ထမင်းခူးခပ်နေတုန်း စားပွဲပေါ်မှာ တင်ထားတဲ့ လက်ကိုင်ဖုန်းလေးမြည်လာပါတယ် “အမေရေ.. သားဒီလဖုန်းအသစ်လှဲရမယ် ပိုက်ဆံငါးသိန်းလောက် လိုတယ်။ အမေ သားကိုပိုက်ဆံ ငါးသိန်းလောက် အဆင်ပြေရင်ပို့ပေးပါနော်” ဆိုပြီး ဖုန်းချသွားသူကတော့ဖားကန့်ကာကွယ်ရေးတပ်ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ သားဖြစ်သူ အဖုန်(အမည်လွှဲ) ပါ။

အသက် ၄၈ နှစ်အရွယ် မုဆိုးမ ဒေါ်နာမ် မှာ ကာကွယ်ရေးတပ်မှာတာဝန်ထမ်းဆောင်နေတဲ့ တစ်ဦးတည်းသောသားနဲ့ ဆယ်ကျော်သက်အရွယ် သမီးပျိုလေး ၂ ယောက်ရှိပါတယ်။

ဒေါ်နာမ်ဟာ ခင်ပွန်းဖြစ်သူဆုံးပြီးနောက်ပိုင်း မြစ်ကြီးနားမြို့က မနက်ခင်းစျေးတစ်ခုမှာ မနက်တိုင်း တော်ဖူးကြော်၊ ဘီယာကြော်၊ မုန့်လက်ကောက်ကြော်စတဲ့ မုန့်ပဲသရေစာတွေကို ရောင်းပြီး သားသမီး ၃ ယောက်ကိုရှာဖွေ ကျွေးမွေးလာတာ ၆ နှစ်တိုင်တိုင် ရှိပြီလို့ ဆိုပါတယ်။

ဒါပေမယ့် သားသမီး ၃ ယောက်ထဲက အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ သားဖြစ်သူဟာ မူးယစ်ဆေးဝါးသုံးစွဲနေတာကြောင့် ဒေါ်နမ်ဟာ သားစိတ်နဲ့ စိတ်ဓါတ်တွေကျနေခဲ့တဲ့အပြင် ဒေါ်နမ်တို့ရွယ်သူအပေါင်းအသင်းတွေကြားမှာလည်း သားကြောင့် မျက်နှာငယ်ခဲ့ရတယ်လို့ ဆိုပါတယ်။

တစ်ဦးတည်းသားမို့ အချစ်ပိုနေရတဲ့ ဒေါ်နမ်ဟာ တစ်နေ့မှာတော့ သားဆီက မမျှော်လင့်တဲ့စကားတစ်ခွန်း ကြားလိုက်ရပါတယ်။ သားဖြစ်သူဟာ သူ့ကိုကာကွယ်ရေးတပ်ထဲဝင်ခွင့်ပေးဖို့နဲ့ ပြည်သူတွေအတွက် အသက်ပေး တိုက်ခိုက်ချင်တယ်ဆိုပြီး ပူဆာလာခဲ့တယ်လို့ဆိုပါတယ်။ မိခင်တစ်ယောက်အနေနဲ့သားရဲ့အခြေနေ ကိုကြည့်ပြီး ကျန်းမာရေးထိခိုက်မှာ စိုးရိမ်ပေမယ့် သားရဲ့ဆန္ဒကို ဖြည့်ပေးခဲ့တယ်လို့ ပြောပါတယ်။

“သားဆိုလို့ သူ့တစ်ယောက်ထဲပဲ။ မောင်နှမတွေထဲမှာလည်းအကြီးဆုံးဟုတ်တယ်။ ဘယ်သွားခိုင်းချင်မလဲ ကိုယ့်သား မကောင်းရင်လည်း ဒီမှာဖြတ်လို့ရတဲ့နည်းတွေရှိတယ် ကြိုးစားပြီးဖြတ်ပေးဖို့လည်း လုပ်နေတာ။ ဒါပေမယ့် သူကိုယ်၌က အရမ်းသွားချင်နေတာ သွားမယ်ဆိုတာချည်းဘဲ အဲတော့ အိမ်မှာဆိုလည်း ဆေးသုံးတာ နှစ်ချို့နေပြီ အဲကြောင့် အိမ်မှာနေရင် ပိုပြီးပျက်ဆီးသွားမှာပဲဆိုပြီး သူ့ကို PDF ထဲပေးဝင်ခိုင်းလိုက်တယ်။ ကိုယ် ကိုတိုင်ကလည်း ဒီတော်လှန်ရေးကြီးကို ထောက်ခံတယ်လေး”လို့ဒေါ်နာမ်တစ်ယောက် ရင်ဖွင့်ပြောဆိုလာပါတယ်။

ဒီလိုနဲ့ သားကို ကာကွယ်ရေးတပ်ထဲ ဝင်ခွင့်ပြုလိုက်ပြီး တိုင်းပြည်နဲ့လူမျိုးတွက် တစ်ထောင့်တစ်နေရာကနေ တာဝန်ယူနေတဲ့ သားအတွက် အဆင်ပြေအတတ်နိုင်ဆုံးကြိုးစားဖို့ ဒေါ်နမ်ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီနောက် အကြော်ရောင်းရငွေအများစုက သားအတွက်ဖြစ်လာပါတယ်။

စစ်တပ် အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး ဒီမိုကရေစီလိုလားတဲ့လူငယ်တွေနဲ့ပြည် သူတွေဟာ စစ်အာဏာရှင်ကြီး အလိုမရှိဘူးဆိုတဲ့ ခံယူချက်နဲ့ လမ်းမပေါ်ထွက်ဆန္ဒပြခဲ့ကြပါတယ်။

ဒါပေမယ့် စစ်တပ်က ဆန္ဒပြတဲ့လူထုတွေကို အကြမ်းဖက်လက်နက်အားကိုးနဲ့ဖြိုခွင်းလာတဲ့အတွက် တစ်ချို့သောလူငယ်တွေဟာ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လာခဲ့ကြပါတယ်။

အဲဒီထဲမှာ ဒေါ်နမ်ရဲ့သား အဖုန်တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ အဖုန်ဟာ ဆေးသမားဘဝနဲ့ဖြတ်သန်းနေတဲ့ သူ့ဘဝကို အကျိုးရှိရှိရပ်တည်ဖို့ ကာကွယ်ရေးတပ်ထဲဝင်ရောက်လာခဲ့တာပါ။ ကာကွယ်ရေးတပ်ထဲစစဝင်ရောက် ချိန်မှာတော့ ဆေးဝါးသုံးစွဲသူတစ်ယောက်အနေနဲ့ ခက်ခဲခဲ့ပေမယ့်လို့ သိပ်မကြာခင်မှာဘဲ မူးယစ်ဆေးကို ဖြတ်နိုင်ခဲ့တယ်လို့ မိခင်ဖြစ်သူကပြောပါတယ်။

“သူတောထဲရောက်ပြီး ခနပဲကြာတယ် အမေသားဆေးပြတ်သွားပြီတဲ့ ပြောလာတယ်။ ကျမလေ ဝမ်းသာလွန်းလို့ မျက်ရည်တောင်ကျတယ်။ သားပြောတာက တောထဲမှာအဲ့လိုမျိုးတွေကို လုံးဝမလုပ်ခိုင်းဘူးတဲ့ သားဆေးလုံးဝ ပြတ်သွားပြီတဲ့ ကျွန်မက နှစ်ထပ်ကွင်းဂုဏ်ယူတာပေါ့”

မမျှော်လင့်ထားတဲ့အရာတစ်ခု ဖြစ်လာတော့ သားအဆင်ပြေဖို့ လိုအပ်တာလေးရှိတယ်ဆိုပြီး ဖုန်းဝင်လာတိုင်း မရှိပေမယ့် ချေးဌားပြီး သားကိုထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်နမ်တစ်ယောက် အကြော်ရောင်းရငွေထဲက သားဖြစ်သူကို ဦးစားပေးထောက်ပံ့နိုင်အောင် ကြိုးစားနေတဲ့အကြောင်းကတော့ PDF ရဲဘော်တစ်ယောက်ရဲ့ လစာဟာ လူငယ်တစ်ယောက် တစ်လစာ ရပ်တည်ဖို့လုံလောက်မှု မရှိတဲ့ အနေအထားကြောင့်လို့ ဆိုပါတယ်။

အဖုန်တို့ တာဝန်ယူနေတဲ့ ဖားကန့်မှာတော့ လက်ရှိပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဦးရေက ကိန်းဂဏန်းအားဖြင့် သောင်းကြီးပိုင်းရှိပါတယ်။ အဲ့ထဲမှာ ကိုဖုန်လည်းအပါအဝင်ပါ။ ဖားကန့် PDF တပ်ဖွဲ့ဝင်တွေဟာ ရာထူး ကြီးငယ်မဆို တစ်ဦးကို တစ်လ ကျပ် တစ်သိန်းနှစ်သောင်းရတယ်လို့ ဖားကန့် PDF တပ်ဖွဲ့ဝင်ဦးက အခုလိုပြော ဆိုပါတယ်။

“လစဉ်ထောက်ပံ့ကြေးပေါ့ လစာက ၁၂၀၀၀၀ ရတယ်ဗျ။ အဲ့ထဲမှာ ၂၀၀၀၀ က ဆန်ဖိုးပြန်နုတ်တယ် ရဲဘော်တွေ အထွေထွေသုံးဖို့အတွက် လက်ထဲရောက်လာတာက ၁၀၀၀၀၀ အတိပဲ ရတော့တယ်ဗျ။” လို့ သူကပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက ပေးတဲ့ထောက်ပံ့ငွေဟာ ကိုဖုန်တို့လို PDF ရဲဘော်တွေအတွက် လက်ရှိခေတ်ကာလ ကုန်စျေးနူန်းအရ တစ်လစာ တစ်ကိုယ်ရေအသုံးအဆောင်ပစည်းဝယ်ဖို့‌လောက်သာလောက်ငှပြီး တခြား အကြောင်းကိစ္စတွေပေါ်လာရင်တော့ ဒေါ်နာမ်က သူ့သားလေးကို ပုံမှန်ထောက်ပံ့ပေးနေရကြောင်း ခုလို ပြောပြလာပါတယ်။

“သူရတဲ့ငွေက သူ့ဟာသူ တောင်သုံးမလောက်ဘူးလေ ဟိုလကလည်း သူဖုန်းအသစ်ပေါ်လို့ သူဖုန်းပျက်နေပြီ အဲ့တာလေး ဝယ်ချင်တယ်ဆိုလို့ သူများဆီက ချေးငှားပြီး ၄သိန်းပို့ပေးလိုက်ရတယ်။ သူ့ကို ၂လ တစ်ကြိမ် ၃ လစ်ကြိမ် ၂သိန်း ၃သိန်း ပို့ပို့ပေးရတယ်လေး။ တခါတလေကျန်းမာရေးမကောင်းရင် အဟာရ ရှိတာလေးဝယ်စားဖို့ဘာဖို့ဆိုပြီး ဒီကနေ ပိုက်ဆံလေးပို့ပို့ပေးရတာပေါ့” လို့ သူကပြောပါတယ်။

ဒေါ်နာမ်အဖို့ သူ့ရဲ့အကြော်ရောင်းလို့ရတဲ့ ဝင်ငွေလေးနဲ့ ကိုဖုန်းရဲ့ ညီနှမ နှစ်ယောက်ဖြစ်တဲ့ ဆယ်ကျော်သက်အရွယ် ကျောင်းသူနှစ်ယောက်ကိုလည်း ထောက်ပံ့ရ PDF ရဲဘော် သားကိုလည်း ထောက်ပံ့ရနဲ့ဆိုတော့ ကုန်ကြမ်းစျေး တက်နေတဲ့ မြန်မာနိုင်ငံရဲ့ကုန်စျေးနူန်းကြောင့် ဒေါ်နာမ်အတွက် တစ်နေ့ထက် တစ်နေ့ ရုန်းကန်ရတာ ပိုမိုခက်ခဲလာတဲ့အကြောင်း အခုလိုရင်ဖွင့်ပြောဆိုလာပါတယ်။

“အရင်စားဆီတစ်ပိသာ ၃ ထောင် ၄ ထောင်လောက်ရှိတဲ့အချိန်တုန်းကတော့တော်ဖူးကြော်တစ်ခုကို ငါးဆယ်ရောင်းတာ ရောင်းသလောက်မြတ်တယ်။ အခုကစားဆီတစ်ပိသာ ၈၀၀၀၊ ၁၀၀၀၀ ဖြစ်နေ တော့တော်ဖူးကြော်တစ်ခုကို ၂၀၀ လောက်ရောင်းမှမြတ်မှာလေး ဒါပေမယ့်တစ်ခု ၁၀၀ နဲ့ရောင်းနေရ တော့ရောင်းသလောက်လည်းမမြတ်တော့ဘူးလေ။ စားဆီကစျေးကြီးတော့ မရောင်းရတဲ့နေ့တွေဆိုမ အရှုံးပဲ ဆီဖိုးတောင်မရဘူး အကြွေးတွေကထူလာ သားသမီးတွေကိုလည်းလှည့်ကြည့်ရနဲ့ တစ်နေ့တစ် နေ့ တွေးတောင်မတွေးချင်တော့ပါဘူး”လို့ လက်ရှိအကြော် ကုန်ကြမ်းတွေစျေးတက်နေတာကြောင့်အကြော်သည် အဖြစ်နဲ့ရပ် တည်ရတာခက်ခဲလာတဲ့အကြောင်းပြောပြနေတဲ့ ဒေါ်နာမ်ရဲ့ မျက်လုံးတွေထဲ မှာတော့ ပူဆွေးသောကတွေ ပြည့်နက်လို့နေပါတယ်။

အရင် စားဆီတစ်ပိသာ ကျပ် ၃၀၀၀ ၊ ၄၀၀၀ လောက်ရှိတဲ့တုန်းကတော့ဒေါ်နာမ်တစ်ယောက် တော်ဖူးကြော်တစ်ခုကို ကျပ် ၅၀နှုန်း ဘီယာကြော်တစ်ခုကျပ် ၁၀၀ နဲ့ အခု ၅၀ ကျော်လောက်ရောင်း တာနဲ့ သူမအတွက် အရင်းပြန်ရပြီး တစ်နေ့ကို ၂သောင်းခွဲ တစ်ခါတစ်လေ ကျပ် ၃၀၀၀၀ လောက်အထိ အမြတ်ရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် လက်ရှိစားဆီတစ်ပိသာကျပ် ၈၀၀၀၊ ကျပ် ၁၀၀၀၀ အထိ စျေးသွားချိန်မှာတော့ တော်ဖူးကြော်တစ်ခုကို ကျပ် ၁၀၀ နှုန်းနဲ့ တစ်နေ့ကို အခု ၁၀၀ ကျော်လောက်ရောင်းရရင်တောင် အရင်းပြန်မကပ်နိုင်ပဲ တစ်နေ့အမြတ် ကျပ် ၈၀၀၊ ၁၀၀၀၀ လောက်သာရရှိတစ်ခါတလေ အရှုံးပေါ် တဲ့နေ့တွေလည်း မနည်းတော့ပေမယ့် သားအဆင်ပြေအောင်တော့ ကြိုးစားနေတယ်လို့ ပြောပါတယ်။

“တစ်လတစ်လေ သူနေမကောင်းဖြစ်တာမျိုးဆိုအရမ်းလည်းစိတ်ပူတယ်လေး တောထဲတောင်ထဲမှာ အိမ်ပြန်လာလို့လည်းမရ ဘယ်လိုများနေလဲပေါ့ သူနေမကောင်းဘူးပြောရင်ကျွန်မက အကြော်တွေ ရောင်းရဖို့ပဲဆုတောင်းတယ်။ သူ့ဆေးဖို့ သူ့အတွက် ခါတွင်းတွေ့မယ့်အစားအစာလေးစားလို့ ရအောင် ကျွန်မက ပိုက်ဆံပို့ပေးရတယ် မရှိရင်သူများဆီ အောက်ကျို့ခံပြီး ချေးငှားပို့ရတာပေါ့”လို့ သိမ်ငယ်နေတဲ့လေသံနဲ့ ပြောပြလာတာပါ။

ဒေါ်နာမ်အဖို့ တစ်ချိန်က မူးယစ်ဆေးစွဲနေတဲ့ သူ့ရဲ့သားလေးကို အခုလိုထောက်ပံ့နေရတာ လူပင်ပမ်း၊ စိတ်ပင်ပန်းပေမယ့် သူ့သားလေးရဲ့ သတင်းတွေကြောင့် ခံစားမိတဲ့ ဝမ်းသာပီတိတွေက သူ့ရဲ့ အမောနဲ့ စိတ်သောကတွေကို ပယ်ပျောက်စေတယ်လို့ ပြောပါတယ်။

“ကျမအရမ်းဝမ်းသာတယ် မောပေမယ့် အမောပြေတယ်။ သားက ပြည်သူတွေအတွက် ဘာဘဲဖြစ်ဖြစ် တစ်ထောင့်တစ်နေရာကနေ တိုက်ပွဲဝင်နေတာ သားကိုထောက်ပံ့ပေးနိုင်တာကိုက ကျမ ဂုဏ်ယူနေရပါတယ်” ဝမ်းသာပိတိဖြစ်တဲ့လေသံနဲ့ ဒေါ်နာမ်တစ်ယောက်ပြောပြလာတာပါ။

အဖုန် လိုမျိုး အလားတူမူးယစ်ဆေးစွဲနေပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထဲဝင်ရောက်လာတဲ့ လူငယ်တွေအများကြီးရှိတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေကို ဖမ်းဆီး အရေးယူတာတွေရှိနေသလို တပ်ဖွဲ့ထဲမှာလည်း မူးယစ်ဆေးသုံးစွဲခွင့်ကို လုံးဝ တားမြစ်ထားကြောင်း ဖားကန့် PDF တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက အခုလိုပြောပြလာတပါတယ်။

“တပ်ဖွဲ့ထဲမှာ တချို့ဆေးစွဲနေလျက်ရောက်လာတဲ့သူတွေရှိပါတယ် ဒါပေမယ့်တောထဲရောက် လာရင်တော့ အလိုလိုပြတ်သွားကြ။ အစပိုင်းတော့သူတို့အတွက်ခက်ခဲပါတယ် ယင်းထတာလို့ ဘာတို့ဖြစ်တယ် အရမ်းဆိုးလာရင် ခြောက်ပေါက်ထဲထည့်ရတယ် အားလုံးက အချိန်အတိုင်းအတာ တစ်ခုရောက်လာတာနဲ့အမျှပြတ်သွားတာပါပဲ” လို့ သူကပြောပြပါတယ်။

ကျန်းမာရေးမကောင်းတဲ့အခါမျိုးနဲ့ ကျပ်တစ်သိန်းထက်ပိုပြီး အသုံးလို လာတဲ့အခါမျိုးမှာ ကိုဖုန်လိုမျိူး အခြား PDFတပ်ဖွဲ့ဝင်တွေလည်း မိသားစုကနေ ပြန်ပြီးထောက်ပံ့ပေးနေကြရတယ်လို့ စုံစမ်းသိရှိရပါတယ်။

Show More

Related Articles

Back to top button