လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

နမ့်ဖတ်ကာမှာ စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံပြည်သူ ၂ ယောက်သေဆုံး ၂ ယောက် ဒဏ်ရာပြင်းထန်ရ

ရှမ်းမြောက် နမ့်ဖတ်ကာမှာ စစ်တပ်က ပစ်လိုက်တဲ့လက်နက်ကြီးကြောင့် ဒေသခံပြည်သူ ၂ ယောက်သေဆုံးပြီး ၂ ယောက် ဒဏ်ရာပြင်းထန်စွာရရှိထားတယ်လို့ နမ့်ဖတ်ကာဒေသခံတွေဆီကနေ သိရပါတယ်။

စက်တင်ဘာလ ၁ ရက်နေ့ ဒီနေ့ မနက် ၈ နာရီ‌ လောက်မှာ နမ့်ဖတ်ကာမှာရှိတဲ့ ခလရ ၁၂၃ တပ်တွေဟာ စခန်းကနေ အနီးပတ်ဝန်းကျင်တစ်လျှောက်ရွာရှိတဲ့ဘက်ကို လက်နက်ကြီး‌တွေ ရမ်းသမ်းပစ်ခတ်လို့ ပြည်သူ ၄ ယောက် ထိခိုက်သေဆုံးတာဖြစ်တယ်လို့ နမ့်ဖတ်ကာဒေသခံတစ်‌ယောက်က ကချင်သတင်းဌာန KNG ကိုပြောပါတယ်။

ဒီနေ့ နမ့်ဖတ်ကာမှာ အခြေအနေမကောင်းဘူး။ စစ်တပ်က ကြိုက်သလို လက်နက်ကြီး ရမ်းတမ်းပစ်ခတ်ပြီး ရွာသားတွေ သေပြန်ပြီ။ တစ်ယောက်သေ ပြီး ၂ ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတယ်လို့ နမ့်ဖတ်ကာဒေသခံတစ်ဦး ပြောပါတယ်။

စစ်တပ်ပစ်လိုက်တဲ့ အဲ့ဒီလက်နက်ကြီးက နမ့်ဖတ်ကာ ဇီးဒဘန်ရပ်ကွက်( Zi dabang lawk) ထဲ ကျရောက်ပေါက်ကွဲတာကြောင့် အိမ်တစ်အိမ်က ဇနီးမောင်နှံ ၂ ဦးလုံး ထိပြီး အမျိုးသားဖြစ်သူ ဦး အင်ပေါ့ပေါင်လ နေရာမှာတင် သေဆုံးသွားကာ အမျိုးသမီးဖြစ်သူ ဒေါ် ၀ဂျေခေါန်နန် ဒဏ်ရာပြင်းထန်စွာ ရရှိကြောင်း သိရပါတယ်။

ဒါ့အပြင် နောက်ထပ် အမျိုးသားတစ်ဦးဖြစ်တဲ့ အသက် ၅၀ ကျော်အရွယ် ဦး ဇင်ထုံး လဒွဲနဲ့ ဇနီးဖြစ်တဲ့ ဒေါ်ခါးပါ ဆိုသူလည်း ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိကြောင်း သိရပါတယ်။

ဒီမနက်တစ်မနက်လုံး လက်နက်ကြီးရမ်းတမ်းပစ်ခတ်နေတာဟုတ်တယ်။ ဘယ်ကိုဘယ်ကို ပစ်လဲမသိဘူး။ မနေ့ကတော့ ဟိုမုန်းက KIA တပ်ရင်း ၉ ကိုလည်း လေယာဉ်နဲ့ တစ်ခါဗုံးလာကျဲသွားတယ်ကြားတယ်။ ဒီဘက် နမ့်ဖတ်ကာဘက် ရွာထဲမှာက ဘာမှ တိုက်ပွဲတော့မဖြစ်ဘူးဟုတ်တယ်။ ဒါပေမဲ့ စစ်တပ်ဘက်က တစ်ဖက်သတ် ရမ်းတမ်းပစ်ခတ်နေတာပါလို့ နမ့်ဖတ်ကာ‌ဒေသခံကဘဲ ကဆက်ပြောပါတယ်။

ဒါ့အပြင် ဩဂုတ်လ ၃၁ ရက်နေ့ကလည်း စစ်ကောင်စီဟာ ဂျက်လေယာဉ် ၁ စီးနဲ့ TNLA တပ်မဟာ ၁ နေရာသို့ ဗုံးလာရောက်ကျဲခဲ့သလို KIA တပ်ရင်း ၉ နေရာမှာလည်း ဗုံးလာကျဲခဲ့တာဖြစ်ပါတယ်။

အလားတူ ဩဂုတ်လ ၃၀ ရက်နေ့ကလည်း နမ့်ဖတ်ကာစစ်တပ်၏ လက်နက်ကြီး ရမ်းတမ်းပစ်ခတ်မှုကြောင့် နမ့်ဖတ်ကာရွာက အမျိုးသမီးငယ် တစ်ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ကွတ်ခိုင်နမ့်ဖတ်ကာမူဆယ်နမ့်ခမ်း စတဲ့ပြည်ထောင်စုလမ်းမတစ်လျှောက် စစ်ကောင်စီ စစ်ကြောင်းတွေ နေရာယူထားပြီး နမ့်ဖတ်ကာ နဲ့ မူဆယ်စယ်လန် ကြား TNLA KIA တို့ကြား စစ်ရေးတင်းမာနေတာဖြစ်ပါတယ်

Show More

Related Articles

Back to top button