သတင်း

ရွှေကူ ကျောက်ကြီးတပ်စခန်းက‌နေ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းများ

ကချင်ပြည်နယ် ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာ မှာတပ်စွဲထားတဲ့ ခလရ ၇၇ အထိုင်တပ်စခန်းနဲ့ ရဲစခန်းကို မြို့လှ K- PDF တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာ စစ်တပ်ဘက်က ၅ ယောက်သေဆုံးပြီး ၆ယောက် ဒဏ်ရာပြင်းထန်ရရှိတယ်လို့ မြို့လှ K- PDF က မနေ့ညမှာ ထုတ်ပြန်လာပါတယ်။

စက်တင်ဘာလ ၁ ရက်နေ့ မနေ့က မနက် ၃ နာရီလောက်မှာ မြို့လှ K-PDF အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်တပ်ဘက်က အထိနာပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိထားတယ်လို့ ဖော်ပြထားပါတယ်။

သူတို့က တပ်စခန်းနဲ့ရဲစခန်းတစ်ခါတည်း ဝင်တိုက်တာ စစ်သားတွေ တစ်ချို့ဆိုထွက်ပြေးသွားကုန်ကြတော့ စခန်းဝင်သိမ်းနိုင်တယ်လို့ ပြောလို့ရတယ် ပစ္စည်းတွေတောင်တော်တော်ရခဲ့တယ်လို့ မြို့လှကာကွယ်ရေးတပ်နဲ့နီးစပ်သူတစ်ယောက်က ပြောပါတယ်။

အဲဒီစစ်တပ်စခန်းဟာ တပ်မ ၈၈ လက်အောက်ခံ ခလရ ၇၇ တပ်စခန်းဖြစ်ပြီး ကာကွယ်ရေးတပ်တွေရဲ့ ဝင်ရောက်တိုက်ခိုက်ချိန်မှာ ခလရ ၇၇ တပ်စခန်းက တပ်သားတစ်ချို့ ရဲစခန်းဘက်ကို ထွက်ပြေးသွားသူတွေရှိပေမယ့် ကျောက်ကြီး ရဲစခန်းမှာလည်း ကာကွယ်ရေးတပ်က တစ်ဆက်တည်းဝင်ရောက်တိုက်ခိုက်‌နေတာဖြစ်တဲ့အတွက် စစ်တပ်ဘက်က အထိနာသွားတယ်လို့လည်း ဆိုပါတယ်။

အဲဒီနောက် ဩဂုတ်လ မနက် ၇ နာရီလောက်မှာတော့ မြစ်ကြီးနားဘက်ကနေ ဂျက်ဖိုက်တာ တစ်စီးနဲ့ တိုက်ပွဲဖြစ်တဲ့နေရာဘက် ၅ ကြိမ်တိတိ လာရောက်ဗုံးကြဲတိုက်ခိုက်သွားတယ်လို့လည်း သိရပါတယ်။

လေယာဉ်လာပြီလို့ကြားတော့ ကြိုပြီးရှောင်လိုက်နိုင်တာ အဲကြောင့် ထိခိုက်မှုမရှိဘူး ပြီးတော့ ပစ္စည်းတွေကလည်း တော်တော်လည်းသိမ်းထားနိုင်ပြီမို့လေလို့ကာကွယ်ရေးတပ်နဲ့နီးစပ်သူကဘဲ ထပ်ပြောပါတယ်။

နှစ်ဖက်ထိတွေ့တိုက်ပွဲ ၃ နာရီကျော်ကြာခဲ့ပြီး မြို့လှကာကွယ်ရေးတပ်ဘက်က ရဲစခန်းအား ဝင်သိမ်းဖို့အသင့်ဖြစ်ခဲ့ပေမယ့်လို့ ဝင်ရောက်သိမ်းပိုက်တာတွေ မလုပ်ခဲ့တော့ဘဲ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်တွေနဲ့ ပြန်ပြီး တပ်ဆုတ်ခွာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က သုံ့ပန်းတစ်ယောက် မြို့လှ K- PDF တပ်ဘက်က ဖမ်းဆီးရမိထားတယ်လို့ ကာကွယ်ရေးတပ်တွေနဲ့ နီးစပ်သူတွေပြောဆိုကြပေမယ့် ဒီအချက်ကို KNG သတင်းဌာနအနေနဲ့ အတည်ပြုနိုင်ဖို့ မြို့လှ ကာကွယ်ရေးတပ်တွေကို ဆက်သွယ်ခဲ့ပေမယ့် ဖြေကြားဖို့ အဆင်မပြေသေးကြောင်း တုံ့ပြန်လာပါတယ်။

ရွှေကူမြို့နယ်ဟာ ဧရာဝတီမြစ်ကမ်းနံဘေးမှာရှိတဲ့ မြို့နယ်ဖြစ်ပြီးတော့ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် စစ်တပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA,PDF  တို့အကြား မကြာခနဆိုသလို ထိတွေ့တိုက်ပွဲဖြစ်တဲ့နေရာဖြစ်ပြီး K-PDF  တွေအားကောင်းတဲ့နေရာလည်းဖြစ်ပါတယ်။

Show More

Related Articles

Back to top button