သတင်း

ဖားကန့် မှာ ထရန်စဖော်မာပေါ်က ကေဘယ်ကြိုးတက်ခိုးယူသူ ဓါတ်လိုက်သေဆုံး

ဖားကန့်မြို့ ဆိပ်မူကျေးရွာအုပ်စု၊ဆိုင်း‌အောင်ကျေးရွာမှာ အများပြည်သူသုံး လျှပ်စစ်ထရန်စဖော်မာ‌ပေါ်က ကေဘယ်ကြိုးကို တက်ခိုးယူတဲ့အမျိုးသားတစ်ယောက် ဓါတ်လိုက် သေဆုံးခဲ့တယ်လို့ ဆိုင်းအောင် ဒေသခံတွေဆီက သိရပါတယ်။

ဖြစ်စဥ်မှာ စက်တင်ဘာလ ၂ ရက်နေ့ည ကိုးနာရီအချိန်လောက်မှာ လျှပ်စစ်မီးလာနေချိန် ထရန်စဖော်မာပေါ်က ကေဘယ်ကြိုးအား တက်ရောက်ဖြုတ်ယူရာကနေ ဓါတ်လိုက်သေဆုံးတာဖြစ်တယ်လို့ ဆိုင်းအောင်ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

“ဓါတ်လိုက်သေဆုံးတဲ့သူက မူးယစ်ဆေးသုံးစွဲတဲ့ ပုံစံပါ၊အရင်ကလည်း မကြာခဏ ကေဘယ်ကြိုးတွေ ဖြုတ်ခိုးခံရတဲ့ အနေအထားတွေ ဖြစ်ခဲ့တယ်”လို့ ဆိုင်းအောင်ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

ဓါတ်လိုက်သေဆုံးသူဟာ အသက်၂၈နှစ်အရွယ်ရှိ ကိုဆွေညိမ်းဆိုသူဖြစ်ပြီး ရုပ်အလောင်းကိုတော့ လူမှုကူညီရေးအသင်းက‌နေ ဖားကန့်ဆေးရုံ(ရင်ခွဲရုံ)ကို ပို့ဆောင်ထားရှိတယ်လို့ သိရပါတယ်။

အလားတူ ဆိုင်းတောင်ကျေးရွာရှိ ရပ်ကွက်တွေမှာလည်း တပ်ဆင်ထားတဲ့ လျှပ်စစ်ထရန်စဖော်မာကလျှပ်စစ်ကေဘယ်ကြိုးတွေ မကြာခဏ ခိုးယူခံခဲ့ရတယ်လို့လည်း သူကဆက်ပြောပါတယ်။

ဒါ့အပြင် ဖားကန့်ကျောက်စိမ်းမှော်မှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေ ပိုများလာတဲ့အတွက် ဆိုင်ကယ်၊ဖုန်း၊ကျောက်ကြည့်ဓါတ်မီးကအစ ခိုးယူခံခဲ့ရကြောင်း ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။

“ဆေးသမားတွေက မနိုင်တော့ဘူး၊တွေ့သမျှ အကုန်ခိုးယူနေကြတာ၊အိမ်နောက်ဖေးက ရေတိုင်ကီကအစ ခိုးယူခံရဖူးတယ်”ဟု ငြိမ်းချမ်းသာယာကျေးရွာနေပြည်သူတစ်ဦးကပြောပါတယ်။

ဖားကန့်မြို့ မရှိကထောင်ရပ်ကွက်မှာ သြဂုတ်လ ၃၁ ရက်နေ့ညကလည်း မူးယစ်ဆေးဝါးသုံးစွဲသူ အချင်းချင်း စကားများ ရန်ဖြစ်ရာ ဓါးနဲ့ထိုးရာမှ အသက် ၄၀ အရွယ်ရှိ ဦးဂွမ်ဂျာဆိုသူ သေဆုံးတဲ့ ဖြစ်စဥ် ဖြစ်ပေါ်ခဲ့ပါတယ်။

Show More

Related Articles

Back to top button