ဖမ်းဆီးခံရမှုလူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဇင်ယော်ဆီဆိုင်ကို စစ်တပ်က ဘက်ဟိုးနဲ့ဖျက်ဆီး

ကချင်ပြည်နယ် မိုးကောင်းမြို့ ဖိုးချစ်ကုန်းရပ်ကွက်မှာရှိတဲ့ ဇင်ယော်ဆီဆိုင် ၂ ဆိုင်က ဖမ်းဆီးသွားတဲ့ ဝန်ထမ်းအယောက် ၂၀ ကျော်ကို စစ်တပ်က ပြန်လွတ်ပေးတာမရှိတဲ့အပြင် ဇင်ယောက်ဆီဆိုင် တစ်ဆိုင်ကိုလည်း မနေ့က နေ့လည်ပိုင်းမှာ ဘက်ဟိုးနဲ့ဖြိုချဖျက်ဆီးပေးလိုက်တယ်လို့ မိုးကောင်းဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဇင်ယော်ဆီဆိုင်ပိုင်ရှင် ဦးမိုးကျော်နဲ့ ဒေါ်ခင်မာရွှေတို့ကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ နဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဦးမိုးကျော်တို့ ပိုင်ဆိုင်တဲ့ မြစ်ကြီးနားမိုးကောင်းမြို့ဖားကန့်လမ်းမပေါ်မှာရှိတဲ့ ဇင်ယော်ဆီဆိုင် ၂ ဆိုင်အပါအဝင် နေအိမ်ထဲကို စက်တင်ဘာလ ၂ ရက်နေ့ညမှာ ဝင်စီးပြီးတော့ ဆိုင်ဝန်ထမ်း အယောက် ၂၀ ကျော်ကိုဖမ်းဆီးသွားတာဖြစ်ပါတယ်။

စစ်တပ်က လာရောက်ဖမ်းဆီးချိန် ဦးမိုးကျော်တို့မိသားစုထွက်ပြေးလွတ်မြောက်ခဲ့ပေမယ့် နေအိမ်မှာကျန်နေခဲ့တဲ့ ဧည့်သည်အဖွားအိုတစ်ယောက်ကိုလည်း ဖမ်းခံသွားရတယ်လို့ အမည်အဖော်လိုတဲ့ မိုးကောင်းဒေသခံတစ်ယောက်ကပြောပါတယ်။

အိမ်ရှင်တွေက သတင်းကြိုရလို့ထွက်ပြေးသွားတာ အဲမှာဧည့်သည်အဖွားအိုတစ်ယောက်က ကျန်နေတာ သူ့ကိုတော့ဘာမှမလုပ်လောက်ဘူးအထင်နဲ့နေခဲ့တာနေမှာ အဲတာကို စစ်သားတွေက အဖွားကြီးကို သေနတ်ထောက်မေးတော့ အဖွားကသတိလစ်သွားတယ်လို့ သိရတယ်။အဲအဖွားလည်း ဖမ်းဆီးသွားတယ် ပြီးတော့ ဆိုင်ဝန်ထမ်း အယောက် ၂၀ ကျော်ကိုလည်း ဖမ်းသွားတာလို့ မိုးကောင်းဒေသခံအမျိုးသားတစ်ယောက်က ပြောပါတယ်။

ဒါပေမယ့် အဲဒီထဲက အသက်မပြည့်သေးတဲ့ဆိုင်ဝန်ထမ်းမလေးတစ်ယောက်ကိုတော့ စက်တင်ဘာလ ၂ ရက်နေ့ ညနေပိုင်းမှာ ပြန်လွတ်ပေးခဲ့ပေမယ့် အဖွားအိုနဲ့ကျန်တဲ့သူတွေကို ပြန်လွတ်တာမရှိတဲ့အပြင် ဆီဆိုင်တွေကိုလည်း မနေ့က ဖျက်ဆီးပေးလိုက်တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ မိုးကောင်းမြို့မှာပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့ အထက ၁ကျောင်းလာကြိုတဲ့ကား ပစ်ခတ်ခံရပြီးနောက် စစ်သားတွေဟာ မြို့တွင်းမြို့ပြင်လုံခြုံရေးတင်းကြပ်ပြီး မသင်္ကာတဲ့အရပ်သားပြည်သူတွေကို ဆက်တိုက်ဖမ်းဆီးလာပါတယ်။

တစ်ဆက်တည်းမှာဘဲ စစ်တပ်ဘက်က အရပ်သားတွေကို လိုက်လံဖမ်းဆီးနေချိန်မှာဘဲ ဩဂုတ်လ ၂၃ ရက်နေ့မှာ မိုးကောင်းမြို့ထဲ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတစ်ယောက်လည်း ထပ်ပြီး ပစ်သတ်ခံခဲ့ရပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်သားတွေဟာ ဖမ်းဆီးထားတဲ့သူတွေကို မိုးကောင်းစစ်တပ်ကုန်းနဲ့ ခလရ ၇၄ တပ်တွေက စစ်ကြောရေးမှာ ညှင်းပန်းနှိပ်စက်နေတာတွေကြောင့်ဩဂုတ်လ ၂၇ နတ်ကြီးကုန်း၊ပျော်လင့်ရွာက ဝဘော်တန်ဂွန်းစစ်ကြောရေးမှာ သေဆုံးသွားတဲ့အထိ ညှင်းပန်းနှိပ်စက်နေတာပါ။

စစ်ကောင်စီတပ်တွေဟာ ဩဂုတ်လ ၁၉ ရက်နေ့ကနေ စက်တင်ဘာလ ၂ ရက်နေ့ထိ ဖမ်းဆီးရမိသူ အရပ်သားပြည်သူ ၁၀၀ ထက်မနည်းရှိနိုင်တယ်လို့ ဒေသခံတွေကပြောဆိုနေကြပေမယ့် လမ်းသွားလမ်းလာရင်း ဖမ်းဆီးခံရတာတွေကြောင့် စာရင်းတိတိကျကျရဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။

ခုက ဖမ်းဆီးခံရသူတွေက တစ်နေ့ထက်တစ်နေ့များလာနေပြီ ခုဆိုတစ်ချို့တွေက မိုးကောင်းကနေ ရှောင်ပြေးနေကြတဲ့မိသားစုတွေလည်းရှိလာပြီ လမ်းသွားလမ်းလာလည်းဖမ်းဆီးခံရဆိုတာ မိုးကောင်းက အခြေနေတော်တော်ဆိုးနေပြီလို့ မိုးကောင်းဒေသခံအမျိုးသမီးတစ်ယောက်က ပြောပါတယ်။

မိုးကောင်းမြို့မှာ ဩဂုတ်လ ၁၉ ရက်ကနေ စက်တင်ဘာလ ၂ ရက်နေ့ထိ ဖမ်းဆီးခံရတဲ့အရပ်သားပြည်သူ ၁၀၀ ကျော်ရှိလာတဲ့အပြင် စစ်ကောင်စီတပ်တွေက မြို့တွင်းမြို့ပြင် စစ်ဆေးရေးတင်းကြပ်တာတွေကြောင့် မိုးကောင်းမြို့မှာ ညပိုင်းအပြင်ထွက်သူမရှိသလောက် နည်းလာပြီလို့လည်း ဒေသခံတွေ ပြောပါတယ်။

Show More

Related Articles

Back to top button