တိုက်ပွဲသတင်း

ရွှေကူရဲစခန်း ဒရုန်းနဲ့ ၂ ကြိမ် ထပ်ပြီးပစ်ခံရ

ကချင်ပြည်နယ် ရွှေကူမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ မြို့မရဲစခန်းကို ရွှေကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  K-PDF ဘက်က ဒရုန်းနဲ့  ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရွှေကူဒေသခံတွေက ပြောပါတယ်။

အမှတ် ၄ရပ်ကွက်မှာရှိတဲ့ အဲဒီမြို့မရဲစခန်းကို KPDF တပ်ရင်း ၅ တပ်ဖွဲ့တွေက စက်တင်ဘာ ၃ရက်နေ့ မနေ့က မနက်ပိုင်းမှာတစ်ကြိမ်နဲ့ စက်တင်ဘာလ ၄ ရက် ဒီမနက် ၇နာရီမှာတစ်ကြိမ် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာ မှန်ကန်ကြောင်း ရွှေကူ K- PDF တာဝန်ရှိသူတစ်ယောက်က အခုလိုပြောပါတယ်။

အဓိက သူတို့ဘက်က တစ်ခုခုလုပ်နေမှမဟုတ်ဘူးကွာ တော်လှန်ရေးလုပ်နေပြီဆိုကတည်းက ကျွန်တော်တို့ဘက်ကတော့ လုပ်စရာရှိတာ ဆက်လုပ်နေမှာပဲ။ သူတို့တွေရှိနေတိုင်း ဆက်လုပ်နေရမှာပဲလို့ ပြောပါတယ်။

အဲဒီ မြို့မရဲစခန်းကို ရွှေကူ K-PDF တပ်ရင်း ၅ အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေဟာ မြို့မရဲစခန်းရှေ့လမ်းတွေကို ပိတ်ဆို့လိုက်တဲ့အပြင် မြို့တွင်း နေရာတစ်ချို့မှာ လမ်းသွားလမ်းလာပြည်သူတွေကို တစ်နာရီလောက် စစ်ဆေးရေးတွေလုပ်ခဲ့တယ်လို့ ရွှေကူဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

မြို့ထဲရဲစခန်းရှေ့တော့ ဒီမနက်ခနပိတ်ထားတယ် ပြီးတော့ မြို့ထဲက တစ်ချို့နေရာတွေမှာ စစ်ဆေးခဲ့ကြတယ် အခုတော့ ရဲစခန်းရှေ့သွားလာနေကြတယ်လို့ ရွှေကူမြို့အမျိုးသမီးတစ်ဦးကပြောပါတယ်။

ရွှေကူမြို့ရဲစခန်းဟာ ဇူလိုင်လကနေ ဒီစက်တင်ဘာလဆန်းပိုင်းလောက်အထိ ပစ်ခတ်တိုက်ခိုက်ခံရတာတွေ ခပ်စိတ်စိတ်ဖြစ်လာနေတဲ့အတွက် မြို့မရဲစခန်းမှာ စစ်ကောင်စီတပ်လက်အောက်ခံရဲတွေအပြင် စစ်သားတွေကပါ လုံခြုံရေထပ်တိုးချထားခဲ့ပြီး ဇွန်လကနေစပြီး လတိုင်းပစ်ခတ်တိုက်ခိုက်ခံနေရတဲ့အတွက် မြို့မရဲစခန်းထဲက ရဲဝန်ထမ်းမိသားစုကို ရွှေကူတပ်စခန်းဘက် ပြောင်းရွှေ့နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။

အဲဒီနောက် မြို့မရဲစခန်းမှာတော့ စစ်သားတွေက ညအိပ်စောင့်ပေးနေတာဖြစ်ပေမယ့်လို့ မြို့မရဲစခန်းပစ်ခတ်တိုက်ခိုက်ခံရတာတွေဟာ ဆက်တိုက်ကြုံတွေ့နေကြရဆဲဖြစ်တယ်လို့ ရွှေကူမြို့ခံတွေကပြောပါတယ်။

ရွှေကူမြို့မရဲစခန်းဟာ ဇွန်လမှာ ၃ ကြိမ်၊ ဇူလိုင်လမှာ ၂ ကြိမ် နဲ့ ဩဂုတ်လမှာ ၃ ကြိမ်တိတိ ဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး ဩဂုတ်လ ၁၆ ရက်နေ့ တိုက်ခိုက်ခံရတာဟာ အဆိုးရွားဆုံးဖြစ်ခဲ့ပါတယ်။

Show More

Related Articles

Back to top button