သတင်း

မုံရွာမှာ ကာကွယ်ရေးတပ်ရဲ့ လက်နက်ထုတ်လုပ်ရေးစခန်းစီးနင်းခံရလို့ တပ်ဖွဲ့ဝင် ၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ကြေးမုံရွာနားက ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ရဲ့ လက်နက်ထုတ်လုပ်ရေးစခန်းစီးနင်းခံရလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့ရပြီးတော့ ၂ ဦးဆေးကုသမှုခံယူ နေရတယ်လို့ မုံရွာခရိုင်တပ်ရင်း ၁၁ ဆီကနေ သိရပါတယ်။

မနေ့က ဩဂုတ်လ မနက်ပိုင်း ၅ နာရီလောက်မှာ အင်အား ၈၀ လောက်ရှိတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေကစခန်းရှိတဲ့ နေရာအတိအကျကိုရောက်လာပြီး စီးနင်းခဲ့တာလို့ မုံရွာခရိုင်တပ်ရင်း ၁၁ က တာဝန်ရှိသူတစ်ယောက် ကပြောပါတယ်။

“ရွာကိုကွင်းပြီး စခန်းကိုတန်းတန်းမတ်မတ်ကိုလာပြီး အလှစ်အငိုက်စီးနင်းသွားတာပါ။ သူတို့အားလုံးကို ရက်ရက်စက်စက်နှိပ်စက်ထားခဲ့ပြီးတော့ တန်းစီပြီး ပစ်တယ်လို့ပြောတယ်။ အကုန်လုံးသေပြီထင်ပြီး ဒီတိုင်းထားခဲ့တာပါ အဲ့မှာ ကျနော်တို့အလောင်း သွားကောက်တော့ ၂ ယောက်အသက်ရှင်တယ် ၄ယောက်ကတော့ တစ်ခါတည်းကျသွားတာပေါ့”
လို့ ပြောပါတယ်။

စီးနင်းခံခဲ့ရတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ဧပြီလလောက်ကပဲ မုံရွာခရိုင်တပ်ရင်း ၁၁ တပ်ခွဲ ၃ တပ်စု ၁ အဖြစ်ဝင်ရောက်လာတဲ့ Moywa Peacock Defence Force အဖွဲ့ရဲ့ ထုတ်လုပ်ရေးစခန်းဖြစ်တယ် လို့သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေကတော့ မုံရွာအနောက်မြောက်တိုင်း စစ်ဌာနချုပ်ကလာတဲ့ ခမရ ၇၀၈
တပ်ရင်းဖြစ် တယ်လို့ သိရပြီးတော့ ဒလန်သတင်းပေးကြောင့်ဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က သုံးသပ်ပါတယ်။

“အဓိကကတော့ စီးနင်းခံရတာကလက်နက်ခဲယမ်းမပြည့်စုံတာကြောင့်ပေါ့ ပြီးရင် ဒလန်သတင်းပေးကြောင့်လို့ပဲ ကျနော်တို့သုံးသပ်လို့ရတယ်။ အရင် စစ်ကြောင်းထိုးတုန်းက အဲ့နားက စခန်းတွေကို ဝင်စီးနင်းခံရတယ် ဒီတစ်ခါတော့ အဲ့စခန်းကိုတန်းတန်းမတ်မတ်လာပြီး စီးနင်းသွားတာပါ” လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။

ထုတ်လုပ်ရေးစခန်းစီးနင်းခံရမှုအတွင်း သေဆုံးခဲ့ရတဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထဲမှာ မုံရွာခရိုင်တပ်ရင်း ၁၁ ရဲ့ တပ်ဖွဲ့ဝင်ဖြစ်တဲ့ အသက် ၁၉ နှစ်အရွယ် ကိုဖိုးသင်္ကြန်ခေါ် ကိုအောင်ခန့်ဆိုသူဖြစ်ပြီး ကျန်တဲ့ ၃ ဦးက တစ်ခြားဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် စီးနင်းခံရမှုမှာ လက်နက်ခဲယမ်းတစ်ချို့လည်းသိမ်းဆည်းခံလိုက်ရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်ကပြောပါတယ်။

ကြေးမုံရွာဟာ မုံရွာမြို့ နဲ့ ၁၀ မိုင်ကျော်လောက်သာအကွာအဝေးရှိပြီးတော့ မုံရွာနမခကနေ မုံရွာမြို့မအူဂိတ် မှာ တစ်ထောက်နားပြီး ကြေးမုံရွာဘက်ကို စစ်ကြောင်းထိုးလာရင်း ထုတ်လုပ်ရေးစခန်းကို စီးနင်းခဲ့တာလို့ သိရပါတယ်။

Show More

Related Articles

Back to top button