ဖားကန့်သတင်းထောက် တာလင်းမောင် ကားတိုက်ခံရ

ဖားကန့်သတင်းထောက် ကိုတာလင်းမောင်ဟာ စက်တင်ဘာလ ၈ ရက် ဒီညနေ ၅ နာရီ ၃ မိနစ်မှာ ကားတိုက်ခံရတယ်လို့ Red News Agency သတင်းဌာနက တရားဝင်ထုတ်ပြန်လာပါတယ်။
ဖြစ်စဉ်မှာ Red News Agency ရဲ့ ဖားကန့် သတင်းထောက် ကိုတာလင်းမောင်ဟာ ဒီညနေ ၅ နာရီလောက်မှာ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာ Ammazing Mini Mark ရှေ့ ဆိုင်ကယ်စီးလာချိန် နောက်ကနေ ကားတစ်စီးနဲ့ ဝင်တိုက်ခဲ့တာဖြစ်တယ်လို့ ကားတိုက်ခံရတဲ့ သတင်းထောက် ကိုတာလင်းမောင်က ပြောပါတယ်။
“လမ်းက လူရှုပ်နေတာလည်း မဟုတ်ဘူး လမ်းဘေးမှာ သုံးဘီးတစ်စီးဘဲ ရပ်ထားတယ် အလွတ်ကြီးကို နောက်ကနေ တိုက်သွားတယ်။ လူကတော့ အရမ်းထိခိုက်တာတော့မဖြစ်လိုက်ဘူး ဆိုက်ကယ်ကတော့ တော်တော်စုတ်ပျက်သတ်သွားတယ်။ ကျနော့်ကို တိုက်ပြီးလို့ ကျနော်က အော်လိုက်တာ ရပ်အုံးလို့အဲဒါတစ်ခါတည်း မောင်းထွက်သွားတယ်”လို့ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်း ဘယ်တစ်ဦးတစ်ယောက်က လုပ်ဆောင်တာဖြစ်စေ ကန့်ကွက်ရှုံချကြောင်း Red News Agency က ထုတ်ပြန်ထားသလို သတင်းထောက် ကိုတာလင်းမောင်ကလည်း သက်ဆိုင်တဲ့အဖွဲ့အစည်းတွေအနေနဲ့ တာဝန်ယူပေးစေချင်တဲ့အကြောင်း ခုလိုပြောပါတယ်။
“ဥပမာ တိုက်မိတယ်ဆိုရင်တောင် ကားပေါ်ကနေ ဆင်းပြီး ဘယ်လိုဘယ်ချမ်းသာပြောရင် နားလည်တယ်။ခုဟာက တမင်တိုက်သွားတဲ့ပုံစံဘဲ။ ကျနော့်အနေနဲ့ခန့်မှန်းမယ်ဆိုရင် ဒီနေ့ရေးလိုက်တဲ့သတင်းနဲ့ပတ်သက်ဆက်နွယ်မှုရှိနိုင် တယ်လို့တော့ ယူဆမိတယ်။ ခု CCTV ကနေ ကျနော့်ကိုတိုက်သွားတဲ့ ကားနဲ့နံပါတ်ကိုကြည့်ခြင်းအားဖြင့် ဘယ်သူကလုပ်တယ်ဆိုတာကို ကျနော်တို့ ခန့်မှန်းလို့ရတယ်” လို့ပြောပါတယ်။
ဒါကြောင့် ဒီကိစ္စကို သက်ဆိုင်သူတွေအနေနဲ့ တာဝန်ယူပေးစေချင်ကြောင့် ထပ်ဆင့်တောင်းဆိုနေပါတယ်။
သတင်းထောက် ကိုတာလင်းမောင်ဟာ အာဏာမသိမ်းခင် အစိုးရ ပြန်/ဆက်ဦးစီးဌာနရဲ့ သတင်းထောက်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပေမယ့် ၂၀၂၁ ခုနှစ်၊ စစ်ကောက်စီက အာဏာသိမ်းချိန်ကနေ ဖားကန့်မှာ ပထမဦးဆုံး CDM လုပ်ခဲ့သူဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ ၅၀၅(က)ဖြင့် ပုဒ်မတပ်ခံထားရပြီး နေအိမ်မှ တိမ်းရှောင်နေရင်း ဖားကန့်ဒေသက သတင်းတွေကို ရေးသားတင်ဆက်နေသူဖြစ်ပါတယ်။
အလားတူဘဲ ဒီကနေ့မှာလည်း ဖားကန့် စဗျစ်ခူးရွာနဲ့ပတ်သက်တဲ့ သတင်းကိုလည်း လောလောလတ်လတ်ရေးသားထားသူဖြစ်တဲ့အတွက် ဒီကားတိုက်ခံရမှုဟာ စဗျစ်ခူးသတင်းနဲ့တိုက်ရိုက် ပတ်သက်နိုင်တယ်လို့လည်း သူက မှတ်ချက်ပြုပါတယ်။