သတင်း

လုံးခင်း စစ်တပ်ကုန်းက စစ်ကောင်စီတပ်ဖွဲ့တွေ လမ်းသွားလမ်းလာပြည်သူတွေကို ခြိမ်းခြောက်ငွေတောင်းခံ

ဖားကန့်မြို့နယ် လုံးခင်းရပ်ကွက်မှာ စစ်ကောင်စီတပ် နဲ့ ရဲတပ်ဖွဲ့တွေဟာ လမ်းသွားလမ်းလာပြည်သူတွေကို ငွေကြေးတောင်းခံနေတဲ့အတွက် သွားလာရေးမှာ ပိုမိုခက်ခဲလာတယ်လို့ လုံးခင်းရပ်ကွက်မှာ နေထိုင်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကစပြီးတော့ လုံးခင်းရပ်ကွက် စာသင်ကျောင်း မျက်နှာချင်းဆိုင်မှာရှိတဲ့ စစ်တပ်ကုန်းကနေ စစ်သားနဲ့ ရဲအင်အား ၃၀ လောက်ဟာ ညတိုင်းလမ်းမပေါ်ဆင်းလာပြီး ဖြတ်သန်းသွားလာသူတွေကို ငွေကြေးတောင်းခံတာ အခုနောက်ပိုင်း ပိုဆိုးလာနေတယ်လို့ လုံးခင်းရပ်ကွက်မှာရှိတဲ့ အမျိုးသားတစ်ယောက်က KNG ကို အခုလိုပြောပါတယ်။

စာသင်ကျောင်းရှေ့မှာ တပ်ကုန်းရှိတယ်။ အဲဒီစစ်တပ်ကုန်းကနေ ဆင်းဆင်းပြီးတောင်းတာ ညပိုင်း ၁၀ နာရီ နောက်ပိုင်း စစ်တာ။ စစ်တာက နိုင်ငံရေးအဓိကစစ်တာမဟုတ်ဘူး  ပိုက်ဆံတောင်းတာ ပေါ်တင်တောင်းတာ မပေးလို့မရဘူး။ အကုန်လုံး ပေးရတာ။ သူတို့ကြိုက်လို့ရှိရင် ကျောက်တွေပါရင် ကျောက်တွေပါတစ်ခါတည်းယူချသွားတာ ခုနောက်ပိုင်း ညတိုင်းလိုလိုဘဲ ခပ်စိပ်စိပ် လုပ်လာတာလို့ ပြောပါတယ်။

 ငွေတောင်းချိန်မှာ အသာတကြည်စစ်ဆေးမခံတဲ့ သူတွေကို ရိုက်နှက်တာတွေရှိသလို၊ ကား ဆိုင်ကယ်မှာ ပါလာတဲ့ ပိုက်ဆံနဲ့ ကျောက်ကြည့်တဲ့ ဓါတ်မီးပါမကျန် သိမ်းယူမှုလိုက်တာလည်းရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ဖားကန့် လုံးခင်းရပ်ကွက်မှာ အာဏာသိမ်းပြီးနောက်ပိုင်း လုံးခင်းအဝင်နားမှာရှိတဲ့ နှစ်မျက်နှာဘုရားရှေ့က ဂိတ်မှာပဲ ကုန်တင်ကားတွေကို ဂိတ်ကြေးတောင်းခံနေတာဖြစ်ပါတယ်။

ဒါပေမယ့် အခုလိုနောက်ထပ်တစ်နေရာမှာ ထပ်ပြီး ပြည်သူတွေကို ခြိမ်းခြောက်ငွေတောင်းနေတာဟာ ဓါးမျှတိုက်နေတာနဲ့အတူတူဘဲလို့ ဖားကန့် မြို့ လုံခင်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ယောက်က အခုလို ရင်ဖွင့်ပြောဆိုပါတယ်။

ပေါ်တင်ကို ဓါးမြတိုက်တာလို့ခေါ်တယ် အဲဒါကို ကျမကိုယ်တိုင်တော့ အပြင်မထွက်တော့ မကြုံသေးဘူး။ ဒါပေမယ့် ခုရက်ပိုင်း ကျမအိမ်ဘေးနားက အသိတစ်ယောက် ဆိုင်ကယ်မှာပါတဲ့ ပိုက်ဆံတစ်သိန်းလည်း ယူပေးလိုက်တယ်လို့ ပြောတယ်လို့ ပြောပါတယ်။

ကျောက်စိမ်းထွက်ရှိတဲ့ ဖားကန့်မြို့နယ်မှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်တပ်က အရပ်သားတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာအပြင် လမ်းသွားလမ်းလာပြည်သူများကို စစ်ဆေးရေးတင်းကြပ်ပြီး ခြိမ်းခြောက်ငွေတောင်းခံတာတွေကြောင့် ဖားကန့်မှာနေထိုင်တဲ့ အရပ်သားပြည်သူတွေဟာ  အစစအရာရာ စိုးရိမ်မှုများစွာနဲ့ နေနေရတယ်လို့ ဖားကန့်မှာ နေထိုင်သူတွေက ပြောပါတယ်။

Show More

Related Articles

Back to top button