လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဒေါ့ဖုန်းယန်ထဲ ဝင်လာတဲ့စစ်ကြောင်းက ရွာသားတွေရဲ့ အဖိုးတန်ပစ္စည်းများ လုယူသွား

ဒေါ့ဖုန်းယန်မြို့ထဲကို စက်တက်ဘာလ ၇ ရက်နေ့ ဝင်ရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ပန်းကောင်းမှုနဲ့ လုံဂျူယန် ကျေးရွာထဲက နေအိမ်တွေကို ဖျက်ဆီးပြီး အဖိုးတန်ပစ္စည်းတွေ ခိုးယူသွားကြတယ်လို့ ဒေသခံတွေ ပြောပါတယ်။

အဲဒီကျေးရွာ ၂ ခုက ပြည်သူတွေဟာ စက်တင်ဘာလ ၇ ရက်နေ့ မနက်ပိုင်းက စစ်ကား ၇ စီးနဲ့ လက်နက်ရမ်းသမ်းပစ်ခတ်ပြီး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေကို ကြောက်လန့်ပြီး နီးစပ်ရာ ပတ်ဝန်းကျင်တွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

ဒေသခံတွေ ထွက်ပြေးသွားတဲ့ ပန်းကောင်းမှုနဲ့ လုံဂျူယန် ဒေသခံတွေရဲ့ ကျေးရွာအတွင်း အလှူငွေနဲ့ တန်ဖိုးကြီး ရိုးရာအထည်တွေကို စစ်သားတွေက ယူဆောင်သွားကြတယ်လို့ ဒေါ့ဖုန်းယန်ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

လုံဂျူယန်မှာ ဝင်တဲ့အချိန်မှာက ကြက်က ၁၀ ကောင်လောက်ရှိတယ်တဲ့ ဖမ်းသွားတာ။ မီးဖိုချောင်တွေမှာ ရှိတဲ့ စားဆီတွေ၊ ပြီးရင် ပန်ကောင်းမှုထဲမှာက အလှူငွေထည့်ထားတဲ့ သေတ္တာတွေရိုက်ဖွင့်ပြီး ငွေတွေယူသွားတယ်။ တစ်ချို့အိမ်မှာဆို ရိုးရာအင်္ကျီ လွယ်အိတ်တွေယူသွားတယ်တဲ့လို့ ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ည ၆ နာရီလောက်အထိ ပြည်သူပိုင်နေအိမ်တွေကို ဝင်ရောက်မွှေနှောက်ခဲ့ပြီး ဒေါ့ဖုန်းယန်မြို့ထဲရှိ ခလရ ၁၄၂ တပ်ရင်းထဲ ပြန်လည်ဝင်သွားကြတယ်လို့ ပြောပါတယ်။

စစ်ကြောင်း ဝင်ရောက်လာတဲ့အချိန် ဒေသခံတွေ ကြိုတင်ထွက်ပြေးတိမ်းရှောင်နေတာကြောင့် ရွာသားတွေ ထိခိုက်မှုမရှိပဲ စစ်ကောင်စီတပ်သားများ ပြန်လည်ထွက်ခွာသွားတဲ့အချိန် ရွာထဲကို ပြန်ဝင်လာကြတယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ စက်တင်ဘာလ ၆ ရက်နေ့ ကုန်းလောဘက်နေ ထွက်လာခဲ့ကြတဲ့စစ်ကြောင်းဖြစ်ပြီး ကုန်းလောအထွက် တိမ်ဖျာလမ်းလို့ခေါ်တဲ့ လမ်းခုလပ်တစ်နေရာမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ မိုင်းဆွဲတိုက်ခိုက်မှုကို ခံရတာဖြစ်ပါတယ်။

စက်တင်ဘာလ ၅ ရက်နေ့မှာလည်း ကုန်းလောမရောက်မှီ မြို့သစ်ရွာအနီး ဒါဆိုင်းရွာအနီးမှာ KIA က မိုင်းဆွဲတိုက်ခိုက်ခဲ့အတွက် စစ်ကားတစ်စီး ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး စစ်ကြောင်းမှာပါလာတဲ့ တပ်သားတစ်ချို့လည်း ထိခိုက်သေဆုံးမရှိခဲ့တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

စက်တင်ဘာ လဆန်းပိုင်းတွင်းမှာပဲ ဒုတိယအကြိမ် စစ်ကောင်စီတပ်သား သီသန့် တင်ဆောင်လာတဲ့ စစ်ကား ၅ စီး၊ စားနပ်ရိက္ခာတင် စစ်ကား ၅ စီး၊ စုစုပေါင်း ၁၀ စီး တက်လာခဲ့တာဖြစ်ပြီး လမ်းတစ်လျှောက်မှာ ၂ ကြိမ်လောက် KIA ရဲ့ တိုက်ခိုက်မှုကို ခံရတဲ့အတွက် မနေ့က ဒေါ့ဖုန်းယန်ကို စစ်ကား ၇ စီးသာ ဝင်ရောက်လာခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်နေ့ မှာလည်း ဗန်းမော်ဘက်နေ စစ်အင်အားအပါ စစ်ရိက္ခာနဲ့ လက်နက်ပစ္စည်းများ တင်ဆောင်လာတဲ့ စစ်ကား ၂၆ စီးဟာ ဒေါ့ဖုန်းယန် ခလရ ၁၄၂ တပ်ရင်းမှာ ရောက်ရှိနေတာဖြစ်တဲ့အတွက် လက်ရှိ ဒေါ့ဖုန်းယန် စစ်တပ်စခန်းထဲမှာ စစ်ကား အစီး ၃၀ လောက်ရောက်ရှိနေပါတယ်။

စစ်အင်အား အပါ စစ်ရိက္ခာအပြည့် တင်ဆောင်လာတဲ့ အဲဒီ စစ်ကြောင်းယာဉ်တန်းတွေဟာ ဒေါ့ဖုန်းယန် အထက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနေရာတွေမှာ သွားရောက်ဖို့ရှိနေတာဖြစ်ပါတယ်။ ဒါ့ပေမယ့် တစ်ဖက်မှာ KIA လမ်းတစ်လျှောက် ခုခံတိုက်ခိုက်နေတာကြောင့် အခုလို ဒေါ့ဖုန်းယန်ထဲမှာ အချိန်ကျန့်ကြာနေကြတာ ဖြစ်ပါတယ်။

Show More

Related Articles

Back to top button