သတင်း

စစ်ကိုင်းမြို့က Hello Mobile ဖုန်းဆိုင်ချိပ်ပိတ်ခံရပြီး ဆိုင်ရှင်ကိုလည်းဖမ်းဆီး

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ ပိုးတန်းရပ်ကွက် ဈေးလမ်းက Hello Mobile ဖုန်းဆိုင်ရှင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး ဖုန်းဆိုင်ကိုပါချိပ်ပိတ်သွားတယ်လို့ စစ်ကိုင်းမြို့‌ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့ ညက အဲ့ဒီဖုန်းဆိုင်ပိုင်ရှင်ကိုဖမ်းဆီးခဲ့တာဖြစ်ပြီးတော့ စက်တင်ဘာ၂၀ ရက်နေ့ မနက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပေမယ့် နာရီပိုင်းအတွင်းမှာပဲ ပြန်လည်ဖမ်းဆီးခဲ့တာလို့ ဒေသခံတစ်ယောက် ကပြောပါတယ်။

“Hello Mobile ဖုန်းဆိုင်ကို စကစအဖွဲ့က တံခါးကိုဖျက်တယ်၊ အိမ်ရှင်ကဖွင့်ပေးလိုက်တယ်။ ဖုန်းဆိုင်ပိုင်ရှင် ကိုဝေဖြိုးကို ဖမ်းသွားတယ်။ နောက်တနေ့ စက်တင်ဘာ ၂၀ မနက်အစောပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်၊ မနက် ၉ နာရီလောက်မှာ ပြန်ဖမ်းသွားတယ် ပြီးတော့ အဲ့ဒီညကပဲ စကစ အဖွဲ့လိုက်လာပြီး ချိပ်ပိတ်သွားတယ်လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူဟာ စစ်ကိုင်းမြို့နယ် သလွန်ဖြူကျေးရွာသား အသက် ၃၉ နှစ်အရွယ် ကိုဝေဖြိုးဆိုသူ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ကိုဝေဖြိုးကို စစ်ကိုင်းမြို့ အမှတ် ၁ရဲစခန်းမှာ ဖမ်းဆီးထားပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၁()/၅၂(က) အမှုနဲ့ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ရက်နေ့က မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တာဝန်ကျတဲ့ ဒုရဲအုပ်နဲ့အမျိုးသမီးဖြစ်သူတို့ သလွန်ဖြူရွာအနီးပစ်သတ်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဘက်က စစ်ကိုင်းမြို့နယ်က ကျေးရွာတွေကို ဝင်ရောက်စီးနင်းမှုတွေလုပ်နေတယ်လို့ သိရပါတယ်။

လက်ရှိတော့ စစ်ကိုင်းမြို့နယ်ထဲက ညောင်ကုန်းရွာ စာသက်ကျောင်းမှာတစ်ကြောင်း ညောင်ကုန်းရွှေဘုံသာ ဘုန်းကြီးကျောင်းမှာတစ်ကြောင်း သလွန်ဖြူရွာမှာတစ်ကြောင်း စစ်တပ်ဘက်က တပ်စွဲထားတယ်လို့  ဒေသခံတစ်ယောက်ကပြောပါတယ်။

အဲ့ဒီလိုကျေးရွာတွေကိုစီးနင်းတဲ့အချိန်မှာလည်း သလွန်ရွာက အရပ်သား ၇ ယောက်ကို သတ်ဖြတ်ခဲ့သလို ဓားစာခံအဖြစ် အရပ်သား၃၀ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နိုင်ငံတစ်ဝှမ်း နိုင်ငံရေးနဲ့ပတ်သက်ပြီး ဖမ်းဆီးခံရသူ နှစ်သောင်း နီးပါးရှိတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က စက်တင်ဘာလ ၂၀ရက် နေ့ကပဲထုတ်ပြန်ခဲ့ပါတယ်။

Show More

Related Articles

Back to top button