သတင်း

တန်ဖရဲဂိတ်မှာ လူငယ် ၁၀ ဦးထက်မနည်းဖမ်းဆီးခံရ

မြစ်ကြီးနားမြို့နယ် တန်ဖရဲကျေးရွာဂိတ်မှာ စစ်ကောင်စီတပ်တွေဟာ ပူတာအိုဘက်ကနေဆင်းလာတဲ့ ခရီးသည်တွေထဲက လူငယ် ၁၀ ဦးကျော်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာလ ၂၁ ရက်နေ့ မြစ်ကြီးနားကနေ ပူတာအိုဘက်ကို တက်တဲ့ခရီးသည်တွေကို စစ်တပ်က ပူတာအိုဘက် ဆက်မသွားခိုင်းတာကြောင့် ခရီးသည်တွေအားလုံး မြစ်ကြီးနားဘက်ကို ပြန်ဆင်းလာချိန် တန်ဖရဲရွာအဝင် စစ်တပ်စခန်းအရောက်မှာရှိတဲ့ စစ်တပ်ဂိတ်က လူငယ်တွေကို ရွေးပြီးဖမ်းသွားတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

မနေ့က အသွားအပြန်လုံးဝမရဘူး ဒါပေမယ့် အဲဒါဒီနေ့က ပူတာအိုဘက်ကို သွားတဲ့သူတွေကို ဆက်မတက်ခိုင်းဘဲ ဆင်းလာခိုင်းတဲ့ခရီးသည်တွေထဲက လူငယ်တွေ ၁၀ ယောက်ကျော်ကို ရွေးပြီးဖမ်းထားတာ ဟုတ်တယ်လို့ ပြောပါတယ်။

ဖမ်းဆီးခံသွားရတဲ့လူငယ်တွေဟာ ဘယ်သူဘယ်ဝါတွေဖြစ်တယ်ဆိုတာကို အသေးစိတ်မသိရသေးပါဘူး။

မြစ်ကြီးနားဆွမ်ပရာဘွမ်လမ်းမပေါ် ဒရူခနားမှာရှိတဲ့ စစ်တပ်စခန်းကို KIA နဲ့ KPF ပူးပေါင်းတပ်က စက်တင်ဘာလ ၂၀ ရက်နေ့ မနေ့ကသွားရောက်တိုက်ခိုက်သိမ်းပိုက်ပြီး စစ်တပ်ဘက်က အထိနာခဲ့တာလည်းဖြစ်ပါတယ်။

ဒါကြောင့် မနေ့ကတစ်နေ့လုံးနီးပါး မြစ်ကြီးနားပူတာအိုလမ်းသွားလာခွင့်ကို ပိတ်ထားတာလည်းဖြစ်သလို ဒီကနေ့မှာလည်း ပူတာအိုဘက်ကိုတက်လာတဲ့ခရီးသည်တွေကို ပြန်ခေါက်ခိုင်းနေတာဖြစ်တယ်လို့လည်း တန်ဖရဲရွာ ဒေသခံတွေကဆိုပါတယ်။

ကချင်ပြည်နယ်မှာ လက်ရှိ မြစ်ကြီးနား၊ဖားကန့်၊ဆွမ်ပရာဘွမ်၊ဗန်းမော်၊ချီဖွေ အစရှိတဲ့ မြို့နယ်က နေရာတစ်ချို့မှာ စစ်တပ်နဲ့KIA တပ်တို့အကြား စစ်ရေးတင်းမာနေတာတွေ ရှိတဲ့အတွက် အရပ်သားပြည်သူတွေ သတိနဲ့သွားလာဖို့ လိုအပ်တယ်လို့ မြစ်ကြီးနားမှာနေထိုင်တဲ့ မြို့ဒေသခံတစ်ယောက်က ပြောပါတယ်။

ခုချိန်က ကိုယ်သွားမယ့်ခရီးကို သေချာစုံစမ်းပြီးသွားရင်တောင် ဖမ်းခံရတာတွေရှိတယ်။ အဲကြောင့် ပြည်သူတွေအနေနဲ့ သတိနဲ့သွားလာဖို့ အရမ်းလိုအပ်နေပြီလို့ ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်တွေဟာ ဖမ်းဆီးထားတဲ့ အရပ်သားပြည်သူတွေ စစ်ကြောင်းမှာလူသားဒိုင်းအဖြစ် အသုံးပြုတာတွေရှိနေတာလည်း ဖြစ်ပါတယ်။

Show More

Related Articles

Back to top button