ဖားကန့်မှာ ပုပ်ပွသေဆုံးနေတဲ့ အမျိုးသားနှစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိ

ဖားကန့်မြို့ ဆိပ်မူ–ဝှေခါ ကျေးရွာသွားတဲ့ လမ်းမပေါ်ရှိ တာဝါတိုင်ကုန်းအဆင်း ရေတွင်းနားမှာ ပုပ်ပွသေဆုံးနေတဲ့ အမျိုးသားနှစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ ဖားကန့်မှာနေထိုင်သူတွေဆီကနေ သိရပါတယ်။
သေဆုံးသူနှစ်ဦးဟာ အသက် ၃၀ အရွယ်ရှိ အမျိုးသား နှစ်ဦးဖြစ်ပြီး သေဆုံးနေတာ အနည်းဆုံး ၁၀ ရက်ခန့်ရှိနိုင်တယ်လို့ လူမှုကူညီရေးလုပ်ဆောင်ပေးခဲ့သူတစ်ဦးက ခန့်မှန်းပြော ပြောဆိုပါတယ်။
“မျက်နှာတွေက မမှတ်မိလောက်အောင် ပျက်စီးနေပြီ။ အဲဒါကြောင့် ပိုင်ရှင်မဲ့အနေနဲ့ပဲ သဂြိုလ်လိုက်ရပါတယ်“လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ပုပ်ပွသေဆုံးနေတဲ့ အမျိုးနှစ်ဦးရဲ့ မျက်နှာမှာတိတ်အဝါတွေနဲ့ စည်းနှောင်ထားသလို၊လက်တွေမှာလည်း နောက်ပြန်ချုပ်နှောင်ထားပြီး ကလစ်ကြိုးများ စည်းနှောင်ထားရှိတယ်လို့ သူက ဖြည့်စွပ်ပြောကြားပါတယ်။
အလားတူ အခင်းဖြစ်ပွါးရာ နေရာတွင် ဒီနှစ် ဇူလိုင်လ ၂၄ ရက်နေ့ည စပျစ်ခူးကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်လင်း နေအိမ်မှာရှိနေချိန် လက်နက်ကိုင်လူတစ်စုမှ လာရောက်ခေါ်ဆောင်သွားရာမှ နောက်တနေ့မနက် ဦးအောင်လင်းရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြတဲ့ နေရာလည်း ဖြစ်ပါတယ်။
ဖားကန့်ဒေသမှာ လုပ်ကြံ၊သတ်ဖြတ်ခံရတာတွေ နေ့တိုင်းနီးပါးဖြစ်နေရပေမယ့် သတ်ဖြတ်ခံရတဲ့ အကြောင်းရင်းကို မသိရှိသလို၊ ပြစ်မှုကျူးလွန်နေသူတွေကိုလည်း ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ဖားကန့်မှာ ၂၀၂၃ခုနှစ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရပြီး မိသားစုနှင့် အဆက်အသွယ်ပြတ်ပြီး ပျောက်ဆုံးနေသူ ရာဂဏန်းမျှရှိနေတယ်လို့ ဒေသန္တရ မှတ်တမ်းတွေအရ သိရပါတယ်။