သတင်း

စစ်ကောင်စီရဲ့ နိုင်ငံရေးလမ်းစဉ်အတိုင်း လိုက်နာကြဖို့ လိုက်လံစည်းရုံးနေ

စစ်ကောင်စီတပ် ထိန်းချုပ်မှုအောက်မှာ ပြစ်မှု မကျူးလွန်ကြဖို့နဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ ဆက်နွယ် ပတ်သက်မှုမရှိကြဖို့ ကချင်ပြည်နယ် စစ်ကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန် နဲ့ ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ တို့က ပြည်နယ်အတွင်း လှည့်လည်စည်းရုံးပြောဆိုနေတယ်လို့သိရပါတယ်။

ဦးခက်ထိန်နန် နဲ့  ဒေါ်ဒွဲဘူ တို့အဖွဲ့ဟာ စက်တင်ဘာလဆန်းပိုင်းကတည်းက မြစ်ကြီးနား၊ ပူတာအို နဲ့ ဗန်းမော်မြို့နယ်တွေကို သွားရောက်ပြီးတော့ လက်ရှိစစ်ကောင်စီဖော်ဆောင်နေတဲ့ နိုင်ငံရေးလမ်းစဉ်အတိုင်းသွားဖို့၊ ပြစ်မှုကျူးလွန်တာတွေမလုပ်ဖို့၊ NUG အပါအဝင် လက်နက်ကိုင်တော်လှန်နေတဲ့အဖွဲ့အစည်းတွေကို ရှောင်ရှားဖို့ လိုက်လံစည်းရုံးပြောဆိုနေတယ်လို့ တွေ့ဆုံခဲ့တဲ့ ဒေသခံတွေက ပြောဆိုပါတယ်။

စက်တင်ဘာလ ၁၈ ရက်နေ့ ပူတာအိုမြို့တော်ခန်းမမှာ ဘာသာရေးအဖွဲ့က တာဝန်ရှိသူများ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့က ကိုယ်စားလှယ်များ၊ ဒေသများတစ်ချို့နှင့် တွေ့ဆုံခဲ့စဉ်ပြောဆိုခဲ့တဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ပူတာအိုဒေသခံတစ်ယောက်က KNG ကို အခုလို ပြောပြပါတယ်။

သူတို့လာပြောသွားတာက ဥပဒေနဲ့ မလွတ်ကင်းနဲ့ဟာတွေကို ပြည်သူတွေမလုပ်မှားကြဖို့နဲ့ လက်ရှိ စစ်တပ်ရဲ့ သွားနေတဲ့ လုပ်ငန်းစဉ်တွေက ဘယ်လိုရှိတယ် ရှင်းပြတယ် အဓိကတော့ ဒါပါပဲ။ နောက်တစ်ခုက NUG နဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ မပတ်သက်ဖို့ ပြောသွားတယ်လို့ဆိုပါတယ်။

ဒါ့အပြင် ဦးခက်ထိန်နန် နဲ့အဖွဲ့ဟာ ပူတာအိုခရိုင်အတွင်း ပူတာအိုမြို့ နဲ့ မချမ်းဘောဒေသတွေမှာ ၅ ရက်အကြာ ဒေသခံရိုးရာလူကြီးတွေနဲ့ တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၄ ရက်နေ့ကလည်း ဦးခက်ထိန်နန် နဲ့အဖွဲ့ဟာ လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့ကို ရောက်လာပြီး ဘာသာရေးခေါင်းဆောင်တစ်ချို့၊ ဗန်းမော်ခရိုင် ကချင်စာပေနှင့်ရိုးရာယဉ်ကျေးမှုကော်မတီတို့နဲ့ မြသီတာဧည့်ရိပ်သာမှာ တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။ တွေ့ဆုံမှုမှာ ပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ နိုင်ငံရေးလမ်းစဉ်အတိုင်းသွားကြဖို့ ပြောဆိုခဲ့ပါတယ်။

ဗန်းမော်ခရိုင် ကချင်စာပေနှင့် ရိုးရာယဉ်ကျေးမှုကော်မတီတို့ဘက်ကလည်း လာမယ့်နိုဝင်ဘာလထဲမှာ ဗန်းမော်အောင်သာ ရပ်ကွက်မှာ ဆောက်လုပ်ပြီးစီးသွားပြီဖြစ်တဲ့ မနောင်ကွင်းကြီးမှာ မနောင်ပွဲ ပြုလုပ်ဖို့အကြောင်း တင်ပြဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီအဖွဲ့ဝင်တွေရဲ့ ဗန်းမော်မြို့ စည်းရုံးရေး ခရီးစဉ်နဲ့ပတ်သက်ပြီး ဗန်းမော်ဒေသခံအမျိုးသားတစ်ယောက်ကဗန်းမော်မှာက ဘာသာရေးအဖွဲ့တွေကနေ ဘာသာရေးနဲ့ဆိုင်တဲ့ ပွဲတွေလုပ်ဖို့ရှိတယ်။ သူတို့လည်း အဲဒါတွေကို သိနေတာဖြစ်တဲ့အတွက် ဘာသာရေးအဖွဲ့တွေကို ခြိမ်းကပ်နဲ့သဘောတွေ့ရတယ်။ ဘာလို့လဲဆိုတော့ ကချင်အတိုင်းအဝိုင်းလို့ပြောရင် ဘာသာရေးက အခြေစိုက်တယ်လို့ မြင်ပြီးမှ အခုလို မျက်နှာရှာတဲ့သဘောပါပဲ။ ဒီလိုတွေ့ရတော့ သူတို့ထဲမှာ အကြပ်အတည်းတွေနဲ့ရှိနေပြီလို့ မျက်ဝါးထင်ထင်မြင်ရပါတယ်လို့ ပြောပါတယ်။

ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲမှာ ပြီးခဲ့တဲ့ ဇူလိုင်လလောက်ကနေ လက်ရှိချိန်ထိ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြားမှာ စစ်ရေးတင်းမာပြီး တိုက်ပွဲဖြစ်ပွားနေတာပါ။ တိုက်ပွဲကြောင့် ပြည်သူတွေ လုံခြုံရေး နဲ့ စားဝတ်နေရေးအတွက် စိုးရိမ်ပူပန်နေစဉ်မှာပဲ ကချင်ပြည်နယ် ကောင်စီအဖွဲ့တွေဘက်က ဒေသခံတွေနဲ့ တွေ့ဆုံပြီး စည်းရုံးရေး ခရီးစဉ် ပြုလုပ်နေတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ကချင်ပြည်နယ်အပါအဝင် အခြားတိုင်းနဲ့ပြည်နယ်တွေမှာလည်း စစ်ကောင်စီရဲ့ နိုင်ငံရေးလမ်းစဉ်အတိုင်း ထိန်းချုပ်မှုအောက်မှာလိုက်နာကြဖို့ လိုက်လံစည်းရုံးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီ လက်ရှိကြုံတွေ့နေတဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အကြပ်အတည်းတွေကို ကျော်ဖြတ်နိုင်ဖို့ လှုပ်ရှားမှုတစ်ခုအနေနဲ့ စည်းရုံးရေးလုပ်နေတာဖြစ်နိုင်တယ်လို့ အမည်မဖော်လိုသူ ကချင်နိုင်ငံရေးသုံးသပ်သူ တစ်ယောက်က KNG ကို အခုလို ပြောပါတယ်။

သူတို့မှာ နိုင်ငံရေး၊ စီးပွားရေး အဖက်ဖက်မှာ ကျရှုံးလာတယ်လို့တွေ့ရတယ်။ အခုဖြစ်နေတဲ့ တိုက်ပွဲက လက်နက်ကိုင်တဲ့အချင်းချင်းပဲဖြစ်နေတာလည်းမဟုတ်ဘူး။ ပြည်သူတွေနဲ့ထိတွေ့နေတဲ့တိုက်ပွဲဖြစ်တယ်။ ပြည်သူတွေ မထောက်ခံဘူး၊ မရပ်တည်ဘူးဆိုရင်အလကားပါပဲ။ အဲ့ဒါကြောင့် ပြည်သူတွေရဲ့ ထောက်ခံချက်တွေရဖို့အတွက် လိုက်စည်းရုံးနေတယ်လို့ပဲမြင်ပါတယ်လို့သုံးသပ်ပြောပါတယ်။

လက်ရှိ ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်က မြို့နယ်၊ ကျေးရွာအလိုက် ပွဲဖန်တီးပေးမှု၊ ငွေကြေးထောက်ပံ့မှုတွေ လုပ်ဆောင်နေပေမယ့် ပြည်သူတွေအနေနဲ့ အာဏာရှင်စနစ်ကို အမြစ်ပြတ်အောင် လုပ်ဆောင်ဖို့လိုအပ်တယ်လို့ သူကတိုက်တွန်း ပြောဆိုထားပါတယ်။

Show More

Related Articles

Back to top button