သတင်း

ဖားကန့်မှာ ၇ နှစ်အရွယ်ကလေးငယ် တစ်ဦးရေနစ်သေဆုံး

ဖားကန်မြို့ လုံးခင်းရပ်ကွက်မှာရှိတဲ့ မြစိမ်းမြေဂေါက်ကလပ်ကွင်း ကျင်းနံပါတ် ၃ ရေကန်မှာ အသက် ၇ နှစ်အရွယ်ကလေးတစ်ဦး ရေနစ်သေဆုံးတယ်လို့ မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ကနေ သိရပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့ ညနေ ၄ နာရီဝန်းကျင် ရေနစ်သေဆုံးတဲ့ ကလေးငယ်တစ်ဦးအပါအဝင် နောက်ထပ် သူငယ်ချင်းတစ်ဦးတို့ဟာ ကျောင်းဆင်းပြီးနောက် လုံးခင်းမြစိမ်းမြေ ဂေါက်ကလပ်ကွင်း ကျင်းနံပါတ် ၃ ရေကန်မှာ ရေဆော့ကစားရင်း နစ်မြုပ်သေဆုံးသွားတာဖြစ်တယ်လို့ မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ဝင် တစ်ယောက်က KNG ကို ခုလိုပြောပါတယ်။

“ရေနစ်သေဆုံးတာကတော့ မနေကညနေ ၄နာရီ ၅ နာရီ ဝန်းကျင်ပေါ့။ ဒါပေမယ့်လည်း ဒီမနက်မှ မိဘတွေရေငုတ်ရှာဖွေပေးဖို့ အကူအညီလာတောင်းတော့ ကျွန်တော်တို့က ရုပ်အလောင်းကို ကြိုးစားရှာဖွေပေးခဲ့တယ်”လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဖားကန့်) အဖွဲ့ဝင်တစ်ဦးက ပြောပြပါတယ်။

ရေနစ်မြုပ်သေဆုံးသွားတဲ့ကလေးငယ်ဟာ အသက် ၇နှစ်အရွယ် မုန်ဒန်အောင်ဆိုသူဖြစ်ပြီး လုံးခင်းအုပ်စု အောင်ရာကျေးရွာမှာ နေထိုင်သူဖြစ်တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း(ဖားကန့်)က အဖွဲ့ဝင်တစ်ဦးက ဆက်ပြောပါတယ်။

ကလေးငယ်ပြုတ်ကျသေဆုံးတဲ့ရေကန်ဟာ အမြင့်အားဖြင့် ပေ ၈ ပေလောက်ရှိတဲ့ရေကန်ဖြစ်ပြီး ပုံမှန်ရေချိုးတဲ့ကန်ဖြစ်တယ်လို့လည်း သိရပါတယ်။

ဖားကန့်မှာ နေ့တိုင်းဆိုသလို အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသူ အရပ်သားတွေရှိနေပြီး ပြီးခဲ့တဲ့ နှစ်လထဲမှာအကြောင်းအမျိုးမျိုးကြောင့် သေဆုံးသူ အရပ်သားပြည်သူ ၆၀ လောက်ရှိလာပြီဖြစ်ပါတယ်။

Show More

Related Articles

Back to top button