တိုက်ပွဲသတင်း

လိုင်ဇာမြို့အနီး ဗုံးကျဲခံရမှုမှာ အရပ်သားထိခိုက် သေဆုံးသူ ၅၀ လောက်ရှိ

KIO ဌာနချုပ် လိုင်ဇာမြို့အနီး မုန်လိုင်ခက် (Mung Lai Hkyet) ကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကျဲ တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ဘေးရှောင်တွေအပါအဝင် အရပ်သားထိခိုက် သေဆုံးသူ ၅၀ လောက်ရှိပြီး တစ်ရွာလုံးနီးပါး ထိခိုက်ပျက်စီးမှု ရှိခဲ့တယ်လို့ မုန်လိုင်ခက်ဒေသခံတွေ ပြောပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့၊ ည ၁၁ နာရီအချိန် စစ်ကောင်စီတပ်က မြစ်ကြီးနားဘက်နေ စစ်တပ်သုံးလေယာဉ်နဲ့ အရပ်သားပြည်သူတွေရှိတဲ့နေရာဘက်ကို ပစ်မှတ်ထားပြီး လာရောက်တိုက်ခိုက်ခဲ့တာပါ။

မုန်လိုင်ခက် စစ်ရှောင်စခန်း ၂ ခုအပါအဝင် ကျေးရွာအောက်ဘက်ခြမ်းမှာရှိတဲ့ နေအိမ်တွေတစ်စစီ ထိခိုက်ပျက်စီးသွားတယ်လို့ မုန်လိုင်ခက်မှာရှိတဲ့ ဒေသခံအမျိုးသားတစ်ယောက်က KNG ကို ပြောပါတယ်။

“ဗုံးကျတဲ့နေရာက ကားကြီးကွင်းရဲ့နားမှာကျမှန်တာဟုတ်တယ်။ ဗုံးကအရင်က ဗုံးနဲ့မတူဘူး တအားကြီးတယ် ကျတာက တစ်လုံးထဲ ဒါပေမယ် သူ့ဗုံးအငွေ့နဲ့ နေအိမ်တွေ အကုန်ပျက်စီးသွားတယ်။ ပိုဆိုးတာက အဲဒီ ဗုံးကျတဲ့ ရွာရဲ့ အောက်ဘက်ခြမ်းဆိုအကုန်တစ်စီးဖြစ်သွားတယ်။ အဲထဲမှာ စစ်ရှောင်စခန်းက ဘာမှမကျန်တော့ဘူး”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေယာဉ်ဗုံးဟာ မုန်လိုင်ခက်ကျေးရွာ KIA ဂိတ်ရှိတဲ့နေရာမှာ ကျရောက်ပေါက်ကွဲခဲ့အတွက် အနီးမှာရှိတဲ့ စစ်ရှောင်အိမ်ထောင်စု ၁၀ ကျော်နေထိုင်တဲ့ စစ်ရှောင်စခန်း နေရာ ၂ ခု တစ်စ စီပျက်စီးသွားပြီး စစ်ရှောင်ပြည်သူ ၂၇ ယောက်ဟာ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

မုန့်လိုင်ခက်မှာ စစ်ကောင်စီ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသွားတဲ့ စစ်ရှောင်ပြည်သူများ Photo – Simsa Kasa Multimedia

စစ်ရှောင်လူဦးရေ ၃၀ ကျော်လောက်ရှိတဲ့ထဲကနေ ၆ ယောက်သာ လွတ်မြောက်နိုင်ခဲ့ပြီး လွတ်မြောက်လာနိုင်တဲ့ ၆ ယောက်မှာလည်း ဒဏ်ရာပြင်းထန်တဲ့အတွက် လက်ရှိမှာ ဆေးကုသခံယူနေရတယ်လို့ သိရပါတယ်။

သေဆုံးခဲ့သော စစ်ရှောင် ၂၇ ဦးထဲမှာ နို့စို့ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ အသက် ၁၀ နှစ်အောက် ကလေးသူငယ်တွေ၊ အမျိုးသမီးတွေက အများဆုံးပါဝင်တယ်လို့ သိရပါတယ်။

မုန်လိုင်ခက်ဗုံးကျဲ တိုက်ခိုက်ခံရမှုမှာ သေဆုံးသွားသော ကလေးငယ်။ ၂၀၂၃ အောက်တိုဘာလ ၁၀ ရက် (Photo-Citizen Journalist)

ဒ့ါအပြင် စစ်ရှောင်စခန်း အနီးပတ်ဝန်းကျင်နဲ့ မုန်လိုင်ဂိတ်အနားနေထိုင်တဲ့ အရပ်သားပြည်သူ ၂၀ ဝန်းကျင်လောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။

“အလောင်းတွေကတော့ မနေ့ကနေ ရှာတာ ဒီမနက်အထိ ရှာနေဆဲဖြစ်တယ်။ သေဆုံးတဲ့သူတွေက အခုချိန်အထိ ၂၇ ယောက်တွေ့တယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေနဲ့ ပေါင်းရင်တော့ ၅၀ လောက်ရှိမယ် ဆေးရုံမှာ စားရင်းကောက်နေဆဲဖြစ်ပါတယ်”လို့ ပြောပါတယ်။

မုန်လိုင်ခက်ကျေးရွာဟာ လိုင်ဇာမြို့နဲ့ ၂ မိုင်ခန့်၊ လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ နမ်ဆန်ယန်ကျေးရွာနဲ့ ၁၀ မိုင်ခန့်အကွာမှာ တည်ရှိပါတယ်။

မြေပြင်အနေအထားအရ ကျယ်ပြန့်တဲ့ မြေနေရာဖြစ်တာကြောင့် စစ်တပ်ဘက်က လိုင်ဇာဘက်ကို လက်နက်ကြီးနဲ့ပစ်တိုင်း ကျရောက်ပေါက်ကွဲလွယ်တဲ့ နေရာလည်းဖြစ်ပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရတဲ့ မုန်လိုင်ခက်ရွာ Photo – Simsa Kasa Multimedia

အဲဒီ မုန်လိုင်ခက်မှာနေထိုင်တဲ့ စစ်ရှောင်နေသူတွေဟာ ၂၀၁၄ ခုနှစ် ဝေကြိုင်ကနေ မုန်လိုင်ခက်မှာ ပြောင်းရွှေ့နေထိုင်သူတွေဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ဘေးရှောင် မိသားစုအများပိုင်းဟာ မုန်လိုင်ခက်ကနေ လိုင်ဇာမြို့တွင်း ဝေကြိုင် ရပ်ကွက်ဘက်ကို ပြောင်းရွေ့ခဲ့ပါတယ်။

ဒါပေမယ့် ပြောင်းရွှေ့ဖို့ခက်ခဲတဲ့ မိသားစုအနည်းငယ်နဲ့ ပြောင်းရွှေ့သွားပြီဖြစ်တဲ့ မိသားစုဝင်တွေထဲက လူလတ်ပိုင်းတစ်ချို့ နေထိုင်နေကြဆဲဖြစ်ပြီး မနေ့ည ပစ်ခတ်ခံရသူတွေဟာ ကျန်နေတဲ့စစ်ရှောင်တွေ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ အရပ်သားပြည်သူကို ပစ်မှတ်ထားပြီး လာရောက်ပစ်ခတ်တာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

မနေ့ည စစ်ကောင်စီတပ် အသုံးပြုခဲ့တဲ့ ဗုံးအမျိုးအစားမှာ ယခင်အသုံးပြုခဲ့တဲ့ ပုံစံမျိုးနဲ့မတူဘဲ ဗုံးကျရောက်ပေါက်ကွဲခဲ့တဲ့နေရာမှာ ၁၀ ပေ ကျော်လောက် အထဲကို နက်ဝင်ပေါက်ကွဲခဲ့ပါတယ်။

အရင်ကထက် အရွယ်အစား ပိုမိုကြီးမားတဲ့ လေယာဉ်ဗုံးနဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံပြည်သူတွေရဲ့ နေအိမ် ၅၀ လောက်ထိခိုက်ပျက်စီးသွားပြီး စစ်ရှောင်ပြည်သူ ၂၇ ယောက် သေဆုံးမှုရှိခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ အောက်တိုဘာ ၂၄ ရက်နေ့မှာလည်း ဖားကန့် ဒေသ KIA တပ်မဟာ ၉ အနန့်ပါ နေရာကို စစ်ကောင်စီတပ် ဗုံးကျဲတိုက်ခိုက်ခဲ့အတွက် အရပ်သားပြည်သူ ၆၀ ကျော် သေဆုံးမှုရှိခဲ့ပြီးအနန့်ပါ ဗုံးကျဲတိုက်ခိုက်ခံရတဲ့ ၁ နှစ်ပြည့်မှာအခုလို ထပ်မံတိုက်ခိုက်ခံရတာလည်း ဖြစ်ပါတယ်။

Show More

Related Articles

Back to top button